တီးမယ်

Tuesday, August 9, 2011

ဘာသာပြန်

နပိုလီယန်နှင့်သားမွေးဆိုင်ရှင်

တော်တော်များများ ဖတ်ဖူးမယ် ထင်ပါတယ်။ ဖေမြင့်ရဲ့ နှလုံးသား အာဟာရထဲကပါ။မဖတ်ဖူးတဲ့ လူတွေ ရှိရင် ဖတ်ရအောင် လက်အညောင်း ခံပြီး တင်လိုက်ပါတယ်ရှင်။ ဖတ်ပြီးမေ့သွားတဲ့ လူတွေလဲ အားနာပါးနာနဲ့  ပြန်ဖတ်ပေါ့နော်.. :D

***********************************************************************************
ရုရှားပြည်ကြီးကို နပိုလီယန် ကျုးကျော်တိုက်ဆိုင်စဉ်ကာလ။ မြို့ ကလေးတစ်မြို့ တွင်း စစ်ခင်းကြစဉ် နပိုလီယန်နှင့် သူ့ နောက်လိုက်နောက်ပါတွေ အမှတ်မထင် လူစုကွဲသွားကြသည်။

ရုရှား ကော့ဆက်စစ်သားတစ်စုက သူ့ ကိုမြင်သွားပြီး နောက်က တရကြမ်းလိုက်သည်။
ကွေ့ ကောက်သော လမ်းသေးလမ်းသွယ်များကြား အသက်ကို လု၍ ပြေးလာခဲ့ပြီး လမ်းမြှောင်တစ်ခုထဲရှိ သားမွေးထည် အရောင်းဆိုင် တစ်ဆိုင် တွင် အလစ်ဝင်ခိုသည်။

ဆိုင်ရှင်ကို မြင်တော့ "ကယ်စမ်းပါဦးဗျာ၊ ကယ်စမ်းပါဦး၊ ကျွန်တော်ဘယ်မှာ ပုန်းရမလဲ"၊ တောင်းပန်တိုးလျှိုးသော လေသံဖြင့် နပိုလီယန် အမောတကောမေးသည်။
ဆိုင်ရှင်က "အဲဒီ ထောင့် က သားမွေးပုံကြီး အောက် သားမွေးတွေ တစ်ထပ်ကြီး ဖုံးဖိပေးထားသည်။
ဖုံးဖိပြီးရုံရှိသေး ကော့ဆက်တွေ အခန်းထဲ အော်ဟစ်ပြေးဝင်လာကြသည်။ "ဘယ်မလဲဟေ့၊ ဒီဆိုင်ထဲဝင်သွားတာ ငါတို့ မြင်လိုက်တယ်"

ဆိုင်ရှင်က ငြင်းသည်။ သို့ သော် သူတောင်းပန်နေသည့်ကြားကပင် ကော့ဆက်တွေ တစ်ဆိုင်လုံး ဆွဲလွဲမွှေနှောက်ကာ နပိုလီယန်ကို ရှာကြသည်။ သားမွေးပုံကြီးကို ဓားတွေနှင့် တစွပ်စွပ် ထိုးကြည့်ကြသည်။ မတွေ့ ။ နောက်ဆုံး သူတို့ လက်လျှော့ပြီး ထွက်သွားကြသည်။

အတော်ကြာတော့မှ နပိုလီယန်သားမွေးပုံအောက်မှ တွားပြီးထွက်လာသည်။ သူဘာဒဏ်ရာမှ မရခဲ့။ သည်အခိုက်မှာပင် သူ့ ကိုယ်ရံတော်တွေ ဆိုင်ဝရောက်လာသည်။

