တီးမယ်

Monday, September 5, 2011

တောင်းဆုကြွေ.......

တောင်းဆုကြွေ.......

မောင်

သူမနှုတ်ခမ်းဖျားဆီမှ ဖွဖွလေးတိုးထွက်လာသည်။ မောင်… မောင် ကိုယ်တိုင်မသိခဲ့သော ဒီနာမည်လေးကို သူမ မြတ်မြတ်နိုးနိုးခေါ်နေမိသည်။ တကယ်တော့ မောင်ထားရစ်ခဲ့သည့် အချိန်မှ စ၍ သူမ မောင့်ကို မောင်ဟု ခေါ်ခဲ့တာပါ။ သူမ တန်ဖိုးထားမြတ်နိုးစွာ ခေါ်ခဲ့သည် အမည်နာမလေးတစ်ခုကို မောင်ကိုယ်တိုင် သိမသွားခဲ့ဟု ဝမ်းနည်းစွာလည်း တွေးနေမိသည်။

နာရီသံ တစ်ချက်ချက်
စက္ကန့်လေးများရွေ့လျားမှု့နှင့် အတူ သူမ လိုက်ပါ ရေတွက်နေမိသည်။ နေ့တစ်နေ့ရဲ့ နောက်ဆုံးနှုတ်ဆက်ထွက်ခွာချိန်နှင့် မနက်ခင်းတစ်ခုသို့ ချည်းနင်းဝင်ရောက်မယ့် ဒီစက္ကန့်အပြောင်းအလဲလေးကိုပဲ သူမ တစုံတရာ အတွေးတွေနှင့် ငံ့လင့်နေတော့သည်။ ဟိုးလွန်လေပြီးသောနှစ် ဒီလိုအချိန် ည (၁၂) နာရီ မတိုင်ခင်လေးမှာပဲ သူမ မောင့်အတွက် Birthday wish လုပ်ဖို့ ဖုန်းကို ကိုင်ရင်း စောင့်စားနေခဲ့ဖူးသည်။ သို့သော် သူမ မျှော်လင့်သလို သူမ ပထမဦးဆုံး မဖြစ်ခဲ့။ မောင့်အနား တစုံတယောက် ရောက်နှင့်နေခဲ့သည်။ အဲဒီညမှာပင် မောင် မလိုချင်ခဲ့သော တစုံတယောက်အတွက် သူမကို လာနိုင်မလားလို့ မောင်တောင်းဆိုခဲ့ဖူးသည်။

ည သန်းခေါင်အချိန်မှာ မိန်းကလေးတစ်ယောက်အနေနှင့်၊ သူငယ်ချင်းတစ်ယောက်အနေနှင့် သူမ မောင့်ဆီ သွားဖို့ အသိစိတ်အရ၊ အခြေအနေအရ မောင့်ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့။ မောင်နှင့် တစုံတယောက်ကြားမှာပဲ သူမ တစ်ယောက်တည်း မောင့်မွေးနေ့ကို ဆုတောင်းပေးခဲ့သည်။ မောင် ဖုန်းပြန်ခေါ်ပြီး ငါ့ဘဝအတွက် နင့်ကို လိုအပ်တယ် လို့ သူမကို ပြောတော့ သူမ အပျော်ရွှင်ဆုံး ဖြစ်ခဲ့ရဖူးသည်။ မောင့်ရဲ့ လိုအပ်ခြင်းက မောင် မချစ်မနှစ်သက်သော တစုံတယောက်ရဲ့ ချည်နှောင်မှု့ကို ရှောင်ရှားလို၍လား။ သူမ မသိခဲ့ပါ။ သိလည်း မသိချင်ခဲ့။ မောင်နှင့်ပတ်သက်လျှင် ချစ်ခြင်းမေတ္တာကိုသာ သိပြီး ဘယ်အရာမှ သူမ မသိချင်လောက်အောင်ကို သူမ ညံ့ဖျင်းခဲ့ပါသည်။

