တီးမယ်

Wednesday, August 10, 2011

ဘာသာပြန်

poet, poetry, literature, film and reviews.

Category Archives: ကဗျာ

မြကန်သာ ရေအလျဉ်ထဲ ရှိနိုးဆိုတော့လည်း ခက်တာပဲ

0
Filed under ကဗျာ
Oil on polipropilene by Ricardo Camacho
_______________________________________________________________________
မနက်ဖြန်အကြောင်း ခင်ဗျား ဘာတွေးလဲ
မနက်စီ ညစီ ပဲကြီးလှော်ဝါးသလို ၀ါးထားရတဲ့
ပဋိဇီဝတွေ
ပျက်ယွင်းမှုတွေပဲ
ခင်ခင်ပျိုက ကလီရှေးဆန်တယ်
မိန်းမတစ်ယောက်တည်းကို တမ်းတနေတဲ့ ယောက်ျားဆိုတာ
မိုက်မဲတာပဲ
တကယ်ဆို မှောင်နေတဲ့ အခန်းတွေ
ဒါတွေလည်း အက်ကြောင်းထပ်လို့
ခင်ဗျား ကဗျာတွေထဲ တွေ့ရတာ စိတ်ကုန်တယ်
တိတ်ဆိတ်နေတာတွေ
မိုးရေတွေက တပြောက်ပြောက်ကျနေတာတွေ
အကောင်းက တစ်ခုမှ မလာတော့သလို
လုံးလုံးမျှကို စိတ်ဖောက်ပြန်နေတာတွေ
ကုန်ပြီ
ဘာများ ထပ်ပြောချင်သေးလို့လဲ
အဟောင်းအမြင်းတွေကြားထဲ
ပုပ်သိုးနေတာတွေပဲ
လွတ်မြောက်မှုဆိုတာ ဇာဘုရင်ခေတ်မှာ ကျန်ခဲ့ပါပြီ
ဒီတစ်ခါ နောက်ဆုံးဆိုရင်
အဲတာ ပြန်စတာပဲ။
တောကျောင်းဆရာ
ဇူလိုင်၊ ၂၀၁၁။
 

အခုမှ စ ၊ နောင်မှ စ ၊ အမြဲတမ်း ပြန်ပြန် စ နေရတဲ့…

2
Filed under ကဗျာ
Souhed Nemlaghi, Exposition "Pain Couture by Jean-Paul Gaultier", Paris, Fondation Cartier

_______________________________________________________________________ ပေါ့ပေါ့ပါးပါးပဲ
သာမန်ပဲ၊ သာမန်ကာ လျှံကာပဲ
တော်ရုံတန်ရုံပဲ၊ အမှန်အကန်ပဲ၊ လေဖမ်း ဒန်းစီးတာပဲ
ပြောပြီးသားတွေ ထပ်ထပ်ပြီး ပြောနေတာပဲ
ပေးပြီးသား ကတိဟာ ထွက်ပြီးသား ဆင်စွယ်ပဲ၊ ဖြတ်ရောင်းချင် ရောင်းဖို့ပဲ
ဟာသအသစ်တွေ ဘောင်မဝင်သေးလို့ ဟာသအဟောင်းတွေ ဘောင်ထဲက ထွက်မရသေးတာပဲ
အကွက်သဘော မဆောင်ရင် မျဉ်းသဘော ဆောင်တာပဲ
နှစ်ခုအနက်တစ်ခုကို ရွေးတယ်ဆိုရင် ကျန်တစ်ခုကို ပယ်လိုက်တာနဲ့ အတူတူပဲ
အဲဒီတော့ ခက်တော့ ခက်တာပဲ
အဖြေမှန်ကို မရမချင်း ရိုက်နှက် စစ်ဆေးကြသည် ဆိုတာမျိုးပဲ
ဟိုလူပြောသလို တော်လှန်ရေးဟာ ဖရဲသီးကို ထက်ခြမ်း ခွဲလိုက်တာဆိုပဲ
မသန်စွမ်းပြေးပွဲမှာ ကိုယ်က ချန်ပီယံဆုကို မျှော်မှန်းတာမျိုးပဲ
အကြည့်ချင်းဆုံရာက စတင် ချစ်မိသွားတာပဲ
စတင် ချစ်မိသွားပြီးတဲ့နောက် အကြည့်ချင်း ဆုံဖို့အတွက် အချိန် လုရတော့တာပဲ
သင်ခန်းစာလေးတွေ ကျော်ပြီးရင် ပင်မ သင်ခန်းစာထဲမှာတော့ ထပ်ထပ် ကျော့နေတုန်းပဲ
ဆိုလိုတာက ပေါလော မျောနေတဲ့အခါ တဝဲလည်လည်ပဲ
ကိုယ့်လူက ရယ်ဒီကယ်လက်သစ်ပဲ
အစွန်းရောက်တော့ အရောက်စောတာပဲ
အလယ်လူဆိုတော့ လူလည်ပဲ
ပြတ်ပြတ်ပြောလို့မရတော့ ဖတ်ဖတ် မောတာပဲ
အဖြေတွေ့ပေမယ့်လည်း တွေ့တဲ့ အဖြေက တစ်ခါသုံးပဲ
ကလေးကကြီးရင် ကလေးကြီးပဲ
ကလေးကြီးက မိန့်ခွန်းပြောတော့ သူပြောတာက ကလေးကြိုက်ပဲ
လူတွေအားလုံး ငွေနောက် လိုက်ကြတာပဲ
လူတွေအားလုံး ရာသီစာနောက် လိုက်ကြတာပဲ
လူတွေအားလုံး မျက်စိနဲ့မြင်ရတာတွေနောက် လိုက်ကြတာပဲ
လူတွေအားလုံး လူတွေအားလုံးနောက် လိုက်ကြတာပဲ
လူတွေအားလုံး ဘာမဆိုနောက် လျှောက်လိုက်တာပဲ
ဘာရယ် ညာရယ် မဟုတ် ဟေးလား ဝါးလား ပွဲကျသွားရင် ပြီးတာပဲ
နဂိုကတည်းက ရူးပြီးသား သွက်သွက်ခါသွားရင် နားအေးတာပဲ
အရူး စကားပြော၊ အရူး ကွက်နင်း၊ အရူးကတော့ သူ့ကိုယ်သူ နပိုလီယန်ပဲ
နုတ်ခမ်းပဲ့ချင်း မီးမှုတ်၊ သူတောင်းစားချင်း ခွက်စောင်းခုတ်ကြရမှာ ဓမ္မတာပဲ
မင်းမိုက်ရင် ငါ့အဖက်ကို ခြေထောက်နဲ့ ဝင်နင်းကြည့်စမ်းတွေ ဘာတွေပဲ
ပယ်နယ်တီ ဧရိယာအတွင်းက မာယာများသော ကစားသမား သက်သက်ပဲ
သက်သက် ဆိုပေမယ့် သူ့ခမျာ သက်တောင့် သက်သာပဲ
အေးအေး လူလူပဲ၊ ရောကော သောကောပဲ၊ ကိုယ်လည်းမင်းလို လိုတာမရ ရတာမလို
ဒီနေ့ပြောသမျှ စကား အပိုတွေချည်းပဲ ။
နေဝိုင်ဝိုင်
 