သည်အချိန် သိုးမွေးဆိုင်ရှင် နပိုလီယန်အားကြည့်ကာ မရဲတရဲနှင့် မေးသည်။
"ဒီလောက် ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကြီးကို အားမနာပါးမနာ မေးတယ်လို့ တော့ သဘောမထားပါနဲ့ ခင်ဗျာ၊ သားမွေးပုံအောက်ရောက်နေတဲ့ အချိန်၊ နောက်တစ်ခဏမှာ အဆုံးစီရင်ရနိုင်တယ်လို့  သိနေရတဲ့အချိန်က ဘယ်လို ခံစားရပါသလဲခင်ဗျာ"
နပိုလီယန် ဆတ်ခနဲ မတ်မတ်ရပ်လိုက်ပြီး သားမွေးဆိုင်ရှင်အား ဒေါသနှင့် ပြောသည်။
"နပိုလီယန် ဧကရာဇ်တစ်ယောက်လုံးကို မထီလေးစားမေးရလား၊ ရိုင်းပျတဲ့ ဒီသတ္တ၀ါကို ဖမ်း၊ မျက်နှာကို ပုဝါစည်းပြီး ချက်ချင်းသုတ်သင်စမ်း၊ ငါကိုယ်တော်မြတ်ကိုယ်တိုင် ဒီကောင့်ကို ပစ်မိန့် ပေးမယ်"
ကိုယ်ရံတော် စစ်သည်တွေ သားမွေးဆိုင်ရှင်အား ၀ိုင်းချုပ်ပြီး အပြင်သို့ တရွတ်ဆွဲခေါ်သွားကြသည်။
သူ့ ကိုနံရံတွင်ရပ်စေကာ မျက်နှာကို ပုဝါနှင့်စည်းသည်။

သားမွေးဆိုင်ရှင်သည် ဘာကိုမျှ မမြင်ရ။ သို့ သော် စစ်သားတွေ တန်းစီသံ ၊ ပစ်ခတ်ရန်အတွက် ရိုင်ဖယ် သေနတ်များ ပြင်ဆင်နေကြသံတွေ သူကြားနေရသည်။ လေတိုးသဖြင့် သူ့ ကိုယ်ပေါ်က အ၀တ်အစားတွေ လှုပ်ခတ်သွားတာ၊ ပါးပြင်က အေးစက်သွားတာ ပြီးတော့ သူ့ ဒူးတွေ တဆတ်ဆတ်တုန်နေတာလည်း သူသတိပြုမိနေသည်။

ထို့ နောက် နပိုလီယန် လည်ချောင်းရှင်းလိုက်ပြီး တစ်ဆင့်ချင်း အမိန့် ပေးသံ သူကြားရသည်။
"အသင့်ပြင်...ချိန်..."
လောလောဆယ် သူ သိမှတ်နေရသည့် အကြားအာရုံ၊ အထိအတွေ့ အာရုံကလေးသည်ပင် အချိန် အနည်းငယ်အတွင်း သူ့ ထံမှ ထာဝရနုတ်ပယ်ခြင်း ခံရတော့မည်ဟူသည်ကို တွေးမိကာ အမျိုးအမည် မဖော်ပြနိုင်သည့် ဝေဒနာတစ်ခု သူ့ ကို လွှမ်းမိုးလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တွေတွေ စီးကျလာသည်။

အတော်ကြီးကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးနောက်တွင် သူ့ အနီးသို့  ချဉ်းကပ်လာသည့် ခြေသံများ သားမွေးဆိုင်ရှင် ကြားရသည်။ ထို့ နောက် သူ့ မျက်နှာမှာ စည်းထားသည့်အ၀တ်ကို ဖြည်ပေးသည်။ ရုတ်တရက် တိုးဝင်လာသည့် နေရောင်ကြောင့် သူ့ အမြင်အာရုံတွေ မသဲကွဲသေး။
သို့ သော် မှုန်ရီဝိုးဝါးဖြစ်နေသေးသည့် ကြားကပင် သူ့ အား ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသည့် နပိုလီယန်၏ မျက်လုံးအစုံကို သူမြင်ရသည်။ သည်မျက်လုံးများကား သူ့ တစ်ကိုယ်လုံး ကို တစ်ထောင့် တစ်ဌာနမကျန် အသေးစိတ် ဖော်ထုတ် သိမြင်သွားသည့် ဟန်ပင်။
သည်နောက် နပိုလီယန်က လေသံအေးအေးနှင့်ပင် ပြောလိုက်သည်။ "ကဲ..အခုတော့ မင်းသိပြီမဟုတ်လား"တဲ့။

[မူရင်း။ ။ Steve Andreas ၏ Napoleon and the Furrier]
[ဘာသာပြန်။ ။ ဖေမြင့်၏ နှလုံးသား အာဟာရ ပထမတွဲ]