တကယ်တော့ မောင်ရယ်.. သူမသည် ဘာကိုမဆို ခံစားမှု့ကို လွယ်လွယ်နှင့် လိုက်လျောခဲ့သော မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘဲ။ အချစ်ရေးနှင့် ပတ်သက်လျှင် ဘယ်သူ့ကိုမှ မယုံကြည်တတ်သော၊ ဆန့်ကျင်ဘက်များရဲ့ ချစ်ရေးဆိုခြင်းသည် လိမ်ညာမှု့တစ်ခုသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေတတ်သော သူမ။ အရာရာကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပါးစွာနေတတ်သော သူမ။ ကြောက်စရာကောင်းလောက်အောင် မခံစားတတ်သူလို့ အပြောခံခဲ့ရဖူးသူ သူမသည် မောင်နှင့်တော့ ခြားနားစွာနှင့်ပဲ။ ယုံကြည်မှု့နှင့် သူငယ်ချင်းဆိုတဲ့ အသိအောက်မှာ သူမရဲ့ နှလုံးသားကို သူမ မညာခဲ့။ ထို့ကြောင့် မောင့်အတွက် အဆင်သင့်ဖြစ်နေခဲ့သော သူမ ခံစားမှု့တွေကို ဟန်မဆောင်ဘဲ ရင်ခုန်သံတွေကိုသာ အတည်ပြုခဲ့တော့သည်။

ပထမအကြိမ် မောင့်ဘဝအတွက် မောင်လျှောက်ချင်သည့်လမ်းကို ပြောခဲ့စဉ်က သူမ မငြင်းခဲ့။ မောင်က ပျံသန်းချင်ရင် ထိုအတောင်ပံတွေ ရှင်သန်စေဖို့ သူမနှလုံးသားကို စတေးခံဝံခဲ့သည်။ မောင် အမြင့်ဆုံးကိုသာ ပျံသန်းသွားနိုင်ပါစေတော့ရယ် သူမတောင်းဆုပြုခဲ့တော့သည်၊ ပန်းမပန်တတ်သော သူမအတွက် မောင်က သူမအတွက် ရည်စူးခဲ့ဖူးသော တစ်ပွင့်တည်းသော ပန်းတစ်ပွင့်။ တကယ်တော့ မောင်က ဘုရားတင်မယ့်ပန်းဟု သူမတင်စားတော့ မောင်ရယ်ခဲ့ဖူးသည်ကို သူမ အခုထိ သတိတရရှိနေသေးသည်။ အရာရာကို မခံစားတတ်အောင်၊ မေ့တတ်အောင်ကျင့်ခဲ့သော သူမသည် မောင်နှင့်ပတ်သက်လျှင် အရာရာကို အမှတ်ရနေတတ်မြဲ။ မောင့်အတွက် အရာရာကို စွန့်လွှတ်နိုင်ဖို့ သူမ ကြိုးစားမိသည်။ တချိန် မောင်ထားသွားမည့် မောင့်ရဲ့ အနာဂတ်ခရီးအတွက် ပါရမီဖြည့်ဖက်ကောင်းအဖြစ်သာ သူမ တောင့်တမိတော့သည်။ မောင့်ရဲ့ ဝေးကွာခဲ့သော ခြေလှမ်းများအတွက် သူမ နားလည်မှု့တွေနဲ့ အသားကျအောင် ကြိုးစားခဲ့ဖူးသည်။