ခင်ခင်ပျိုကို စောင်ခဲ့သူ

0
Filed under ကဗျာ, စာညွှန်း

_______________________________________________________________________
အောင်ချိမ့်ရဲ့ ကဗျာတွဲ စာအုပ်ငယ်။ ၂၀၁၁ခု၊ မေ။ ကဗျာအပုဒ် ၂၀ တိတိ။ ထွက်လာ လိမ့်မယ်လို့ မထင်ခဲ့။ ထွက်လာတော့လည်း သိပ်ပြီး တောင့်တောင့်တတ မဖြစ်မိ။ ဖတ်မြဲ ဖတ် လျက် စာအုပ်တွေလို။ ဒီကဗျာစာအုပ်ကို ၀တ်ကျေတန်းကျေ မျက်စိကစားခဲ့ရုံသာ ဖတ်ခဲ့။  ဖတ်ရုံသာ ဖတ်ရင် ၅ မိနစ်တောင် မကြာ။ စကားစပ်တွေ ရှာကြည့်တယ်။ မိနစ် သုံး ဆယ်။ သေသေချာချာ တစ်နာရီသာသာ။ ပြီးဆုံးသွားခဲ့။ ဘာမှမထူးပါဘူး။
အောင်ချိမ့်ဟာ အောင်ချိမ့်ပါပဲ။
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
တစ်ရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိမ်ညှစ်လှမ်းထားတဲ့ အ၀တ်လို
ပျောက်ဆုံးသော အရာလို
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
ကိုယ်ကသာ ပြောစရာရှိပြီး
သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။
“ခင်ခင်ပျိုရေ စောင့်ခဲ့တယ်” ။ ဒီကဗျာတွဲတွေကို အောင်ချိမ့် ရေးခဲ့တာ ကြာခဲ့ပြီ ထင်ပါတယ်။ သူ့ အမှာစာမှာလည်း ထည့်ပြော ထားပါတယ်။ လတ်လတ်ဆတ်ဆတ် အခုချိန်မှ ရေးထားတဲ့ ကဗျာတွေတော့ မဟုတ်ဘူး။ ကောင်းသည် မပြောလို၊ မကောင်းသည် မပြောလို။ သူ့အမှာ မှာ ရေးထားခဲ့သလို နုပျိုမှုရဲ့ အသံပြုမှုကိုလည်း တွေ့ရတယ်။ ဂန္တ၀င်မမလိုတော့ မဟုတ်။ ခင်ခင်ပျိုရေ ကဗျာတွဲက စိတ္တဇမဆန်ခဲ့ဘူး။ မရူးမိုက်ခဲ့ဘူး။ ဂန္တ၀င်မမမှာတော့ စိတ္တဇ ဆန်တာ၊ ရူးမိုက်တာတွေ တွေ့ခဲ့ရတယ်။ ဂန္တ၀င်မမက ဇာတ်ရှိန် တက်ခြင်းကို ကိုယ်စားပြုတယ် ဆိုရင် ခင်ခင်ပျိုက ဇာတ်ကားပြီးလို့အိမ်ပြန်ချိန် အမှောင်ထဲမှာ လွင့်နေတဲ့ အတွေး နောက်  ကောက်
ကောက်ပါနေတယ်။
အောင်ချိမ့်ရေးခဲ့တဲ့ အမှာ။
စောင့်ရခြင်း
ကျွန်တော်တို့ ဘတ်စ်ကား စောင့်ကြတယ်။ မီးရထား စောင့်ကြတယ်။ အချိန်ကို စောင့်ကြတယ်။ ဖြစ်ခြင်း ပျက်ခြင်းကို စောင့်ကြတယ်။
ကျွန်တော် ခင်ခင်ပျိုကို စောင့်ခဲ့တယ်။
ကျွန်တော့် ခင်ခင်ပျိုဟာ စိတ္တဇနာမ်ဖြစ်သလို ကိုယ်ပိုင်နာမ်လည်း
ဖြစ်တယ်။
လုံးလုံးပြီးခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ နှစ်များစွာ အစပ်အဟပ် လွဲနေခဲ့ရာ
“ပစ်ရမှာလည်း ဆီနဲ့ တ၀င်းဝင်း၊ စားရမှာလည်း သဲနဲ့ တရှပ်ရှပ်” ဆိုသလိုပါပဲ။ တစ်နှစ်မှာတော့ မိနစ်ပိုင်းအတွင်း နေရာကျ ပြီးစီးခဲ့ပါတယ်။ ခင်ခင်ပျိုပေါ့။
ခုတော့ ကဗျာလုံးချင်း တစ်အုပ်သို့ တိုင်ခဲ့ပါပြီ။
ပြောရရင် အဲဒီ “ခင်ခင်ပျိုရေ” ဆိုတဲ့ အသံမှာ စာသားလိုက်
ထည့်နေရသလို ရှိခဲ့တယ်။ ဒီကဗျာတွဲ ရခဲ့တယ်။
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်။
မိမိနှလုံးပြင်မှာ စွဲလန်းမှုအရောင်များမှ နုပျိုမှုရဲ့ အသံပြုမှု ဖြစ်ပါတယ်။
ဆက်စပ်သတိရလို့ နိုင်ငံခြားကဗျာ ၄၊ ၅၊ ၆ ကြောင်းကိုလည်း
ကူးယူဖော်ပြလိုပါတယ်။
ကဗျာဆရာက “ယက်ဖတူရှင်ကို”
ကဗျာက “စောင့်ရခြင်း”
ကျွန်တော့် အပိုလက်ဆောင်ပေါ့လေ။
ငါ့ ချစ်သူ လာလိမ့်မယ်
လက်ကလေးတွေ ဆန့်တန်း ဖွင့်လှစ်လိုက်ကာ
ငါ့ကို ဖက်သိုင်းလိမ့်မယ်
ငါ့ ကြောက်စိတ်များကို နားလည်မယ်၊
ငါ့ အပြောင်းအလဲတွေကို လေ့လာလိမ့်မယ်။
သွန်းချလာတဲ့ အမှောင်ထဲကနေ၊ ပိန်းပိတ်မှောင်နေတဲ့
ညထဲကနေ
တက္ကစီတံခါးကိုတောင် ဆောင့်မပိတ်အားတော့ဘဲ
အပြေးကလေး တက်လာမယ်။
မေတ္တာရယ်၊ မေတ္တာရဲ့ ချမ်းမြေ့မှုရယ်နဲ့ လောင်ကျွမ်း
လို့ပဲ။
………………………………………………………….
………………………………………………………….
လေးစားစွာဖြင့်
အောင်ချိမ့်
၂၀-၁၀-၂၀၁၀
အောင်ချိမ့်ဟာ သူ့ကဗျာအလုပ် သူလုပ်ပါတယ်။ ၇၀ကျော်က အောင်ချိမ့်နဲ့ ဒီကနေ့ အောင်ချိမ့် အတူတူပါပဲ။ အသက်ကြီးလာတာက လွဲရင် အောင်ချိမ့်က အောင်ချိမ့်ပဲ ဖြစ်တယ်။ အောင်ချိမ့် ဟာ အောင်ချိမ့်ပဲ ဖြစ်နေခဲ့တာက သူ့အလုပ်သူလုပ်ခဲ့လို့ပါ။ ပြောင်းမသွားဘူး။  ပြောင်းရင်    တောင် ပျက်သွားနိုင်တယ်။ မပြောင်းတဲ့အတွက် အကောင်းကျန်တယ်။ ကဗျာတစ်ပုဒ် ဖတ်လိုက်။ ဒါဟာ အောင်ချိမ့်ပဲဆိုတာ အခုထိ တန်းသိနေရတုန်း။
ခင်ခင်ပျိုရေ ကဗျာတစ်ပုဒ်
အကောင်းတွေချည်း ကွက်ရေးဖို့
ငါ ဒီစာမျက်နှာမှာ စဉ်းစားခဲ့တယ်။
ငါ ရေးနေတာတွေ မကောင်းတွေမို့လား
ငါ စဉ်းစားခဲ့တယ်။
အဲသလိုနဲ့ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
အောင်ချိမ့်ဟာ ရိုးသားတယ်လို့ပဲ မြင်တယ်။ သွေးဆုံးပြီး အမျိုးသမီး တစ်ဦး၊ သွေးဆုံးပြီးကာမှ ကလေးလိုချင်သလို ဖြစ်နေတဲ့ ပုံစံမျိုး၊ ဒီပုံစံမျိုးနဲ့ အောင်ချိမ့်ဟာ ကဗျာတွေ ရေးနေခဲ့တယ် ဆိုရင်တောင်မှ အောင်ချိမ့်ရဲ့ ကဗျာတွေမှာ အရိုးခံစိတ်ပါတာတွေ တွေ့ရတယ်။ အောင်ချိမ့် ကဗျာတွေ ကောင်းချင်မှ ကောင်းမယ်၊ မကောင်းချင်လည်း မကောင်းတော့ဘူး။ ဒါတွေဟာ အရေးမကြီးတော့ပါဘူး။ အောင်ချိမ့်ဟာ အောင်ချိမ့် ဖြစ်နေတုန်းပဲ ဆိုတာတစ်ခုကို ခံစား မိရုံနဲ့ အောင်ချိမ့်ကဗျာတွေကို ဖတ်ရတာ တန်ပါတယ်။
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့ရ
ယနေ့ အမှား ဘယ်နှခုဟု
ယနေ့ အမှန် ဘယ်နှခုဟု
ဂရို့ချိုးခဲ့သလို
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
ငါစောင့်ခဲ့ရ …
ငါ စောင့်ခဲ့ရ။
ငါ့ အဖြေကို ငါ စောင့်ခဲ့ရ
ငါ့ စာရင်းကို ငါ စောင့်ခဲ့ရ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့ရ။
အောင်ချိမ့်ဟာ ကဗျာပဲ ရေးပါတယ်။ ကဗျာရေးခြင်းတစ်ခုပဲ သူလုပ်တတ်ပါတယ်။ ကျော်သူ တစ်ချို့ အကြောင်း Mandalay Icon မှာရေးနေတာတော့ တွေ့ရပါတယ်။ လျှပ်တပြက်မှာ အခန်းဆက် ကဗျာ။ မဂ္ဂဇင်းတစ်ချို့က ကဗျာ။ ကလေးဗိုလ်လုပ်ဖို့၊ ကဗျာ စတန့်ထွင်ဖို့၊ ကဗျာ သြဇာထူထောင်ဖို့၊ ကဗျာ့ ကွက်စိတ်ဆရာလုပ်ဖို့၊ ကဗျာ့ ခေါင်းဆောင်ခံယူဖို့၊ မစဉ်းစားခဲ့ (အခိုက်အတန့် အနည်းငယ် စဉ်းစားခဲ့ပုံရခဲ့ပေမယ့် လုံးလုံးလျားလျား လုပ်ခဲ့ပုံတော့ မပေါ်) တာကို သတိထားမိပါတယ်။
ခင်ခင်ပျိုရေ ချောင်းကြည့်ပေါက်ကလေး
မလိုလို့လည်း မရ
လိုလိုလည်း မရ
အနုပညာနဲ့ နေ့စဉ် ငါ နေခဲ့သလို။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
ပလက်ဖောင်း အကျယ်ကြီးနဲ့ ငါတို့ မြို့ရဲ့ လမ်း
မရှိတော့ပြီ။
ကုက္ကိုပင် အကြီးကြီးတွေ
မရှိတော့ပြီ။
ချောင်းကြည့်ပေါက်ကလေးတစ်ပေါက်ရှိတဲ့ အထပ်ခိုးလေး
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။
ပြိုင်တူ ကတုန်ကယင် ဖြစ်ရတဲ့ အသက်အရွယ်
မရှိတော့ပြီ။
ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျိုရေ ကဗျာတွဲမှာ ကဗျာတွေကို မင်းဇော်ရဲ့ ပန်းချီကားတွေနဲ့ ချိတ်ဆက်ခဲ့တယ်။ မောင် သာနိုး က အင်္ဂလိပ်လို ဘာသာပြန်တယ်။ စိတ်ကူးချိုချိုက ထုတ်တယ်။ တန်ဖိုး ၁၀၀၀ ဆိုတာ များလှတဲ့ ဈေးမဟုတ်ပါဘူး။ ဒီကဗျာစာအုပ်ကို ဖတ်ရင်းကနေ ဇွန်လ ၂၆ရက်ထုတ် မော်နီတာ ဂျာနယ် မျက်နှာဖုံးမှာ ရေးခဲ့တဲ့ အောင်ချိမ့်ကဗျာကို သတိရမိပါတယ်။
အခြားကဗျာဆရာ တစ်ယောက်သို့
ဝမ်းနည်းဖွယ်ရာတွေ တွေ့တော့
စာမျက်နှာကျော်ပြီး လှန်ခဲ့တယ်။
သူတို့က လိုအပ်လို့
ငါတို့က မလိုအပ်လို့
ဖြစ်ခဲ့မယ်၊ ပျက်ခဲ့မယ်၊ ခြားခဲ့မယ်၊ ခံစားရမယ်
ငါတို့မှာ ငြင်းလို့မရ။
ငယ်ရွယ်ချင်တယ်
ငယ်ရွယ်ချင်လို့ မရတော့ဘူး မဟုတ်လား။
အချစ်ရေးဆိုတာမျိုး
ရှုပ်ထွေးလို့ ရနိုင်သေးလို့လား။
ဒီစာမျက်နှာမှာ ပျော်စရာတွေ
ထားခဲ့ချင်သလို
ဒီစာမျက်နှာပေါ်မှာ ငါဟာ အကောင်းများများ
မထားခဲ့နိုင်ဘူးဆိုတာ
အခု၊ ဖတ်နေရပြီ
ဖတ်နေရပြီ မဟုတ်လား။
လူတစ်ယောက်ဟာ လူတစ်ယောက်အကြောင်း
ငါဟာ ဒီ့ထက်ကောင်းအောင် မရေးနိုင်ပါဘူး။
ပိုကောင်းအောင်
အခြား ကဗျာဆရာများ ဆက်ရေးကြပါလိမ့်မယ်။
ကောင်းပါစေ
ပိုကောင်းပါစေ။
အောင်ချိမ့်
ဒီနေ့မှာပဲ အာရုံသောက်ခြင်းကို ကြုံခဲ့တယ်။ ဒီနေ့မှာပဲ နေထွက်ခြင်းကို ကြည့်ခဲ့တယ်။ ဒီနေ့မှာပဲ နေမြင့်တာကို တွေ့ခဲ့ရတယ်။ ဒီနေ့မှာပဲ နေစောင်းတာကို မြင်ခဲ့ရတယ်။ ဒီနေ့မှာပဲ ညနေချိန်ကို ကျော်ခဲ့ရတယ်။ ဒီနေ့မှာပဲ ညဦးချိန်ကို ဖြတ်လျှောက်ခဲ့ရတယ်။ ဒီညမှာတော့၊ ဒီညမှာတော့၊ ဒီညဟာ နောက်ဘယ်တော့မှ မိုးမလင်းတဲ့ည၊ ဒီညဟာ နောက်ဘယ်တော့မှ မိုးလင်းတော့မှာ မဟုတ်တော့တဲ့ည။ မိုးလင်းတော့မှာ မဟုတ်တဲ့ ညထဲမှာ ဒီအတိုင်း ထိုင်နေခဲ့ ဖူးလား။ အောင်ချိမ့်ဟာ မိုးမလင်းတော့မယ့် ညတွေမှာ ရှိနေသူတစ်ဦးလို့ မြင်ပါတယ်။
တောကျောင်းဆရာ
 

