ဘ၀မှာ တစ်ခါလောက်..
တစ်စုံတစ်ရာကို နှစ်နှစ်လိုလို ချစ်ဖူးချင်တယ်…။
အတားအဆီးတွေ..
စည်းမျဉ်းဘောင်တွေ…
ပုံစံခွက်တွေ..
တစ်ညီတစ်ညွတ်ထဲ ခေါင်းငြိမ့်မှုတွေ နဲ့ နာခံမှုတွေ..
နောက်ပြီး…
ဆုံးမ သြ၀ါဒတွေ..
အဲဒါတွေ..အဲဒါတွေရဲ့ ဟိုးအဝေးက
တစ်စုံတစ်ရာကို..
နှစ်နှစ်လိုလို
ကိုယ်..
ချစ်ချင်တယ်..။
အဲသလို….
ဘာသာသတ်မှတ်ထားတဲ့ မှန်ကန်မှုတွေက
ပုန်ကန်မှုတွေလို အယောင်ဆောင်ပြီး
ညညဆိုလန့်နိုး
ကမူးရူးထိုးနဲ့ထ
ဝတ်ရုံနက် လှလှကြီးတွေခြုံ
အယုံသွင်းတဲ့လက်ကြီးတွေနဲ့
တွဲခေါ်တော့မလိုလို…
ဟော…….
အနက်ရှိုင်းဆုံးထဲဆွဲခေါ်သွားဖို့
ကြိုးစားတတ်ကြသေးတယ်..။
မိုးတစိမ့်စိမ့်ရွာနေတဲ့နေ့က
ချိုကျတစ်ခွက်သောက်နေတဲ့ သူငယ်ချင်းကို
သော့သော့ညှင်းရယ်သံနဲ့ပြောဖူးတယ်..
“တစ်ကယ်ဆို..
ငါ.. မချစ်ဖူးဘူး.. နင်သိလားဟင်..”
စကားမဆုံးခင် သူငယ်ချင်းရဲ့မျက်ဝန်းနက်တွေမှာ..
လက်ကနဲလင်းကနဲ..ထင်းသွားတဲ့အရောင်တွေ..။
အဲသလို..
အူကြောင်ကြားအတွေးတွေနဲ့ မွန်းကျပ်တဲ့ခံစားချက်တွေဟာ..
ကိုယ့်ရင်ကိုလေ.. ငွေ့ငွေ့ကလေး
ထွေး..လို့၊ ပွေ့…လို့။
ဒီလိုနဲ့…
ရင်ထဲက အဲဒီအတွေးတွေရယ်..
ဦးနှောက်ထဲက ခံစားချက်တွေရယ်က
ခပ်တိုးတိုးဆိုတယ်..
“သူတို့တွက် လူ့အခွင့်အရေးဟာ ဘာလည်းဟင်…” တဲ့…
ဘ၀မှာလေ..
တစ်စုံတစ်ရာကို
နှစ်လိုစွာနဲ့ ချစ်ကြည့်ချင်လိုက်တာဆိုတာ..
အဲဒီအရာဟာ..
ဖန်ခွက်၊ သစ်သီး၊ မီး ပဲဖြစ်ဖြစ်..
ရေမှုတ်၊ ပူပေါင်း၊ စောင်း ပဲ ဖြစ်ဖြစ်..
ဂစ်တာ၊ တယော၊ ဗျော ပဲ ဖြစ်ဖြစ်…
ကွယ်…
ချစ်ကြည့်ချင်တယ်..
တစ်ကယ်..
No comments:
Post a Comment