မောင့်တွင် မိန်းကလေးတစ်ယောက်ကို တမြတ်တနိုး ကာလကြာမြင့်စွာ ချစ်ခဲ့ဖူးသည်ဟု မောင် ဖွင့်ဟ ဝန်ခံစဉ်က သူမနှလုံးသားတွေ မွန်းကျပ်နေခဲ့သည်။ ထိုမိန်းကလေးနှင့် နောက်တစ်ကြိမ် ဆုံဆည်းခဲ့လျှင် ဆိုသည့် မေးခွန်းကို သူမမေးခဲ့စဉ်က မောင်က မသေချာသေးဘူး လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူးသည်။ သူမ ခံစားချက်တွေကို မောင် မကြည့်၍ မသိခဲ့လေသလား။ ထိုစဉ်က သူမမျက်နှာကို အထူးသဖြင့် သူမ မျက်ဝန်းတွေကို မောင် မကြည့်နေခဲ့၍လည်း မသိတာ ဖြစ်နိုင်ပါသည်။ လက်ရှိ ချစ်သူတစ်ယောက်အနေနှင့် နှိုင်းယှဉ်ခြင်း မခံရလောက်အောင် သိမ်ငယ်သွားသည့် အဖြစ်တွေနှင့် သူမ၊ အရှူံးတွေနှင့်။ လျော့လွန်းတဲ့ ကြိုးတစ်စအတွက် တန်ဖိုးလျော့တွက်ခံရသည်ကိုလည်း သူမ ခေါင်းငုံနေခဲ့ဖူးသည်။

သာမာန်အခြေအနေတစ်ခုဆိုလျှင် မောင့်ကို စိတ်ဆိုးစိတ်ကောက်မိမည် ဖြစ်သော်လည်း သူမ ကြေကွဲစွာနှင့်ပဲ မောင့်ကို တိတ်တိတ်လေးသာ ငေးကြည့်နေဖူးသည်။ မောင်သိပ်ချစ်သော မိန်းကလေးတစ်ယောက်ကို ယှဉ်ပြိုင်ဖို့၊ မနာလိုဝန်တို ဖြစ်ဖို့ သူမ ယောင်၍မျှပင် မစဉ်းစားဖူး။ မိန်းကလေးဖြစ်သော သူမသည် မောင်နှင့် ပတ်သက်လျှင် သဝန်တိုမှု့ရှိသည်မှန်သော်လည်း မောင်သိပ်ချစ်သောမိန်းကလေးကို သူမ အပြစ်မမြင်ခဲ့။ ထိုအရာသည် သူမ အချစ်အတွက် ရူးသွပ်သည်လား။ ဘယ်လိုပဲ ဆိုစေဦးတော့။ မောင့်အတွက် သူမ ချစ်ခြင်းသည် မနာကျင်စေလို။ ဝမ်းနည်းခြင်း မိုးစက်တွေကို သယ်ဆောင်သွားမည့် မိုးစက်တင်လေလိုသာ ဖြစ်ပါစေလို့။

ချစ်သူတို့ သဘာဝ စိတ်ကောက်မှု့လေးသာ ရှိခဲ့ဖူးသော သူမနှင့် မောင့်ရဲ့ ချစ်ခြင်းတွင် အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ၊ မောင် အဆက်အသွယ် ဖြတ်တောက်သွားခဲ့သည်။ အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း အဖြေတစ်စုံတရာမရ၊ ယောက်ယက်ခတ်သွားတဲ့ နှလုံးသားနှင့်သာ မောင့်ကို စောင့်ဆိုင်းနေခဲ့ဖူးသည်။ နေ့ရက်တွေ ကြာရှည်လာသော အခါမှ မောင်ပို့လိုက်သော message စာတန်းလေးက သူမနံပါတ်မဟုတ်သော သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းဆီသို့။ မောင်သိပ်ချစ်သော မိန်းကလေးနှင့် မောင်တို့ ပြန်ဆုံသည်ဆိုသော စာသားလေး။ အစီအစဉ်တကျရှိလွန်းလှိသော ကံကြမ္မာတရားသည် သူမကို မျက်နှာသာ မပေးခဲ့။ တိုက်ဆိုင်မှု့များက သူမနှလုံးသားကို ဖဲ့ချွေလိုက်သလို။ ထိုနေ့တွင်မှ သူမဖုန်းပျက်သွား၍ သူငယ်ချင်းဖုန်းကို ယူဆောင်လာခဲ့မိသော သူမရဲ့ ထူးထူးခြားခြား ကံဆိုးမှု့။