တေးမြုံငှက်သို့ ဘယ်တော့မှ မမေ့ဘူး

4
Filed under ကဗျာ, စာပေ, ဆောင်းပါး
၂၀၁၁ခုနှစ်၊ ဇွန်လ ၅ရက်။ စတီယိုခေတ်ဦးရဲ့ သူရဲကောင်းတွေက တစ်ဦးဖြစ်တဲ့
တေးရေးဆရာ မောင်သစ်မင်း ထိုင်းနိုင်ငံ၊ ဆမ်မီတဝေ့ ဆေးရုံမှာ ဒီနေ့မနက်ပိုင်းမှာပဲ ကွယ်လွန်ပါတယ်။ ဇွန်လ ၆ရက်နေ့က သူ့အသက် ၅၈နှစ် ပြည့်မယ့် မွေးနေ့ပါ။
စိတ်မကောင်း ဖြစ်မိပါတယ်။ မြန်မာ စတီရီယိုဂီတသမိုင်းကို ပြောရင် ချန်လှပ်ထားလို့
မရတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် အမှတ်တရဖြစ်စေဖို့ ပုံဖော်လိုက်ပါတယ်။
Moveable Group
တေးရေးမောင်သစ်မင်း ကွယ်လွန်ကြောင်း သတင်း (From: Eleven)
_______________________________________________________________________
သီချင်းရေးဆရာများ ကလပ် (MCLC) ရုံးခန်း ဖွင့်ပွဲ့နေ့မှာ တွေ့ရတဲ့ မောင်သစ်မင်း။
_______________________________________________________________________

ဘယ်တော့မှ မမေ့ဘူး


“ ငါရောက်ခဲ့ရာ ဒီအခန်းထဲ
သုံညများနဲ့မွန်းကြပ်နေပြီ။
လူလောကဆိုတာ အခန်းတခန်းပဲ။
ကြည့်စမ်း။”
ရှိနေခြင်းဟာ ပျက်နေဆဲ … ဖြစ်တည်ရင်း ကုန်ဆုံးဖို့ သင်္ခါရ သဘောပဲ မဟုတ်လား….။ ကျွန်တော် နေရတဲ့ အခန်းကျဉ်းလေးထဲမှာ မွန်းကြပ် ငြီးငွေ့မှု့တွေနဲ့ အတူ သြကာသ လောကကြီးကို ပြတင်းပေါက် သေးသေးလေးကနေ ငေးမောရင်း ဆရာ မောင်သစ်မင်းရဲ့ နတ္ထိအခန်းကို ပိုပီး နားလည်မိတယ်.. ။
အင်း…ဝင်လာခဲ့ပြီးမှတော့ ပြန်ထွက် သွားကြ ရမှာပဲလေ။ မှောင်သော ညတွေကို ဖြတ်ကျော် နေရင်း ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီး ကတော့ မျှော်တိုင်း ဝေးနေရဆဲပါ။ ချစ်ခြင်းတရား
အတွက် ဆင်းရဲ၊ ချမ်းသာမှုတွေ မလိုအပ်ပေမယ့် စားဝတ် နေရေးရဲ့ တွန်းအားကြောင့် ရေကြည်ရာ မျက်နုရာ မိသားစု တကွဲတပြား ဖြစ်နေတဲ့ ဘဝမှာ ကိုယ့်ကိုယ်ကို သမိုင်းကြောင်း ကောင်းဖို့ တခုခု လုပ်ခဲ့သလားလို့ စဉ်းစားမိတိုင်း လိပ်ပြာမသန့်မိပါဘူး။ မှောင်နေတာ သိပေ မယ့် မီးမထွန်း ပေးနိုင်ခဲ့ဘူး။ နာကြင်သူတွေကို လစ်လျူရှူ့ ခဲ့မိတယ်။ ဆာလောင်သူ ဆိုတာ ငါကိုယ်တိုင်ပဲ ဆိုတဲ့ အတွေးနဲ့ အတ္တတွေ များခဲ့ပြန်ရော။ သေချာ ပါတယ်။ အဆိပ်ပြင်းတဲ့ ချီးမွမ်းသံ၊ ကဲ့ရဲ့ သံတွေနဲ့ မွေ့လျော် နေတဲ့ ဘဝမှာ သုံညရှေ့က သုံညတွေ တိုးလာပြီး
ဘုရား ကြိုက်အောင် မနေနိုင် သေးတာ အမှန်ပဲ။
အချစ်နဲ့ မကင်းတဲ့ လူပြိန်း တယောက် ဖြစ်တဲ့အတွက် မလွန်ဆန်ဝံ့တဲ့ ချစ်သူရဲ့
အမိန့်တွေလဲ ပျော်နေခဲ့တာပဲ။ ပညတ်တွေကို အစစ်လို့ယုံစား ခဲ့တာကိုး။ အဲဒီလိုနဲ့ ဟိုစဉ် အချိန်တွေကို တမ်းတ မက်မောရင်း ကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပီး တစ်က ပြန်စဖို့ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတယ်။ မဖြစ်နိုင်မှန်း သိတဲ့ အချိန်မှာ တချက်လေး စောင့်ငဲ့
ကြည့်ဖို့လဲ တောင်းပန် ခယခဲ့ ဖူးတယ်။ ကြင်နာမှုရဲ့ ပြောင်းပြန် နာကြင်မှုတွေကို ငိုနေတဲ့ မျက်ဝန်းတွေနဲ့ အတူ ရရှိခဲ့တာ မမေ့နိုင် သေးဘူး။ အားလုံး မှားယွင်း ရူးသွပ်ကြတဲ့ အချစ်ဒါဏ်ကို မရှောင်လွဲ နိုင်ခဲ့တာလဲ အဆန်း တကြယ်တော့ မဟုတ်ပါ ဘူးလေ။
အခုတော့ အများကြီး သိခဲ့ပြီ၊ တတ်ခဲ့ပြီပဲ။ ကြင်နာတာတွေ မလာခင် အမုန်းကလဲ
တိုက်စား တတ်တာကို။ စူးရှတဲ့ စိတ်ဒါဏ်ရာကို ဘယ်ရင်မှာ ငြိမ်းချမ်း အေးမြ
နားခွင့်မလဲ။ ရောင်ပြန်ဟပ်တဲ့ အချစ်ကို ရှာနေဆဲ။ တယောက်ထဲလား မေးတော့ ငါ တယောက်ထဲပါ။ ငွေတမတ်တောင် မရှိပဲ ငါကြင်းခေါင်း ကိုင်မိတဲ့ ဘဝမှာ
တခါတလေ လူတွေ တံတွေးခွက်ထဲ အလိုလို ရောက်နေပြန်ရော။ ယုံကြည်ချက်… ဒီယုံကြည်ချက် အတွက် ငါ လုပ်ခဲ့တယ် ဆိုတဲ့ အတွေးနဲ့ ငါသွားမယ် မတားနဲ့။ ပန်းခင်းလမ်းကို ရောက်ဖို့ အကြမ်းဆုံးလမ်းကို ရွေးရမယ်။ ရင်ဆိုင်ဖို့အတွက်
အကုန်လုံး အဆင်သင့်။
“အချိန် ရေစီးကြောင်း တသွင်သွင် စီးဆင်း၊
ငါတို့အားလုံး အမှတ်တမဲ့ လွန်မြောက်ခဲ့…..
တာဝန် တခုခုယူရန် ဆုံးဖြတ်ကြ။
ကိုယ်လွတ်ရုန်းတဲ့ စိတ်ဓာတ် ဖယ်ရှားပစ်။
မိတ်ဆွေ တခုခုကို ဆုံးဖြတ်လိုက်။”
ကိုယ်လွတ် ရုန်းတတ်တဲ့ ဆုံးဖြတ်ချက် မပြတ်သားတဲ့ ကျွန်တော်တို့စိတ်တွေကို
ဆဌမအာရုံနဲ့ များသိနေခဲ့တာလား။
“မြင်နိုင်ပါတယ်ဗျာ ယပ်တောင်လေးခပ်လို့
ငိုဟန်ဆောင်သူတွေမနည်းပါလား။
ကိုယ့်အလှည့်ပြန်ရောက်တော့
စဉ်းစားစရာပဲပေါ့။
ဘယ်သူတွေ ဟန်ဆောင်
ဒီလိုငိုမလဲ.….
လူလောကထဲမှာ ဧည့်သည်ပဲတဲ့။
ဒီယပ်တောင်လေး သံဝေဂတေး။
ရှက်ဖို့သိပ်ကောင်းလို့ စဉ်းစားကြည့်။
ယပ်ခပ်ရင်းနဲ့မေ့နေကြလား။ ”
သီချင်းဆိုတာ ချစ်ကြောင်း ကြိုက်ကြောင်း မေတ္တာဘွဲ့မှ မဟုတ်ဘဲ နေထိုင်မှု ဒဿန
အတွက် သတင်း အချက်အလက် တစ်စုံတရာ ပေးနိုင်အောင် ရေးလဲ ရတယ် ဆိုတာကို ဆရာပြခဲ့သော သီချင်း များစွာထဲက တပုဒ်ပါ။ ဆရာ့ အတွက်တော့ ဟန်ဆောင် ပန်ဆောင် မဟုတ်ပဲ တကယ်ငိုမယ့် သူတွေ အများကြီး ရှိမယ်လို့ယုံကြည်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက် ဒီဘက်ခေတ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဂုရုကြီးတွေ အိပ်ပျော်နေတုန်း ကတည်းက ဆရာက မြင်နေခဲ့ပြီး ပါပြီ။ ကမ္ဘာမြေ ဖျားနာ
နေတယ်တဲ့။
ကော်ပီနဲ့ကိုယ်ပိုင်သံစဉ် လေသေနတ် စစ်ပွဲ ဆရာတွေလဲ ဆရာ မောင်သစ်မင်းရဲ့ ကော်ပီ သီချင်းတွေကို နားထောင်ဖူးကြမယ် ထင်ပါတယ်။ ကော်ပီတိုင်းဟာ မူရင်းထက် ညံ့မယ်
ထင်တဲ့သူများ မီးပြတိုက်၊ တချက်လေး စောင့်ငဲ့ကြည့်ဦး၊ အချစ်ဒါဏ်၊ ရင်ဖွင့် ပြလိုက်
ချင်တယ်၊ သီချင်းများနဲ့လူ၊ ရဲရင့် ခံစား၊ ဇာတ်တော်ထဲမှာ အလွမ်းဆုံး အစရှိတဲ့ ဆရာ့ရဲ့
ကော်ပီ သီချင်းတွေ နားထောင်ပြီး အစွဲကင်းစွာနဲ့အကဲဖြတ် ကြည့်စေချင်ပါတယ်။
မိဘနဲ့ သားသမီး ဆွေးနွေး ညှိနှိုင်းဖို့လိုအပ်ကြောင်းကိုလဲ မေမေနဲ့ အပြင်းအထန်
ဆွေးနွေးခြင်း ဆိုတဲ့ သီချင်းနဲ့ လမ်းဖွင့် ပေးခဲ့ပါတယ်။ မိဘ မေတ္တာဘွဲ့သီချင်းတွေ
ထဲကနေ ခွဲထွက်လာပီး ခေတ်ရဲ့ တောင်းဆိုမှုကို ထင်ဟပ်စေတဲ့ သီချင်းတပုဒ်ပါ။
ဒီကမ္ဘာကို အကြင်နာပိုခဲ့တဲ့ သီချင်းများနဲ့လူ ကို ဂါရဝတရားနဲ့ အတူ ဦးညွတ်မိပါတယ်။ ဆရာ့လို တေးရေးဆရာများ ကျွန်တော်တို့နိုင်ငံမှာ ထပ်မံပေါ်ပေါက်နိုင်ပါစေ။
ဘယ်တော့မှ မမေ့ဘူး ဆရာရေ။
ဆရာမောင်သစ်မင်း ရေးခဲ့သော သီချင်းများ (Download Links)
၁) အဓိပ္ပါယ်ရှိသောလူ-ကျော်ဟိန်း
၂) စင်ပေါ်ကသီချင်းများ-ကျော်ဟိန်း
၃) တေးမြုံငှက်နှစ်ငါးဆယ်-၁
၎) တေးမြုံငှက်နှစ်ငါးဆယ်-၂
၅) ကမ္ဘာသစ်-၁
၆) ကမ္ဘာသစ်-၂
ဝေလင်း
_______________________________________________________________________