Monday, December 8, 2008

ThE baCKgroUNd stOrY oF mE To yOu

မီးခိုးရောင် အမွှေးဖွာဖွာ၊အပြာရောင် သန်းနေတဲ့ နှာခေါင်း ပိုင်ရှင်၊တစ်ကိုယ်လုံးမှာလည်း ချုပ်ရာထေးရာတွေနဲ့  အပြည့်။ ဒါပေမဲ့ ချစ်စရာကောင်းဆဲ ဈေးကြီးဆဲ ၀က်ဝံရုပ်လေး Me to you ဆိုရင် အကုန်လုံးသိကြပါတယ်နော်။ ကောင်လေးတွေတော့ မပြောတတ်ဘူး။ ကောင်မလေးတော်တော်များများတော့ အဲ့ဝက်ဝံလေးကို ကြိုက်ကြတယ် ။ ကျွန်မအပါအ၀င်ပေါ့နော်..ဟီဟီး.. ကြော်ငြာက၀င်သွားသေးတယ် ။
အဲ့ဒီ ၀က်ဝံလေးကို လူတိုင်းသိပေမဲ့  သူ့ ရဲ့ရာဇ၀င်ကို တော့ တော်တော်များများ မသိကြဘူးထင်ပါတယ်။ သိပြီးသား ဆိုရင်လည်း သည်းခံပြီးနောက်တစ်ခေါက် ထပ်ဖတ်ပေါ့နော်.. ဟီး။
ကဲပုံပြင်လေးစလိုက်ရအောင်...
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အိမ်အိုလေးတစ်လုံးရှိသတဲ့။ အရင်တုန်းကတော့ လူနေပေမဲ့ အခုဘယ်သူမှမနေကြတော့ဘူး ။ တစ်ချိန်က အိမ်လေးကို အလှဆင်ခဲ့တဲ့ ကုတင်၊မွေ့ ယာ၊ဆိုဖာ စတဲ့အိမ်သုံးပစ္စည်းတွေလည်း အခု အိမ်အပြင်ခြံဝင်းမှာ အမှိုက်ပုံကြီးသဖွယ် ပုံလျက်သားပေါ့။ အဲ့ဒီ ပစ္စည်းအပုံကြီးကို သေချာကြည့်လိုက်ရင် မွေ့ ယာတစ်ခုနဲ့  ပိမိနေတဲ့ အညိုရောင် အမွှေးဖွာ ၀က်ဝံလေးတစ်ကောင်ကို တွေ့ မှာပါ။

တစ်နေ့  အရမ်းအေးတဲ့ ဆောင်းညတစ်ညမှာပေါ့.. နှင်းတွေတဖွဲဖွဲကျလာတယ်။ အဲ့ထဲက နှင်းပွင့်တစ်ဖတ်က ၀က်ဝံလေးရဲ့ အညိုရောင်နှာခေါင်းလေးပေါ်ကို ကျလာသတဲ့ ။ ၀က်ဝံလေးလည်း ဘယ်ဖယ်လို့ ရမလဲကွယ်.. အေးတဲ့ ဒဏ်ကိုကြိတ်မှိတ်ပြီး ခံရမှာပေါ့။ ကြာတော့ အေးလွန်းလို့ အညိုရောင်နှာခေါင်းလေးက အပြာရောင်ကို ပြောင်းသွားသတဲ့။

ဒီလိုနဲ့ နှင်းတွေက တဖွဲဖွဲ ကျရာကနေ တဖြည်းဖြည်း နဲ့ နှင်းတွေ ပိန်းပိတ်အောင်ကျ လာသတဲ့။ ၀က်ဝံလေးမှာ အေးလွန်းလို့  ခိုက်ခိုက်တုန်နေရှာတာပေါ့။ နှင်းတွေကလဲ မရပ်မနားပဲ ကျလိုက်တာ နောက်ဆုံး ၀က်ဝံလေး
ရဲ့ ကိုယ်ပေါ်က အညိုရောင်အမွှေးတွေအားလုံး မီးခိုးရောင်ပြောင်းသွားတဲ့ အထိပဲတဲ့။
လိုချင်သူမရှိ တစ်ကောင်တည်း အေးခဲမတတ်ရာသီ မှာ စွန့် ပစ်ခံထားရတဲ့ ၀က်ဝံလေးလဲ တအား ၀မ်းနည်းနေပါသတဲ့။မကြာခင်မှာတော့ ကြမ်းတမ်းအေးစက်တဲ့ ဆောင်းရာသီကုန်ဆုံးလို့  သာယာနွေးထွေးတဲ့
နွေဦးရာသီသို့  ရောက်လာပါတော့တယ်။တစ်နေ့ မှာ ကောင်မလေးတစ်ယောက်ဟာ ကစားရင်းနဲ့  အိမ်အိုလေးနား ရောက်လာခဲ့တယ်။ ရှုပ်ပွနေတဲ့ အမှိုက်ပုံထဲက တပိုင်းတစထွက်နေတဲ့ မီးခိုးရောင် ၀က်ဝံရုပ်လေးကို တွေ့ မိလိုက်တယ်။ ခုံအောက်မှာ ပိနေရာကနေ သူမဆွဲထုတ်လိုက်တယ်။ အရုပ်မှာကပ်နေတဲ့ ဖုန်တွေကို ခါရင်း အပေါ်ကို မြှောက်ပြီးသေချာကြည့်လိုက်တယ်။