ဒုတိယအကြိမ် မောင် နှစ်ရှည်လများ သိပ်ချစ်ခဲ့ဖူးသော ထိုမိန်းကလေးအတွက် သူမကို ဝေးစေခဲ့ဖူးတာကိုလည်း ဝမ်းနည်းစွာနဲ့ သူမ နောက်ဆုတ်ပေးခဲ့ဖူးသည်။ သူမရဲ့  မျက်ရည်တွေနှင့် မောင့်ကို မချည်နှောင်ထားရက်ခဲ့။ လွမ်းတာကို နာတာနဲ့ ဖြေလိုက်ပါဆိုတဲ့ သမားရိုးကျဆန်သော လူပြောသူပြောများတဲ့ စကားတွေနဲ့ မောင့်ကို နာကြည်းလို့မရခဲ့။ ခွင့်လွှတ်ခြင်းတွေနှင့်ပင် သူမ စိတ်တွေကို အနည်ထိုင်အောင် ကြိုးစားရင်း မောင့်ကို အပြစ်မတင်ရက်ခဲ့။ ချစ်မိသည့် သူမနှလုံးသားကပင် အပြစ်ရှိခဲ့သည် မဟုတ်ပါလား။ မျှော်လင့်ခြင်းတွေကို ဆုပ်ကိုင်ရင်း တစ်နေ့ မောင် ပြန်လာမလားလို့ သူမ ရူးသွပ်စွာ စောင့်စားနေခဲ့ဖူးသည်။ အသည်းကွဲ၍ ယိုင်နဲ့သွားသော စိတ်တွေကို သူမ အလုပ်ထဲ နှစ်ထားရင်း။ သီအိုရီတွေမှားခဲ့သော သူမတို့ ပုစ္ဆာ ဆက်တွက်ခွင့်မရှိတော့ပေမယ့် သူမ ခေါင်းမာစွာနဲ့ပဲ။

တခါတလေ မောင်တစ်ယောက် သူမကို ယောင်ယမ်း၍ သတိရလေမလားရယ်လို့ သူမ ရူးရူးမိုက်မိုက် တွေးနေခဲ့ဖူးသည်။ လွမ်းလိုက်တာရယ်လို့ မောင်နှင့် သူမ အကြောင်းတွေ တွေးပြီး ငိုခဲ့ဖူးသည့် ညတွေ မရေတွက်နိုင်ခဲ့။ သူမရဲ့  နေ့စဉ်မှတ်တမ်းတွေမှာ မောင့်ကို တမ်းတတတ်သည့် လွမ်းဆွတ်ခြင်းက မပျက်မကွက်ရှိနေခဲ့သည်။ တစ်နေ့ မမျှော်လင့်ဘဲ မောင် ဖုန်းဆက်လာခဲ့သည်။ ဖြစ်ခဲ့ဖူးသည့် အကြောင်းတွေကို သူမဖက်ကလည်း မမေးခဲ့သလို မောင်ကလည်း မသိသလို နေခဲ့သည်။ ဟန်ဆောင်ပြောနေရင်းနဲ့ပဲ သူမနာကျင်ခြင်းတွေကို မောင်မသိစေခဲ့။ မာယာများသူလို မဟုတ်ပေမယ့် မောင် အနေခက်စေမည်ဆိုလျှင် သူမ ခံစားချက်တွေကို မောင်မမြင်အောင် သူမ ဟန်ဆောင်ကောင်းသူ ဖြစ်ချင်ပါသည်။ စကားတွေ ဟိုရောက်၊ ဒီရောက်နှင့် နှစ်ဦးသား ဖုန်းချ အပြီးမှာတော့ သူမသာ သက်ပြင်းရှည်တွေနှင့် ညဉ့်နက်ခဲ့ဖူးသည်။