ငှက်ကလေးများ ကျန်ရစ်ခဲ့ပြီ

ကိုသစ်မင်းနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီး ရှိကြမှာပဲ။ ဒီဘက် ဆယ်စုနှစ်ထဲ ရောက်မှ သူနဲ့ ပတ်သက်ရင်းနှီးဖြစ်တယ်။ သီချင်းရေးဆရာ အနေနဲ့ မဟုတ်။
ကဗျာဆရာ တစ်ဦး၊ မသိတာရှိရင် မေးစရာ မိတ်ဆွေအစ်ကို တစ်ဦးအနေနဲ့။
သူက ကျွန်တော့်ထက် အသက် ထက်ဝက်ကျော် ကြီးတယ်။
အသက် ၂၀ကျော်နဲ့ ကိုယ်ပိုင် ခေတ် ထူထောင်နိုင်တဲ့ မျိုးဆက်တွေထဲမှာ သူလည်း
တစ်ဦး အပါအ၀င်ပဲ။ သူ့အသက် ၂၄နှစ်၊ ၁၉၇၇ခုနှစ်မှာ တေးမြုံငှက် ထွက်လာတယ်။ ဗညားသီဟ (ဒဂုန်တာရာ) ရဲ့ စာပေ စစ်တမ်း မှာတော့ ဒီဝတ္ထုက အတ္တနော မတိ
များတယ်လို့ ဆိုတယ်။ လူငယ်ရဲ့ သွေးတွေ ဆူဝေ နေရောပေါ့။ ဒီဝထ္ထု မတိုင်ခင်
အချိန်မှာ လုံးချင်း လေးအုပ် ရေးထားခဲ့ သေးတယ်။ အရှေ့ နေထွက် အနောက် နေ၀င်၊ မပြောကောင်းတဲ့ အကြောင်းလေး တစ်ခု၊ ဖက်ထားစမ်းပါ အချစ် ကလေးရယ် ၊
နောက်ပြီးတော့ ထွက်ခဲ့လား မထွက်ခဲ့လား မသေချာတဲ့ ၀ထ္ထု မနက်ဖြန်သည်
အပြာရောင်။ ဒီစာအုပ်တွေ ဖြစ်ကြတယ်။ ငရဲ၌ သစ်ငုတ် ဖြစ်စေသတည်း
ကတော့ မဆလ ဆရာဝန်တွေရဲ့ ဘ၀။ အစ်ကို ဖြစ်သူ (အခုတော့ အင်္ဂလန်မှာ
အငြိမ်းစားဆရာဝန်ကြီး) ရဲ့ ဘ၀ အတွေ့အကြုံက ရလာတဲ့ စာသားတွေ။
ဒါတွေဟာ အောင်မြင်တဲ့ သီချင်းရေးဆရာ မဖြစ်ခင် သူ့ဘ၀ရဲ့ မှတ်တိုင်တွေပါ။
နောက်ပြီး သူက ကဗျာဆရာလည်း ဖြစ်တယ်။ သုံးယောက် ကောင်းကင်
ကဗျာ စာအုပ်က အခုချိန် ပြန်ဖတ်လည်း လက်က ချနိုင်သေးတာ မဟုတ်ဘူး။
ဘာသာပြန်တွေ ဆိုပေမယ့် ထောက်မနေ၊ အသက်ပါလှတယ်။ ကဗျာတွေ လည်း
အများကြီး ရေးခဲ့တာပါပဲ။ သူမဆုံးခင် ရက်ပိုင်း အလိုကတောင် သူနောက်ဆုံး
ရေးထားတဲ့ ကဗျာ နှစ်ပုဒ်ကို ဖတ်ခဲ့ရသေးတယ်။ မျှော်လင့်ခြင်း အလင်းကဗျာက
စိတ်ကို နွမ်းလျစေပါတယ်။
မျှော်လင့်ခြင်း အလင်း
နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။
ကယ်မယ့်သူ မျှော်စောင့်ရင်းနဲ့
ပိန်းပိတ် မှောင်မဲ။
နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။
ဝတ်ဆံချွေ အဆိပ်ပိုးတွေက
ခေါက်တုန့် ရစ်ဝဲ။
နှင်းဆီလေး ဖျားနေတယ်
ဘယ်သူ ကယ်မှာလဲ။
ကောင်းကင်မှာ ကြယ်ကလေး
သူ့ကြယ်မှုန် ၀တ်ရည်ဆေးနဲ.
နှင်းဆီကို လန်းအောင်ဖြန်းပါလို့
ကုသ နေဆဲ။
မောင်သစ်မင်း
တစ်ဆက်တည်း သတိရမိတာက LMN အယ်ဘ်ဘမ်ထဲမှာ လေးဖြူ ဆိုခဲ့တဲ့
‘လမ်း’သီချင်းနဲ့ ပတ်သက်လို့ပါ။ ဒီသီချင်းကို ဘယ်လိုခံစားချက်နဲ့ ရေးလဲဆိုတာကို
ရှင်သန်နေသော သီချင်းများ အစီအစဉ်မှာ သူပြောခဲ့ဖူးပါတယ်။
“ကိုယ့် အမျိုးသမီး မဆုံးခင် သူ့ကို ရည်ညွှန်းပြီး ရေးတဲ့ သီချင်းကတော့ လေးဖြူရဲ့ လမ်းပါ။ အဲ့ဒီအချိန်မှာ သူက ဆေးရုံပေါ်မှာ ရောက်နေပြီ။ သူ့ကို အားပေးတဲ့ သီချင်းအနေနဲ့ ငါတို့ လမ်းမပျောက်ပါဘူး။ ငါတို့မှာ လမ်းရှိပါတယ်။ စိတ်မလျော့ပါနဲ့။ ငါတို့လမ်းကို တွေ့မှာပါလို့ စိတ်ကို တင်းထားနိုင်ဖို့ ရေးခဲ့တဲ့ သီချင်းပါ။ ဒီကံကြမ္မာဆိုးကြီးကနေ လွတ်မှာ ပါဆိုပြီး အားပေးတဲ့ သီချင်းလေးပါ။ ဒါပေမဲ့ ဒီကံကြမ္မာဆိုးကြီးက မလွတ်ခဲ့ပါဘူး”
အခုတော့ အားလုံး ပြီးသွားပါပြီ။ သေမှ မချီးကျူးကြနဲ့လို့ ကိုသစ်မင်းက သီချင်းထဲမှာ ထည့်ရေး ဖူးတယ်။ သူ့ရဲ့ သီချင်းတွေ ကျန်နေမှာပါ။ နောက်ပြီး သူ့အိမ်ဝန်းထဲမှာ ရှိနေပြီး၊ သူကိုယ်တိုင် တန်ဖိုးထားမွေးမြူထားတဲ့ အမျိုးအစားစုံ ငှက်ကလေးတွေက တေးမြုံငှက်ရဲ့ အိမ်အပြန်ကို ကြိုခွင့် မရတော့ပါဘူး။
တောကျောင်းဆရာ
_______________________________________________________________________
တေးရေး မောင်သစ်မင်း အမှတ်တရအနေနဲ့ သူ့ရဲ့ စာအုပ်မျက်နှာဖုံးတွေထဲက
တစ်ချို့နဲ့ စာအုပ်ကြော်ငြာတွေကို ပြန်တင်လိုက်ပါတယ်။ ဒီလိုတင်နိုင်ဖို့ ကူညီပေးခဲ့တဲ့
ကိုစိုင်းဝင်းမြင့်ကို ကျေးဇူးတင်ပါတယ်။
၁၉၇၇ခုနှစ်ထုတ် တေးမြုံငှက်ရဲ့ ရေခံမျက်နှာဖုံးပါ။ သိဒ္ဓတ္ထလှိုင် (သုခမိန်လှိုင်)က အမှာစာ ရေးပေးပါတယ်။
တေးမြုံငှက်နဲ့ ပတ်သက်လို့ မျက်နှာဖုံး ဖွင့်ဆိုချက်ပါ။ ပန်းချီဖေညွန့်ဝေက မျက်နှာဖုံးရေးဆွဲ ပေးပါတယ်။