" အိုး...အပြာရောင်နှာခေါင်း မီးခိုးရောင် အမွှေးဖွာလေးနဲ့  ဒီဝက်ဝံရုပ်လေးက ထူးခြားလှချည်လား "

ဝက်ဝံရုပ်လေးက ငိုချင်သွားတယ်။ သူ့ ကို မကြိုက်ပဲ အမှိုက်ပုံထဲမှာ ပြန်ထားခဲ့တာ သိပ်ကြောက်နေတယ်။

"ဒါပေမဲ့ တော်တော်ချစ်ဖို့ ကောင်းတာပဲ" ဟု သူမက တဆက်တည်း ပြောလိုက်သည်။ သူမလက်က မချနိုင်လောက်အောင် အရုပ်လေးက ဆွဲဆောင်နေသည်။

သူမ အိမ်ကိုအမြန်ဆုံး ပြေးလာခဲ့မိတယ်။ သူမရဲ့အဖွားကို ဒီဝက်ဝံရုပ်လေးကို ပြန်ချုပ်ခိုင်းမလို့ ပေါ့။ ၀က်ဝံလေးက ရာသီဥတုဒဏ်ကြောင့် တော်တော်လေးဒဏ်ရာရနေပြီလေ။ လက်တစ်ဖက်လည်း ပြတ်ထွက်ခံနီးပြီ။ တစ်ချို့ နေရာတွေလည်း ပေါက်ပြဲနေတယ်။

သူမအဖွားက ပေါက်ပြဲနေတဲ့နေရာလေးတွေ ကို အ၀တ်စလေးတွေနဲ့  ဖာထေးချုပ်ပေးလိုက်တယ်... ၀က်ဝံလေးတစ်ကိုယ်လုံး အဖာအထေးရာတွေနဲ့ ပေါ့။ သို့ သော် ကောင်မလေးမျက်လုံး ထဲမှာတော့ ၀က်ဝံလေးက ချစ်ဖို့ အကောင်းဆုံး ပဲတဲ့။ ကောင်မလေးရဲ့ အိမ်က နွေးထွေးပါတယ် ၊လုံခြုံပါတယ်။ ဒါပေမဲ့ ၀က်ဝံလေးရဲ့ အမွှေးလေးတွေနဲ့  နှာခေါင်းကတော့ နဂို အရောင်ပြန်ပြောင်းမသွားတော့ဘူးတဲ့။ ကမ္ဘာမှာရှိရှိသမျှ ၀က်ဝံရုပ်တွေထက် ထူးခြားသွားတာပေါ့ကွယ်။

ကောင်မလေးက သူ့ ဝက်ဝံလေးကို သိပ်ချစ်တာပဲတဲ့။ သူမ ပိုင်ဆိုင်သမျှဟာတွေထက် တန်ဖိုးထားသတဲ့။ အခုဆို ၀က်ဝံလေးဟာ ကောင်မလေးရဲ့ နွေးထွေးတဲ့ ရင်ခွင်မှာ အိပ်မောကျနေရောပေါ့။
ပြီးပါပြီ။

(ဖတ်ဖူးတဲ့ ပုံပြင်လေးကို ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ အကယ်လို့ ဖတ်လို့ မကောင်းခဲ့လျှင် ကျွန်မ၏ ဘာသာပြန် ညံ့ ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း။)

No comments:

Post a Comment