တကယ်ကို မမျှော်လင့်ဘဲ မောင်က တွေ့ချင်သည်ဆို၍ သူမ စိုးရွံစွာ လာခဲ့မိသည်။ မောင်တကယ်ဆုံးဖြတ်နိုင်သည့်နေ့ ရောက်လျှင် သူမကို အသိပေးလိမ့်မည်ဟု သူမ သိထားသည်ပဲ။ မောင့်ရဲ့ ရွေးချယ်ခြင်းက သူမ မဟုတ်ခဲ့လျှင် သူမ မည်သို့ရင်ဆိုင်ရမည်နည်း။ တကယ်တော့ အရွေးချယ်ခံဘဝဆိုတာကို သူမ မုန်းလှပါသည်။ သူမ မတွေးချင်တော့။ အကောင်းဆုံးကိုလည်း မတွေးရဲခဲ့သလို အဆိုးဆုံးအတွက်လည်း သူမ အသင့်ဖြစ်မနေခဲ့။ စိုးရိမ်စိတ်တွေနဲ့ မောင်နှင့် ချိန်းသည့်နေရာရောက်တော့ မောင့်ကို မတွေ့၍ သူမ အားငယ်စွာ။ ဖုန်းခေါ်၍လည်း မရ။ စိုးရွံ့စွာ ဟိုကြည့်၊ ဒီကြည့် နှင့် သူမ ရှာဖွေကြည့်တော့ မောင့်ကို အများသုံးဖုန်းနားတွင် တွေ့လိုက်ရသည်။ မောင့်ဖုန်း battery ကုန်သွား၍ မောင် သူမဆီ ဖုန်းဆက်ဖို့ ပြင်နေခြင်းရယ်။ သူမကတော့ အဆင်မပြေတာတွေကို သတိမပြုမိလောက်အောင် ပျော်ရွှင်နေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ မောင်နှင့် တခြားတစ်ယောက် အတူတွဲပြီးမလာခဲ့ခြင်းသည်ကပင် သူမ စိတ်သက်သာရာ ရခဲ့သည်။

မောင်က ကို သဲအနားမှာ ရှိနေဖို့ မတောင်းဆိုသင့်တော့ပါဘူး လို့ ဆိုခဲ့စဉ်က သူမ ကလေးတစ်ယောက်လို မောင့်ရင်ခွင်မှာ ငိုခဲ့ဖူးသည်။ မောင်ပြန်လာခြင်းသည်ကပင် သူမဘဝအတွက် အလင်း။ မောင့်ကို ဆုံးရှူံးသွားမှာ သူမ အကြောက်ဆုံးအရာပါ။ မောင့်ရဲ့ စကားတွေကို အကြွင်းမဲ့ ယုံကြည်ပြီး စကားနာထိုးဖို့ မေ့လောက်အောင် သူမ မောင့်ကို ချစ်ပါသည်။ သူမရဲ့ သံသယစကားတွေနှင့် မောင့်ကို အနိင်မယူလိုပါ။ မောင်နှင့်သူမ ပျော်ရွှင်ခြင်းတွေကို ဘယ်အရာနှင့်မှ မဖျက်ဆီးရက်။ မချစ်တတ်သော သူမဘဝတွင် မောင့်ကို ဒီလောက်ထိ ချစ်ခဲ့လိမ့်မည်ဟု ကိုယ်ကိုယ်ကို ပင် မယုံကြည်နိုင်လောက်အောင် သူမ မောင့်ကို ချစ်ခဲ့ပါသည်။ ဒီချစ်ခြင်းတရားတစ်ခုတည်းနဲ့ မောင့်လက်ကို တွဲပြီး အရာအားလုံးကို ရင်ဆိုင်ဖို့ သူမ အသင့်ဖြစ်နေခဲ့သည်။