တေးမြဲုငှက်ရဲ့ အဖွင့်စာမျက်နှာမှာ ပါခဲ့တဲ့ စပိန်ကဗျာဆရာ ဂါစီယာလော်ကာရဲ့ တေးသစ်များ ဖြစ်ပါတယ်။
တေးမြုံငှက်မှာ တွေ့ရမယ့် အစီအစဉ်တွေ ဖြစ်ပါတယ်။
၁၉၇၆ခုနှစ် မတိုင်ခင် မြန်မာ့ခေတ်ပြိုင် အနုပညာ ဖြစ်ထွန်းမှုကို တေးမြုံငှက်မှာ ဖော်ပြခဲ့တဲ့ ဂရပ်ဖ် ဖြစ်ပါတယ်။
တေးမြုံငှက် နောက်ကျောဖုံးမှာ ပါခဲ့တဲ့ မောင်သစ်မင်း ၀ထ္ထုသစ် မနက်ဖြန်သည် အပြာရောင် ကြော်ငြာ ဖြစ်ပါတယ်။ (ဒီဝထ္ထု ထွက်ခဲ့၊ မထွက်ခဲ့ မကျိန်းသေပါ)
၂၀၀၂ ခုနှစ်မှာ ဒုတိယအကြိမ် ထွက်လာတဲ့ တေးမြုံငှက် ဖြစ်ပါတယ်။ ပထမအကြိမ်က မှတ်သား ဖွယ်ရာများ ပါမလာတော့ပါ။
ငရဲ၌ သစ်ငုတ်ဖြစ်စေ ၀ထ္ထု မျက်နှာဖုံး (ကော်ပီ)
ငရဲ၌ သစ်ငုတ်ဖြစ်စေ ၀ထ္ထုအတွက် ကြော်ငြာ (ကော်ပီ)
ဖက်ထားစမ်းပါ အချစ်ရယ် ၀ထ္ထုမျက်နှာဖုံး (ကော်ပီ)
၁၉၈၇ခုနှစ်၊ စက်တင်ဘာလထဲမှာ ထွက်ခဲ့တဲ့ တေးရေး မောင်သစ်မင်း လက်ရွေးစင် တေးများ သီချင်းစာအုပ် မျက်နှာဖုံး ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ပါဝင်ခဲ့တဲ့ သီချင်းတွေကို အောက်မှာ ဖော်ပြ ထားပါတယ်။
_______________________________________________________________________
၁၉၈၇ခုနှစ်၊ စက်တင်ဘာလထဲမှာ ထွက်ခဲ့တဲ့ တေးရေးမောင်သစ်မင်း လက်ရွေးစင်တေးများ သီချင်းစာအုပ်မှာ ပါဝင်ခဲ့တဲ့ သီချင်းများ
၁) အချစ်ကျွန်း (မေဆွိ)
၂) မောင်ရေ သွား (မေဆွိ)
၃) အရင်လိုပဲ ပြန်ဖက်ထား (မေဆွိ)
၎) ကြယ်တံခွန် (မေဆွိ)
၅) သတ္တိရှိရှိ အသည်းကွဲခြင်း (မေဆွိ)
၆) ရေသူမလေး ပုံပြင် (အယ်လ်ခွန်းရီ)
၇) မိုးကောင်းကင်ခရီး (သန်းနိုင်၊ အယ်လ်ခွန်းရီ)
၈) လိမ္မော်သီး စားလို့ကောင်းတယ် (သန်းနိုင်)
၉) မင်းမမ မင်းသနားဦး (ပုလဲ)
၁၀) လျို့ဝှက်ချက်များစွာ (ကျော်ဟိန်း)
၁၂) မီးပြတိုက် (ကျော်ဟိန်း)
၁၃) ရေးနိုးမျက်လှည့် (မေခလာ)
၁၄) ချစ်သူ့မျက်ရည်များ (စောသိမ်းဝင်း)
၁၅) ဓာတ်ပြားဟောင်းတစ်ချပ် (အယ်လ်ခွန်းရီ)
၁၆) တစ်သက်လုံးအတွက် တစ်ဘလုံးအတွက် (စောသိမ်းဝင်း)
၁၇) သူ (အယ်လ်ခွန်းရီ)
၁၈) ကလီယိုပါထရာ (အယ်လ်ခွန်းရီ)
၁၉) လျှပ်စစ်ပွဲတော်ည (အယ်လ်ခွန်းရီ)
၂၀) မောင်မောင် မငိုဘူး ရင့်ကျက်မြဲ (အယ်လ်ခွန်းရီ၊ အော်စတင်)
၂၁) မေမေနဲ့ လာတွေ့ပါ (အယ်လ်ခွန်းရီ)
၂၂) ဘာတွေထားခဲ့မလဲ (ကျော်ဟိန်း)
၂၃) မင်းပေးတဲ့ ရေတစ်ခွက် (ကျော်ဟိန်း)
၂၄) ငယ်ငယ်တုန်းက မိုးကောင်းကင် (သန်းနိုင်)
၂၅) အထီးကျန်သမား၏ တမ်းချင်းတစ်ပုဒ် (စိုးပိုင်)
၂၆) ငန်းတို့ပျော်ရာ (ချိုင်ကော့စကီး… သို့) (ပုလဲ)
၂၇) ဆုမပန်လိုသော ယောက်ျား (စိုးပိုင်)
၂၈) သင်၏ သစ္စာ (သန်းနိုင်)
၂၉) လွမ်းအိပ်မက် ချစ်မျက်ရည် (သန်းနိုင်၊ အယ်လ်ခွန်းရီ)
၃၀) အချစ်ကို ပေးပါ (မေခလာ)
၃၁) အရေးပေါ် တယ်လီဖုန်း (မေခလာ)
၃၂) အချစ်ညရင်ခုန်သံ (စိုးပိုင်)
၃၃) စိတ်ကူးလေး ရွက်လွှင့်မယ် (စိုးပိုင်)
၃၄) ကိုယ်တွေ့မှတ်တမ်း (ကျော်ဟိန်း)
၃၅) ပျော်စရာသီချင်းနဲ့ ကကြမယ် (ကျော်ဟိန်း)
၃၆) ဧည့်ခန်းဆောင်မှ အသံများ (ကျော်ဟိန်း)
၃၇) စိတ်ကျအလွမ်း (ကျော်ဟိန်း)
၃၈) သွား… မယုံဘူး (ကျော်ဟိန်း)
၃၉) ပြဿနာ (ကျော်ဟိန်း)
၄၀) ကမ္ဘာသစ် (ကျော်ဟိန်း)
၄၁) အချစ်ဒဏ် (ကျော်ဟိန်း)
၄၂) ဘယ်တော့မှ မမေ့ဘူး (ကျော်ဟိန်း)
၄၃) စဉ်းစားကြ (ကျော်ဟိန်း)
၄၄) စကြာဝဠာထဲမှာ ကမ္ဘာ ကမ္ဘာထဲမှာ မင်းနဲ့ငါ (ကျော်ဟိန်း)
၄၅) တေးမြုံငှက် (ခိုင်ထူး)
၄၆) လူဟာလူပဲ (သန်းနိုင်)
၄၇) မိန်းမနဲ့ ယောက်ျား (သန်းနိုင်)
၄၈) ရောမကျောက်ရုပ် (အယ်လ်ခွန်းရီ)
၄၉) ကိုယ်အဖြူ သူအမည်း (သန်းနိုင်)
၅၀) တိမ်ပေါ်ခုန်တက် ကလိုက်စမ်း (အယ်လ်ခွန်းရီ)
၅၁) ၂၁ရာစုလူသား၏ သီချင်း (သန်းနိုင်)
၅၂) ပလပ်စတစ် အချစ် (သန်းနိုင်)
၅၃) အပြစ်အားလုံး ငါ့အပေါ် ပုံလိုက်တော့ (မွန်းအောင်)
၅၄) မျက်နှာသစ်ချိန် (မွန်းအောင်)
၅၅) အချစ်၏ လက်များဖြင့် (မွန်းအောင်)
၅၆) နားခိုရာ (မွန်းအောင်)
၅၇) ပန်းစိုက်သူတို့ ဝေဒနာ (မွန်းအောင်)
၅၈) သံယောဇဉ်ပြာစများ (ခင်မောင်တိုး)
၅၉) တံခါးဖွင့်ပေးပါ (ခင်မောင်တိုး)
 

