တီးမယ်

Tuesday, August 23, 2011

နှလုံးသားဆက်သွယ်မှုဧရိယာပြင်ပ


နှလုံးသားဆက်သွယ်မှုဧရိယာပြင်ပ


တစ်ကယ်မချစ်ပဲ ချစ်ပါတယ်လို့ ပြောဘို့
ရိုးသားစွာဝန်လေးတတ်တဲ့ အသဲနှလုံးပိုင်ရှင်ရဲ့ ရည်းစားဘ၀ကို
ဘာကိန်းဂဏန်းတွေနဲ့မှ ငြန်းဆင်ပြီး အရယူခဲ့တာမဟုတ်ဘူး
အားနာပါးနာနဲ့ ဖြစ်ခဲ့ကြတဲ့ ရည်းစားဘ၀ကိုရောက်မှ
နှလုံးသားဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရှိနေမှန်း သိခဲ့ရတယ်
ရိုးသားတဲ့မင်းရဲ့နှလုံးသားကို ငါအမြဲလေးစားနေမယ်
အချစ်ဆိုတဲ့အရာက ပေးချင်တိုင်းပေးလို့မရနိုင်တဲ့အရာဆိုတာ ငါသိထားပါတယ်
တစ်ယောက့်နှလုံးသားတစ်ယောက်မှာ သံသယမေးခွန်းတွေနဲ့ အယ်ရာတက်ပြီး
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေတည်ဆောက်လို့ မရခဲ့ကြဘူး
ဖြူစင်တဲ့မင်းရဲ့နှလုံးသားကို ဟက်ကာတစ်ယောက်လိုဖောက်ပြီး မ၀င်ရောက်ချင်ဘူး
ဂုဏ်ရည်ငယ်သူငါ့တစ်ယောက်အတွက်နဲ့ မင်းစိတ်ဆင်းရဲနေရတာကို ငါသနားတယ်
အချစ်မပါတဲ့လမ်းတစ်ခုကို သံသယတွေနဲ့တစ်ကျီကျီလျှောက်လှမ်းနေရတာ ပင်ပမ်းတယ်
ရိုးသားတဲ့မင်းရဲ့နှလုံးသားလေး မျက်စိလည်လမ်းမှားပြီး ကိုယ့်ဆီရောက်လာချိန်မှာ
စားရကံကြုံလို့ မုတ်ဆိတ်ပျားဆွဲနေသူလူတစ်ယောက် ငါမဖြစ်ချင်ဘူး
ကိုယ့်နှလုံးသားနဲ့ဆက်သွယ်စကားပြောနိုင်မယ့် နှလုံးသားတစ်စုံကိုသာ အလိုရှိတယ်
ချစ်သူတွေမဟုတ်တဲ့ရည်းစားဘ၀ကို ဒီမျှလောက်ပဲ ရပ်စဲလိုက်ကြစို့
ကိုယ့်အတွက်စကားမပြောနိုင်တဲ့ မင်းရဲ့နှလုံးသားလေးခမျာမှာလည်း ချွေးတွေတစ်ရွှဲရွှဲနဲ့
အတင်းကြီးပြောခိုင်းမှကြားရမယ့်အချစ်စကား ကိုယ်မကြားချင်တော့ဘူး
တီတီတာတာလေးတောင် အသံမမြည်နိုင်ရှာတဲ့ မင်းရဲ့အသဲကိုငါတစ်ကယ်အားနာတယ်
တိုက်ခတ်နေတဲ့သံသယမီးမုန်တိုင်းတွေကြား နှလုံးသားလေးတွေက ဓားစာခံဖြစ်နေကြရတယ်
ဘာဂုဏ်ရှိန်မှမရှိတဲ့ တစ်ကောင်ကြွက်သမားဘ၀ရဲ့ ဒီမိုး ဒီလေ ဒီခရီးအခြေအနေကို
အကြင်နာစကားပြောမထွက်တဲ့ ဂုဏ်ရှိန်ရှိနှလုံးသားလေးလိုက်ပါဘို့ ငါမခေါ်ရက်ဘူး
ချစ်သူတွေမဟုတ်ကြတဲ့ ကိုယ်တို့ရဲ့ရည်းစားဘ၀မှာ မင်းအတွက်
ဘာနှောင်ကြိုးတွေနဲ့မှ ကိုယ်ချည်နှောင်မထားထားပါဘူး
ကိုယ့်ရဲ့အချစ်ကို မင်းအားနာပါးနာနဲ့လက်ခံထားခဲ့မိတယ်လို့ ကိုယ်နားလည်ချိန်မှာ
မင်းပြန်ခွါဖို့လမ်းသာအောင် ငါတမင်ရှောင်ပေးခဲ့တာ မင်းသိမှာပါ
အချစ်ဆိုတာ ကိုယ့်အတွက်ကတော့ ရယူပိုင်ဆိုင်ခြင်းအတ္တသက်သက်မဟုတ်ဘူး
ရှေ့ဆက်လို့ပူလောင်နေကြမယ့်တူတူ အားနာခြင်းခြားနေတဲ့ လမ်းခွဲစကားအတွက်
ချစ်နေသူကိုယ့်ဘက်ကပဲ ရင်းထားတဲ့အသဲနဲ့ ၁၅၀၀ဆက်သွယ်မှုလှိုင်းအားတွေကို
ဒီခံစားချက်စာတစ်ပုဒ်ရဲ့အဆုံးမှာ ပြန်လည်ရုတ်သိမ်းကြောင်း အတည်ပြုပေးမယ်
ကိုယ့်ရဲ့ချစ်သူကို အပူဒဏ်မှ ကာကွယ်ပေးနိုင်ရမယ့်အစား
ကိုယ်ကိုယ်တိုင်ကိုက ချစ်သူအတွက် အပူကောင်ကြီးဖြစ်နေမှတော့
ချစ်သူတွေမဟုတ်တဲ့ ရည်းစားဘ၀ရဲ့ လျှောက်လမ်းကို
ဒီခံစားချက်စာတစ်ပုဒ်နဲ့အတူ ကိုယ်အဆုံးသပ်ပေးလိုက်ပြီ…။
                                                                                    23.7.2011
                                                                                ခွန်ကြယ်ဖြူ(ဆီဆိုင်)

No comments:

Post a Comment