ချစ်သူဝတ္ထရား ပျက်ကွက်လာသော မောင်၊ တစ်နေ့တစ်ခါမျှပင် ဖုန်းခေါ်ရန်ပင် မေ့လျော့နေတတ်သော မောင့်ကို သူမ စိတ်ကောက်နေမိသော်လည်း စိတ်ဆိုးပြေမြန်သော သူမကပင် မောင့်ကို ပြန်ချော့ခဲ့ပါသည်။ သို့သော် မောင့်ကို သူမ သံသယစိတ်ထား၍ မရခဲ့။ သူမရဲ့ မောင့်အပေါ်ထားသော ယုံကြည်မှု့။ မောင်စိတ်ညစ်နေသည်ကို သိသော်လည်း ဘယ်လိုမေးမေး ပြောပြမည်မဟုတ်သော မောင့်အကြောင်းသိပြီးသားမို့ သူမ ဘာကိုမှ မမေးဖြစ်ခဲ့။ တကယ်တော့ မောင့်ကို သူမ ဥပက္ခာပြုထားခြင်းမဟုတ်ခဲ့ပါ်။ တချိန် ပြဿနာတွေ ပြီးရင် ပြောပြမည်ဟုသာ ဆိုခဲ့သော မောင့်ကို သူမ အတင်းအကြပ်မမေးရက်ခဲ့ခြင်းရယ်ပါ။ မုန်တိုင်းပြီး၍ လေပြည်လာမည့် အချိန်ကို စောင့်စားဆုတောင်းနေရင်းပင် သူမ တစ်ယောက်တည်း မောင်ရဲ့ စွန့်ပစ်ခြင်းမှာ မုန်တိုင်းကျခဲ့ရတော့သည်။

တတိယအကြိမ် သူမအတွက် မောင့်မှာ အရိပ်မရှိဘူးလို့ မောင်ပို့လာတဲ့ message စာတန်းလေးကို ကြည့်ရင်း သူမ အမြင်အာရုံတွေ ဝေဝါးလာခဲ့သည်။ အကြောင်းပြချက်မရှိ ထားခဲ့ရက်သော မောင့်ကို သူမ ဘာမှ မပြောချင်တော့ပါ။ အလုပ်ကနေ နေမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နှင့် သူမ လူတွေနှင့် ဝေးရာအရပ်သို့။ ခြေလှမ်းတွေ တရွေ့ရွေ့ ။ ခြေကျင်ခရီးအနေနှင့် ဝေးကွာလွန်းသည်ဟု သူမ ထင်မှတ်ခဲ့သော အလုပ်နှင့် အိမ် အကွာအဝေးမှာ သူမ မည်သို့မည်ပုံပြန်ရောက်လာမှန်းပင် မသိခဲ့။ အိမ်အပြန်လမ်းတလျှောက် စိတ်တွေက ကြေကွဲစွာ လွင့်မျောနေဆဲ။ တကယ်တော့ မောင့်ဆီက မေတ္တာအရိပ်တွေကိုသာ လိုလားတောင့်တခဲ့သော သူမ။ မောင့်မေတ္တာအရိပ်ထက် မောင် အထီးကျန်သောအခါ၊ မောင် မောပန်းလာသောအခါ သူမရဲ့ အရိပ်တွေနှင့် အေးချမ်းစေချင်မိသည့် သူမရဲ့ မေတ္တာတရားအကြောင်း ပြောခဲ့လျှင် မောင် ဟားတိုက်ရယ်လိမ့်မည်လား။