ဆန့်ကျင်ကဗျာ

4
Filed under ကဗျာ
(scratching u-bahn berlin recorded by User:Nicor)
_______________________________________________________________________
- သိမှု မရေရာခြင်း၊ ရှိမှု မမြဲခြင်း၊ ဘာသာစကား မလောက်ငမှု (သို့) ပွယောင်းမှု
အဲဒါတွေနဲ့ စာမျက်နှာ အလွတ်ပေါ် စတင် ဆင်းသက်ရမှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- စီစစ်ရေးရဲ့ကတ်ကြေးအောက်၊ မဂ္ဂဇင်း အယ်ဒီတာတွေရဲ့ ပေတံကြား၊
ပင်မရေစီးရဲ့ အရှိန်အဟုန် အလည်မှာ ဆက်ရေးရမှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ပြည်သူချစ်ပြီး ကဗ္ဗည်းတင်အောင် ရေးရမလား၊ ဆုပေး စည်းမျဉ်းဝင်အောင် ရေးရမလား၊ အွန်လိုင်း ပရိသတ်ကြီးများ အကြိုက် ရေးရမလား၊ ဆဲရေး တိုင်းထွာ ဘလက် ကဗျာလို ရေးရမလား၊ ငါးပွက်ရာ ငါးစာချနည်းနဲ့ ရေးရမလား၊ ခါတော်မီ ဆူလွယ်နပ်လွယ်နည်းနဲ့ ရေးမလား၊ အဲဒါတွေ တွေဝေ အနှောက်အယှက် ရှိတာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ထင်းရှူးပင်ရိပ်ထဲကလို ရေးရမှာလား၊ တောမှော်ရုံလမ်းထဲကလို ရေးရမှာလား၊ ဂျပန်မော်ဒန်ကဗျာထဲကလို ရေးရမှာလား၊
ဆစ်လ်ဗီယာ ပလာ့သ်လို ရေးရမှာလား၊ ဆိုဗီယက် ရုရှားကဗျာများလို ရေးရမှာလား၊ အလှပဆုံး စကားလုံးထဲကလို ရေးရမှာလား၊ အနန္တကို မလိုချင်ဘူး ကြာသပတေးကို လိုချင်တယ် ထဲကလို ရေးရမှာလား၊ ဂျွန်အက်ရှ်ဘရီ နိဒါန်းထဲကလို ရေးရမှာလား၊ ချားဘန်းစတိုင်း အင်တာဗျူးထဲကလို ရေးရမှာလား၊ ထင်ရှားသည့် အမှတ်အသားထဲကလို ရေးရမှာလား၊ ကဗျာဆိုတာ ပြုလုပ်ခြင်းထဲကလို ရေးရမှာလား။ ခေါင်းထဲက မေးခွန်းတွေ အဖြေမရသေးတာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- အယ်လ်ပီ၊ ပီအယ်လ်ပီ၊ ကော်လေ့ခ်ျ၊ ဟိုက်ဘရစ်၊ ဖလာ့ပ် များနဲ့ ရေးရမှာလား။ ဒါပေတဲ့ သီးခြား ဖြစ်တည်နေတဲ့ မြန်မာတွေရဲ့ နေ့စဉ်ဖြစ်-ရှိမှုထဲက ရေးရမှာလား။ သူတို့ဆီက ပထမမျိုးဆက် ပို့စ်မော်ဒန် ပုံသဏ္ဍာန်ကစားမှု၊ အထက်အောက် ဖိစီးမှု၊ ဘေးဖယ်ထုတ်မှု၊ ဆန့်ကျင်ဘက်နှစ်ခု တွဲအစွန်းတွေကို ရှောင်ပြီး ရေးရမှာလား။
ခေါင်းထဲက ကဗျုပဒေသများ တစ်ခုနဲ့တစ်ခု ဆန့်ကျင် မငြိမ်သက်သေးတာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- တွေ့ကြုံလာသမျှ အမှုတစ်ရာတိုင်း မြန်မာစကားပုံထဲမှာ ရှိပြီးသားမို့၊ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတိုင်း
အောင်ချိမ့်က ရေးပြီးသားမို့၊ ရှိရှိသမျှ အသစ်တီထွင်မှုတိုင်း ဇေယျာလင်းက ပြုလုပ်ပြီးသားမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ထပ်ပြောရင်လည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်းက ခေတ်စနစ်နဲ့ ခေတ်ပေါ်အာရုံခံစားပုံ ဓါတ်ပြားဟောင်းတွေပဲမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ငါ့အကြောင်းငါ ရှေ့တန်းတင်တော့မှာမို့၊ ငါခံစားရသမျှ ငါပြာလဲ့ဇာချဲ့တော့မှာမို့၊ ငါ တွေးခေါ်သမျှ မှန်ကန်ကြောင်း ဆင်ခြေဆင်လက် ထုတ်ပြတည်ဆောက်တော့မှာမို့၊
ငါ ငြီးငွေ့-အထီးကျန်-နာကျင်-ကင်းကွာ-မကျေနပ်သမျှ ပွင့်အန်ဖေါက်ခွဲတော့မှာမို့၊ ငါမကျေနပ်သူ ဟိုလူတွေအကြောင်း ထည့်ရေးတော့မှာမို့၊ ငါ တချို့လူတွေအပေါ်
မနာလိုမရှုစိမ့် က္ကုဿမစ္ဆိရိယပွားတော့မှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ငါ ကမ္ဘာကြီး ပူနွေးတဲ့အကြောင်း ငါ့အပူ ဟန်ဆောင်တော့မှာမို့၊
ငါ စစ်ဆန့်ကျင်ရေး ပိဿလေးနဲ့ ထုတော့မှာမို့၊ ငါ မျိုးချစ်စိတ်ဓါတ်
ရှင်သန်ထက်မြက်ရေး အလေးပေးတော့မှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
-ငါ ယူတီးပီးယားဆန်အောင်၊ ငါ ဒဏ္ဍာရီဆန်အောင်၊ ငါ ရောမန္တိက ဖြစ်အောင်၊
ငါ မော်ဒန် ဖြစ်အောင် လုပ်ကြံဖန်တီးတော့မှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ငါ မဲပြာပုဆိုးနိမိတ်ပုံတွေ၊ ငါ သိုးဆောင်းသင်္ကေတတွေ၊ ငါနဖူးချွေးပြန်ဝါကျတွေ၊ ငါ ဆူဒိုခုပါဒတွေ၊
ငါ ဆပ်ပြာခဲ အဆင်အကွက်တွေ သုံးစွဲတော့မှာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ငါ ဒီကဗျာရေးပြီး ကမ္ဘာ့ကဗျာနေ့မှာ စင်ပေါ်တက်ရွတ်မှာမို့၊ ငါ ဒီကဗျာကို ပါဖောမင်းတွေနဲ့ ပြန်တင်ဆက်မှာမို့၊ ငါ ဒီကဗျာကို ပြဇာတ်ပြန် ကမှာမို့၊ ငါ ဒီကဗျာကို ကိုယ်ရေးတဲ့ ဆောင်းပါးထဲကိုယ် ပြန်ထည့်မှာမို့၊ ငါ ဒီကဗျာကို
ကိုယ့် အင်တာဗျူးကနေ ပြန်ညွှန်းမှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ ဖယောင်းတိုင်
ထွန်းမှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ သစ်ပင်စိုက်မှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့
ကဗျာဆရာကြီးတွေနဲ့ ပခုံးချင်း ယှဉ်မှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ ကဗျာဆရာကြီးတွေနဲ့ ဓါတ်ပုံတွဲရိုက်မှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ ကော်မန့်တွေ အပြန်အလှန်ရေးမှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ Like တွေအများကြီး ရယူမှာမို့၊
ငါ ဒီကဗျာတစ်ပုဒ်နဲ့ နိုင်ငံရေး အကျဉ်းသား လုပ်မှာမို့၊
ငါ ဒီကဗျာတစ်ပုဒ်နဲ့ ပြည်ပြေးလုပ်မှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့
ကမ္ဘာ့ကဗျာသမိုင်းကြောင်း ပြောရေးဆိုခွင့်ရှိမှာမို့၊
ငါ ဒီကဗျာတစ်ပုဒ်နဲ့ လေထန်ကုန်းအခြေစိုက် ကဗျာဆရာကြီးလုပ်မှာမို့၊
ငါဒီကဗျာတစ်ပုဒ်နဲ့ ဖေဖေမေမေက ခွင့်မပြု၊ ရည်းစားက ထားသွားတဲ့အပြင်
ရန်ကုန်မြို့မှာ လည်ရာ ပြန်စားနေရတဲ့အကြောင်း ပင်လယ်များကို ဖြတ်သန်းပြမှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ ဝင်ရောက် တည်းခို စားသောက်ခွင့် တောင်းမှာမို့၊ ငါ ဒီကဗျာတစ်ပုဒ်နဲ့ ရည်းစားစကားပြောမှာမို့ —-မို့—-မို့—-မို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- လျှောက်ပြန်အသံပေး၊ ခြေညောင်းဝမ်းဟာ၊ ငွေကုန်အသံပြာမို့
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- သူတို့ အနုပညာက
ငွေတွေရပြီး
ငါတို့ အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
(အောင်ချိမ့် – အသည်းစွဲကဗျာဆရာ ၅)
ထိုကြောင့်
ဒီကဗျာကို ငြင်းပယ်ချင်တယ်။
- ဒီကဗျာဟာ ကဗျာအလုပ်မလုပ်ဘူး၊ ဒီကဗျာဟာ အကျိုးမထူးဘူး
ဒါကြောင့် ဒီကဗျာကို ငြင်းပယ်ချင်တယ်။ ။
မောင်ယုပိုင်
 

မိုး

2
Filed under ကဗျာ
Randezvous in the Rain by Manjiri Kanvinde.
_______________________________________________________________________
ဒီနေ့ ရန်ကုန်ဟာ တစ်နေ့ကုန် မိုးအုံ့နေတယ် ။
ရွာမယ် ရွာမယ် နဲ့ (ပြောပြီး) မိုးဟာ တကယ် မရွာဖြစ်လိုက်ဘူး ထင်ပါရဲ့။
မိုးလည်း သူ့အကြောင်းနဲ့ သူပေါ့။ အကြောင်း မတိုက်ဆိုင်သေးလို့ပေါ့။
သမိုင်းကြောင်းအရ အချိန် မကျသေးလို့ မိုးက မရွာတာ။
အဲလောက်ထိ သွားပြောတော့ ကိုယ့်ဘက်က နည်းနည်း များသွားမယ် ထင်တယ်။
မရွာတဲ့ မိုးကို မရွာလည်း ဘာမှမဖြစ်ပါဘူး ဆိုတဲ့စိတ်နဲ့ ဝရံတာဘက် ထွက်
ကောင်းကင်ကို ခဏခဏ မော့ကြည့်တယ် ။
ကြည့်နေရင်းနဲ့ပဲ … မင်းဟာ ဘယ်သူလဲလို့ ကောင်းကင်က ခဏခဏမေးတယ်…
ရက်အား ရက်အား…ဆိုတဲ့ ဟယ်ရီလင်း သီချင်းကို သွားသတိရလာမိတယ်။
လူတွေကတော့ အသင့်ပြင်ထားတဲ့ ဟန်နဲ့ သွားလာ နေကြတယ်။
ထီးဟာ ဘယ်တော့ အဖွင့်ခံရမလဲ စောင့်နေတယ်။ အခုထိတော့ အပိုပစ္စည်းတစ်ခုလို လိုက်ပါနေတုန်းပဲ ။ တစ်ချက်တစ်ချက် လေတိုက်လာတယ် ဟော…အဲဒါရွာတော့မယ်။ မီးခိုးလုံးကြီးတွေလို တိမ်တောင် တိမ်လိပ်တွေ အူတက်လာတယ်
ဟော.. ငါမပြောဘူးလား ရွာမယ်ဆိုတာ လာမြန်မြန်လျှောက်..။
တစ်ဟောဟောနဲ့ မိုးဟာ ဟောဟဲ လိုက်နေတယ် ။
မျှော်လင့်ထားသူများ အတွက်ရော၊ မမျှော်လင့်ထားသူများ အတွက်ပါ မိုးဟာ
အားတုံ့ အားနာ ဖြစ်နေတယ်။ မိုးဟာ ရွာရင်ကောင်းမလား၊
မရွာရင် ကောင်းမလား စဉ်းစားနေတယ်။ တွေဝေ နေတယ်။ လမ်းခုလတ်မှာ ရပ်ပြီး
ဇဝေဇဝါ ဖြစ်နေတယ်။ သွက်သွက်လျှောက် လိုက် ပြန်နှေးသွားလိုက်၊
ကောင်းကင်ကို မော့ကြည့်လိုက် လက်ဖဝါးနဲ့ ထိုးခံလိုက် လုပ်နေတဲ့ လူတွေကို
ဟာသတစ်ခုလို ကြည့်နေတယ်။ ဘယ်လိုရွာရင် ကောင်းမလဲ ….
ဆိုလိုတာက ကွက်ကျားမိုးလား မိုးပြေးလေးလား မိုးဟာချိန်ဆရတယ်။
စဉ်းစားတာများ သွားတော့ မိုးဟာ ဘယ်ကစ ရွာရမှန်း မသိတော့ဘူး ။
ရွာမယ် ရွာမယ် နဲ့ ရွာလည် ရွာလည်ဖြစ်နေတဲ့
မိုးဟာ နောက်တော့မှ မရွာဖြစ်လိုက်လို့ နောင်တရတာမျိုး ဖြစ်ကောင်း ဖြစ်သွား နိုင်သေးတယ် ။
ရန်ကုန်ဟာ တစ်နေကုန် စိတ်ထဲမှာ မိုးတွေရွာနေတယ်။ လူတွေဟာ နေရောင်ခြည် အောက်မှာ လျှောက်သွား နေပေမယ့် တိမ် တွေအောက်မှာပဲ သွားနေရတာလို့ သူတို့စိတ်ထဲက ထင်နေကြတယ်။ နေရောင်ခြည်ဟာ တိမ်တွေကို မီးမောင်းထိုးပြသထား ပေမယ့်
တိမ်တွေကပဲ ရှိနေတာ သေချာတော့တယ်။ ဟော…ရွာတော့မယ်…ကားမှန်တွေ တင်ပါဟ ၊ ဂျာနယ်တွေကို ပလပ်စတစ်နဲ့ အုပ်လိုက်ပါဟ…။ ဟော…ရွာပြီ….
လှမ်းထားတဲ့ အင်္ကျီတွေ ထဲပြန်သွင်းထား… ပြတင်းတံခါးတွေလိုက်ပိတ်ဦး ယောင်္ကျားရေ့..။
နေဝိုင်ဝိုင်
၂၃.၈.၂၀၁၀
 

ဧပရယ်စနိုး

1
Filed under ကဗျာ, ဘာသာပြန်
 Lascito Duchamp (1995) by Eredi Brancusi.
_______________________________________________________________________
ဒီနေ့ El Paso မှာ လေယာဉ်တွေအားလုံး ပြေးလမ်းပေါ် အိပ်မောကျနေတယ်။ ကမ္ဘာကြီးကတော့ ရောက်မလာသေးဘူးပေါ့။ နိုင်ငံရေး အတိုင်ပင်ခံ ဆိုသူများလည်း ၀ီစကီတခွက်ပြီး တခွက်မော့ကြ..ခေါင်းတွေ ငိုက်ကျလို့ပေါ့။ အမာရွတ်တွေရှိတဲ့
စားပွဲထိုးမ လှလှလေးကို တချက်တချက် လှမ်းကြည့်ဖို့သာ သူတို့ ခေါင်းတွေ  မော့လာကြတယ်။ ကောင်မလေးကလည်း လည်ပင်းမှာ လက်နှိပ်စက် ခလုတ်တွေကို ဘယက်လို သီထားတယ်။ သူမ သောက်စရာတွေ သယ်လာပေးတိုင်း တချွင်ချွင် မြည်နေတယ်။မှန်ချပ် ပြတင်းကြီးရဲ့အပြင်မှာ လေယာဉ်တွေကို
နှင်းတွေဖုံးလို့။ တောင်ပံတွေပေါ် ထုတက်လို့ နေတော့တယ်။ ဖုန်းအားသွင်းစက်တွေ
တောင်လို ပုံနေတာရယ်လို့ တောင် ငါထင်မိတယ်။ ငါတို့ရဲ့ မတူညီတဲ့ ဖခင်တွေရဲ့
မတူညီတဲ့ ယုံကြည်စိတ်တွေက ငါတို့ကို တစိတ်တပိုင်း အားဖြင့် အကာအကွယ်
ပေးထားတာပဲ။ ငါကတော့ နတ်သမီး တစ်ပါးကို ဖုန်းနဲ့ စကားပြောဖို့ အလိုမရှိဘူး။
ညဘက် ငါအိပ်ယာဝင်တဲ့ အခါ အိပ်မက်တွေက မက်နှင့် နေပေါ့။ ကော်ဖီရဲ့ အကြောင်း၊ ရှေးရှေးတုံးက စစ်ဗိုလ်ချုပ်တွေ အကြောင်း၊ ငါ့ရဲ့ ခံစားချက် တစ်ခုစီကို တစ်ရုပ်ချင်း ဖော်ပြထားတဲ့ ရုပ်တုတွေရဲ့ မျက်နှာတွေ အကြောင်း။ တစ်စုံတစ်ရာ
မခံစားမိစေဘဲ ငါ့ခံစားမှုကို ငါ စစ်ဆေးကြည့်တယ်။ ကန္တာရရဲ့ အစွန်းနားမှာ
ငါ့ စက်ဘီး ပြာလေးကို ငါစီးနေခဲ့တယ်။ ငါဟာ အခုငါ့ရှေ့က ရေတစ်ဖန်ခွက်ရဲ့  သမ္မတပဲ။
April Snow by Matthew Zapruder.
မိုးဆတ်
 

ငါနဲ့အတူ ငါ့ရန်သူ

1
Filed under ကဗျာ
A traditional Punch and Judy booth by ALoan at en.wikipedia.
_______________________________________________________________________
အကြောင်းအရာ။ ။
အချိန်အခါအအလိုက် သင့် အပြောင်းအလဲ
ဒိုင်းမင်းရှင်းပြောင်း ထုထည်မပြောင်း
တစ်ဝက်တစ်ပျက်ပြောင်း ဘာမှမပြောင်း
ငါ့မြစ်ပွားနာ
ဝေဒနာနေရောင်အောက် တစ်စက္ကန့်အတွင်း ပျော်ရွင်မှုလို ငါအငွေ့ပျံသွား
တစ်ခဏအတွင်း ရှဲခနဲ လောင်ကျွမ်း
အိပ်မက်ထဲ ငါတည်ရှိနေတာ တကယ့်အဖြစ်လား
ရန်သူဟာ ငါ့ရှေ့မှာထိုင်
ရန်သူဟာ အခုလေးတင်ပဲ အပြင်ကပြန်လာတာ
ရန်သူနဲ့ငါ မေတ္တာတရားအကြောင်းပြော
ရန်သူနဲ့ငါ ဆဲရေးတိုင်းထွာလျှက်
မေတ္တာမပျက်ကြောင်းပြော
ငဲ့ကွက်ထောက်ထားရမယ့်အကြောင်းများရှိကြောင်းပြော
လက်ရေတစ်ပြင်တည်းရှိကြောင်း
ခိုင်မာစွာရပ်တည်ပေးသွားမည်ဖြစ်ကြောင်း
ဒင်း မျက်ခွက်လည်း ထပ်မကြည့်ချင်ကြောင်း
ဒင်း အသံ နားခါးလှကြောင်း
ရန်သူနဲ့ငါ မေတ္တာတရားအကြောင်းပြော
ငြိမ်းချမ်းစွာလက်နက်ကိုင်အတူယှဉ်တွဲတိုက်ခိုက်ချီးမွမ်းပုတ်ခတ်ကာ
ငါ ဘာမှားသလဲ
ငါ စမှားခဲ့တဲ့နေရာကို ခဏပြန်သွားချင်လို့
ငါမှားခဲ့တာက သမိုင်းထဲမှာမူကွဲတွေအမျိုးမျိုး
အမှားတစ်ခုကိုရွေး
လမ်းတစ်ဘက်ကိုပြေး
အတွင်းထဲကဖြာနေတဲ့ အလင်းရောင်ကိုလိုက်ဖမ်းရန်
ရန်
ပြီးတော့…
သူ
နေဝိုင်ဝိုင်
 