(၃) ကြိမ်မြောက် မောင့်ရဲ့ စွန့်ခွာခြင်းမှာတော့ သူမ မောင့်အတွက် တစုံတရာကို ဆုံးဖြတ်ပေးရတော့မည်။ မောင် မချစ်မနှစ်သက်ခဲ့သော သူမအတွက် မောင် ပင်ပန်းနေလိမ့်မည်။ အနေရခက်ခြင်း ၊ အားနာခြင်းတွေနှင့် သူငယ်ချင်းဖြစ်ခဲ့ဖူးသော သူမအပေါ် မောင့်ဆုံးဖြတ်ချက်တွေ တွေဝေနေတော့မည်။ သို့သော် လမ်းခွဲခြင်းကို အလွယ်တကူ လက်ခံနိုင်လောက်အောင် သူ့မ နှလုံးသား မမာကျောခဲ့။ သူမရဲ့ အချစ်စစ်နှင့် မောင့်အပေါ် ချစ်ခဲ့ကြောင်းကို မောင်ကိုယ်တိုင်တောင် သိခဲ့ပါ့မလားလေ။ မောင်လျှောက်မည့်လမ်းတွေအတွက် သူမသည် တံတားတစ်စင်းသာ ဖြစ်ချင်ခဲ့ပါသည်။ သူမရဲ့ သတိရခြင်းတွေက မောင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့မည်ဆိုလျှင် ထို သတိရခြင်းတွေကို မြေမြုပ်သဂြိုဟ်လိုက်ချင်သည် အထိ မောင့်အတွက် သူမ အလိုက်သိပေးချင်ခဲ့ပါသည်။ သူမစိတ်ဆိုးစဉ် တခါတုန်းက သူမကို မခွဲနိုင်သေးဘူးလို့ ပြောခဲ့ဖူးသော မောင်၊ ခွဲနိုင်တဲ့ အချိန်ရောက်ရှိတော့လည်း ထားခဲ့ရက်သော မောင့်အတွက် ကျန်နေရစ်ဖို့ သူမ အဆင်သင့်ဖြစ်ရမည်ပေါ့။ ဒီလိုနဲ့ နှောင်တွယ်မိတဲ့ နှလုံးသားဆန္ဒတွေကို ကြိတ်မှိတ်မျိုသိပ်ရင်း မောင့်လက်တွေကို ဖြေလွှတ်ပေးခဲ့ပါသည်။ ထို့နောက် မောင်နဲ့ဝေးရာ နေရာသို့သာ သူမ ပြေးထွက်ခဲ့ပါတော့သည်။

နှင်းပြိုတဲ့ ဆောင်းဒီဇင်ဘာ အဲဒီအချိန်မှ စ၍ ထားခဲ့သော မောင့်အတွက် ဘာရယ်မဟုတ်ပါဘဲ မောင့်ကို တမ်းတစိတ်နှင့် သတိရတိုင်း သူမ ကြယ်လေးတွေ ခေါက်နေခဲ့တာ အခုဆို မောင်ရယ်… ကြယ်လေးတွေတောင် အတော်များနေခဲ့ပြီ။ မောင့်ဆုတောင်းတွေပြည့်စေဖို့ ကြွေချင်တဲ့ ကြယ်တစ်စင်း မောင် မသိတဲ့ အမှောင်ထဲမှာရှိနေခဲ့တယ်ဆိုတာ။ မသိစိတ်က တမ်းတမြဲ ဖြစ်သော မောင့်အကြောင်းတွေ။ အချိန်တွေ ကြာခဲ့ပေမယ့် သူမအာရုံထဲမှာတော့ အရောင်မပြယ်သော သစ္စာတွေနှင့် သူမ ရင်ထဲ မောင် ပျောက်ဆုံးမသွားခဲ့။ သို့ပေမယ့် မောင်ကိုယ်တိုင်မသိခဲ့သော သူမ အကြောင်းတွေ။ မောင် မရှိတော့တဲ့ နေ့စွဲတွေမှာ တခါတရံ လွမ်းဆွတ်ခြင်းတွေနဲ့၊ တခါတရံ အထီးကျန်ခြင်းတွေနဲ့ သူမတစ်ယောက်တည်း။ ဒါတွေကို မောင်တစ်ယောက် သိမှ သိပါလေစ။ သူမနှင့် ပတ်သက်၍ ဘာကိုမှ မောင်သိလိမ့်မည်လည်း မဟုတ်သလို သိချင်လိမ့်မည်လည်း မဟုတ်။ သူမ မေ့ထားသည့်ကြားကပင် မောင့်ရဲ့မွေးနေ့ကို အမှတ်တရလွမ်းဆွတ်နေတတ်မြဲ။
(၁၂) နာရီ ထိုးပြီ။ သူမကတော့
ရက်စွဲ အကူးအပြောင်းလေးကို ထိုင်ကြည့်နေမိရင်း….
မောင့်အတွက် Happy Birthday to You ဟု ခပ်တိုးတိုးလေး ရေရွတ်ဆုတောင်းနေရင်း…………။

No comments:

Post a Comment