လေယာဉ်ပျံသန်းခွင့်ပြုဇုံ

0
Filed under ကဗျာ

_______________________________________________________________________
ရာဇ၀င်အတိတ်သမိုင်းကြောင်းပေါ်ကနေ
ခေတ်တစ်ခေတ်ရဲ့ အစပ်ဆီ လျှောကျသွားတယ်
သို့သော်လည်း အဆက်အသွယ်တွေ မရခဲ့ဘူး
အဆက်အစပ်မဲ့သလို ဖြစ်လာတဲ့အခါ သူ့ကို သတိရစိတ်နဲ့
ဇာတ်လမ်းတစ်ပုဒ်ပမာ ထယ်ကြောင်းကို ထုတ်ပိုးခဲ့တယ်
ပိုနေတာတွေ ထားခဲ့ဖို့မေ့လျှော့ခဲ့တဲ့ တိုင်းတစ်ပြည်လို
ဥပမာမြောက်ခဲ့ရပုံထဲ အာရုံခြောက်ခြောက်
ကူကယ်ရာမဲ့တဲ့အခါ ဘ၀မှာ အတိတ်သမိုင်းတွေ မလိုဘူးလို့ အဝေးကို
လှမ်းဟစ် လှမ်းပစ် လက်နက်တွေတပ်ဆင်နေသောသူ ကိုယ်မဖြစ်လို
သူဖြစ်လာတဲ့အခါ ငါ့မြေ ငါ့တော ငါ့တောင်တွေဟာ သူပိုင်တွေဖြစ်သွားသလား
ထည်ရေးထဲ စမ်းဆင်း ကြဲပက်ခဲ့၊ ပလက်ဖေါင်းတစ်ခု ဇတ်ကနဲ ခင်းလိုက်တယ်
တွေ့နေရတယ် ကုန်သေတ္တာဆိပ်ကမ်းတစ်ခုရဲ့ ဆလိုက်မီးတိုင်ပေါ်ကလေ
သူ ဆိုတဲ့ ငါကို မနက်လင်းအားကြီး ရှာဖွေနေလိုက်တယ်
မြစ်တစ်ဖက်မှာ ဇာတ်လမ်းတွေဖြစ်နေသလို ကုန်သေတ္တာထဲမှာလည်း
သူလိုငါလို ပြုပြင်မှုတွေ၊ လမ်းကို သူလိုချင်တဲ့အတိုင်း ဖေါက်သွားတယ်
တံတားဖြူကိုကျော်လွန်လာတဲ့အခါ သူပြောတဲ့ ခြောက်မိုင်ခွဲကို ရောက်တယ်
ဧပြီလလယ်ဟာ ငါဖြစ်ခဲ့၊ နွေရာသီညတွေမှာ မိုးရွာခဲ့၊ သူမလိုချင်တဲ့အရာတွေ
ပိုက်ပြီး ငါ့ကို ငါ ဆက် ထုတ်ပိုးခဲ့တယ် ရေးမလား ထုတ်ပိုးလိုက်တယ် ရေးမလား
အတိတ်သမိုင်းကြောင်းနဲ့ လမ်းခွဲရဖို့ကြုံသလို ကြုံရတယ်
ကိုယ့်ပလက်ဖေါင်းလေး ကိုယ်ထုတ်ကြည့်၊ ကိုယ်ဆ ကြည့်
လိမ္မော်ခွန်ထက် ပိုပါးလွှာတဲ့ ငါ့အရောင်ကို လှစ်ကနဲတွေ့ရ
အဲဒီနေ့က လိုက်မပို့ဖြစ်တာ ခွင့်လွှတ်ပါ၊ အဲဒီနေ့က စပယ်တစ်ခင်းလုံး
ခရီးလွန်နေတယ်၊ လည်ချောင်းထဲမှာ မျက်နေတဲ့ သမိုင်းချောင်းတစ်ချောင်း
တစ်ရွာလုံးကို အရောင်တွေရေးခြယ်ပစ်လိုက်တယ်
တစ်ရွာလုံး အပြားလိုက်ဖြစ်သွားတယ်
ငါ့ကို ရေးခြယ်တာ ချန်လှပ်ခဲ့ရတယ်၊ ငါဟာ အမှတ်စက်
မှတ်မိစေတဲ့ အမှတ်စက်။ ပြောစမှတ်တွင်အောင် တစ်ရွာလုံးအနှံ့
လျှောက်ပြေးတယ်။ အဲဒါကို ဆလိုက်ထိုးထားပါတယ်
အဲဒါကို မီးစက်မောင်းပြီး ပြနေတာပါ
ကမ္ဘာကြီးမှာ ဂေးအခွင့်အရေးတွေ တောင်းဆိုကြ
ကမ္ဘာကြီးမှာ ကမ္ဘာကြီးစိမ်းလန်းရေးတွေ ကြွေးကြော်ကြ
ငါ့မှာတော့ သမိုင်းကြောင်းက မပျောက်အောင် လုပ်နေရလို့ပါ
ခွင့်လွှတ်ပါ။ ငါဆိုသော သင့်ကို တောင်းဆိုပါဘိ။
အဲဒီအတိုင်းပဲ ရေးပေးပါ။ ။
မိုးဝေး
31.3.2011
 

ကဗျာ

1
Filed under ကဗျာ
4th Period - Istanbul Through the lines by Nilufer Moayeri.
_______________________________________________________________________
ဟိုး……….
လွန်ခဲ့တဲ့ နှစ်များစွာက အကြောင်းတွေ
ဒီအတွင်းမှာ မွေးဖွားလိုက် သေဆုံးလိုက် အဖြစ်တွေ
ကဗျာနဲ့ တွေ့ခါစ
ကဗျာနဲ့ပဲ ကျိတ်ပုန်းခုတ်ခဲ့တဲ့ သမိုင်း
နေ့အလိုက် ကဖေးဝိုင်းကလေးတွေ
မြို့အစွန် လမ်းမတွေ
မြို့မိမြို့ဖများ အိပ်စက်နေချိန် မြို့လမ်းမတွေ
သွေးထဲ ရေတံခွန် စီးဆင်းသလို တသိမ့်သိမ့် နွေးနေချိန် လမ်းတွေ
လမ်းများပေါ် မျက်မှောင်ကြီးကုတ်လျက် တွေးနေဟန်
ဘယ်က ပြန်လာသလဲ…လည်ရာ ပြန်စားရေး အရာရှိကြီးရေ…
တစ်အိမ်သားလုံး နှာခေါင်းရှုံ့ကြရင်တောင်
ကိုယ်ကတော့ ကောလင်းဝီလဆင် ပြောတာတွေ မှတ်စုထဲ ထည့်ရေးလို့
အခု…ကမ္ဘာကြီးဟာ ငါက ပြန်စရမှာ
အို…အသစ် ဆိုတာ အစ မှာတော့ ဒီအတိုင်းပဲ (တဲ့…)
လူတွေ နားမလည်ကြသေးလို့ပေါ့ အဲဒါ..(သနားစရာ…)
ကဗျာကို ဆာလောင်တယ်ကွာ
ကဗျာ အကြောင်းပဲ ပြောကြရအောင်ပါ
ကဗျာကို ကဗျာနဲ့ပဲ ကဗျာဖြစ်အောင် တွေးခေါ်စမ်းပါ ကိုယ့်လူရာ
ကဗျာနဲ့ နွယ်ပြီး ကဖေးဆိုင်မှာ ဟားစရာရ
ဘယ်ကဗျာက ဘယ်ခေတ် နောက်ပြန်ဆွဲ
ဘယ်ကဗျာဆရာက ဘာကောင်မို့လို့တုန်း ငတုံး
ဘယ်စာအုပ်မှာ ဘယ်ကဗျာ
ဖြတ်၊ ညှပ်၊ ကပ်ထားတဲ့ ကဗျာ
ခိုးကူး၊ ပြန်ရေး၊ ပဲ့တင်ထပ် ကဗျာ
ဆင်ဆာကဗျာ၊ ဖြဲကဗျာ ၊စကားပြေကဗျာ၊ ဗိုက်ပူကဗျာ၊ ပိတောက်ပန်းကဗျာ၊ နာရေးကဗျာ
အိမ်နံဘေး ခွေးနှစ်ကောင်ကိုက်တဲ့ အကြောင်းမှသည်… စစ်ပွဲ၊ အရင်းရှင်၊ဆင်းရဲသား ပြည်သူလူထုကြီးနဲ့
တရားဒေသနာ ပို့ချချက်တွေထိ ခပ်တည်တည် လိမ့်ထားတဲ့ကဗျာ
လေယူလေသိမ်း၊ ခေါင်းစဉ်ရဲ့ ဆွဲဆောင်အား၊ အသုံးအနှုန်း
ရစ်သမ်၊ နရီ၊ ကာရန်၊ နိမိတ်ပုံ၊ အစဉ်အလာ၊ ပင်မရေစီး
ပုံသဏ္ဍာန်အသစ်၊ အကြောင်းအရာအသစ်၊ ကင်းမြီးကောက်အသစ်နဲ့
ဘာတဲ့..ခေတ်ပေါ် အာရုံခံစားမှု
အဲဒါတွေရော ပါရဲ့လား ကဗျာ
အဲဒါတွေ မပါရင်လည်း ကဗျာကတော့ အာရုံရဲ့လှုပ်ခတ်မှုပဲ
လှလိုက်တာ ၊ လှပအိပ်မက်မြင် ရှူခင်းချည်နဲ့ ယက်ထားတဲ့ ပုဝါစကလေးလိုပဲ
ကဲ…ကိုယ်တို့ ဆုံတုန်း ကဗျာ တစ်ယောက် တစ်လှည့် ရွတ်ကြဦးစို့ကွာ
(ကဖေးဆိုင်က သီချင်းသံနည်းနည်း တိုးပါဗျို့)
မျက်မှန်ပေါ်ကနေ တစ်ခြားဝိုင်းတွေကို ကျော်ကြည့်
ရွတ်မယ်နော်…သေချာနားထောင်
……..
ပြီးသွားတဲ့ အခါ ၊ ပေါ့ပါး သွားသလို သက်ပြင်း မောကြီးချ
ကဗျာဟာ သွားနေတုန်းမို့ သူ့ကို ခဏလွတ်ထား လေထဲမှာ
ပြီးတော့ ခါးကြားက စာအုပ်ကိုထုတ်ဦး
ချွေးတွေလည်း ရွဲနစ်နေပြီ
(စာအုပ်ဆိုတာ ဖတ်ဖို့မဟုတ်ဘူး၊ ဖတ်သင့်တဲ့ စာအုပ်ဖြစ်ကြောင်း လူတကာကို လက်တို့ဖို့)
ဒီစာအုပ်ကတော့ လူတိုင်းလက်စွဲ..အဲ…လူငယ်တိုင်းပေါ့ဗျာ
ကျွန်တော်များ လူငယ်ကဗျာဆရာများက
ကျွန်တော်များ ကဗျာဆရာများက
ကျွန်တော်များ ဆရာများက……
ဆရာတွေက တံဆိပ်ကပ် အတတ်ပညာဆီ ဆက်သွားကြတော့
ကဗျာဟာ နောက်ထပ် စကားဖောင်ဖွဲ့လူငယ်တစ်သိုက်နဲ့
နောက်ထပ် ကဖေးဆိုင်ကနေ အရက်ဆိုင်ကို ပြောင်းရွေ့တဲ့လမ်းပေါ်မှာ
နောက်ထပ် ဘယ်သူက စွန့်စားချင်သေးသလဲ စိန်ခေါ်နေတယ်
ကဗျာက။
နေဝိုင်ဝိုင်

No comments:

Post a Comment