တီးမယ်

Tuesday, August 9, 2011

ဝတ္ထုတို (4)

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ -၂

လေပြေ မောင့်ဆီက ထိုစကားကြားပြီး စိတ်တွေ ယောက်ယက်ခတ်နေတယ်။ ခေါင်းထဲမှာလည်း အတွေးတွေက စုံလို့။ ထိုတစ်ခဏ သူမ မောင့်ကို ဘာပြန်ပြောရမှန်းမသိအောင် ဆွံအနေခဲ့မိသည်။"ကျွန်မ ပြန်တော့မယ်မောင်။" ဆိုတဲ့ တစ်ခွန်းထဲ ပြောပြီး လှည့်ထွက်ခဲ့တယ်။ မောင်က ပြန်လိုက်ပို့ပေးမယ်ဆိုသော်လည်း သူမ taxi ကို ဇွတ်တားပြီး ထွက်လာခဲ့တယ်။
အိမ်ပြန်ရောက်တာနဲ့ အခန်းတွင်းအောင်းနေမိတယ်။ ဒီလိုဆို သူမလည်း ဆေးသွားစစ်သင့်ပြီ။ သို့သော် ဆေးသွားစစ်ရန် လုံလောက်တဲ့ သတ္တိ လေပြေမှာ မရှိတာတော့ အမှန်ပင်။ဘာလို့ ဒီလို ကံကြမ္မာဆိုးကြီးက လေပြေနဲ့မောင်အပေါ် ကျလာတာလဲကွာ။ လက်ထပ်ပြီး တစ်ပတ်မျှသာ ရှိသေးတဲ့ ဇနီးမောင်နှံ အသစ်စက်စက်လေးကိုမှ ကံတရားက ရက်စက်လေခြင်း။ မောင် အိမ်ပြန်ရောက်လာတော့လည်း စကားမပြောဖြစ်။ အတွေးကိုယ်စီနဲ့ ၂ယောက်လုံးနှုတ်ဆိတ်နေမိတယ်။ ထိုတစ်ညလုံး သူမ တစ်မှေးမှ အိပ်မရခဲ့။ မောင်လည်း အိပ်လို့ရမည်မထင်။ နောက်ဆုံးတော့ လေပြေ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မနက်ဖြန် မနက်စောစော သူမဆေးသွားစစ်မည်။ မောင့်ကိုတော့ မခေါ်သွားတော့။ သူမတစ်ယောက်ထဲသွားမည်။
နံနက် ၆နာရီ ။ သူမတစ်ညလုံး မအိပ်ရသေးသော်လည်း ဆေးသွားစစ်ရမည်ဟူသော စိတ်ကြောင့်ထင်သည်။ အိပ်ချင်စိတ် လုံးဝမရှိ။ မောင်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားသည် ထင်၏။ အိပ်မောကျနေသည် မှာ လုံးဝ အပြစ်ကင်းစင်လှသည်။ ဒီလို ရောဂါမျိုး မောင့်လို လူဆီမှာဖြစ်တယ်ဆိုတာ လေပြေခုချိန်ထိ ယုံရခက်ဆဲ။ အိပ်ရာထဲလည်း ဆက်မလှဲချင်တော့တာနဲ့ ရေမိုးချိုး ၊ဘုရားရှိခိုးပြီး မနက်စာအတွက် ပြင်ဆင်သည်။ သူမအိမ်က ထွက်လာချိန်အထိ မောင် အိပ်ရာက မနိုးသေး။ ထို့နောက် သူမ အိမ်မှ စောစောထွက်ကာ ရွှေတိဂုံဘုရားသို့ ၀င်သည်။ ထို့နောက် ဆေးစစ်ရန် ထွက်လာခဲ့သည်။ လမ်းတစ်လျှောက် သူမတွေးနေမိသည်။ အကယ်လို့ ဆေးစစ်တာ POSITIVE ဆိုရင် သူမ ဘာဆက်လုပ်မည်နည်း။ သူမ အသက် ၂၂နှစ်သာရှိသေးသည်။ သူမနှင့် မောင်တို့ ပျော်ရွှင်တဲ့မိသားစုဘ၀လေး ထူထောင်ကြမည်ဟု အိပ်မက်ထားသမျှ တကယ်ပဲ ဖြစ်မလာနိုင်တော့ဘူးလား။ ဆေးခန်းရှေ့ရောက်လာမှ သူမအတွေးစတွေ ပြတ်သွားသည်။ ဆေးခန်းရောက်ရောက်ခြင်း ဆေးစစ်လို့မရသေး။ အရင် consultation ၀င်ရသည်။ ဆရာဝန်မ ပြောသော စကားများ နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။ ထို့နောက် ဆေးစစ်ပြီး အိမ်ပြန်လာခဲ့သည်။ "အဖြေရရင် ဖုန်းဆက်လိုက်မယ်။ ၂ ရက်အတွင်းတော့ ရမှာပါ။ စိတ်အေးအေးထားပါ မလေပြေ။ ဒါမျိုးက ဖြစ်ခဲပါတယ်။ "သူမလည်း ခေါင်းအသာငြိမ့်ကာ ထွက်လာခဲ့သည်။
အိမ်ပြန်ရောက်တော့ မောင် အိမ်မှာမရှိ။ company သွားတာပဲ ဖြစ်မည်။လေပြေ မောင့်ကို ချီးကျူးမိသည်။ ဤသို့ ကြောက်မက်ဖွယ် ရောဂါဆိုးကြီး စွဲကပ်နေသော်လည်း မောင် တည်ငြိမ်လွန်းသည်ဟု လေပြေထင်သည်။ သူလုပ်စရာရှိသော အလုပ်များကို မူမပျက် လုပ်သွားနိုင်သည်။ အကယ်လို့ သူမသာ မောင့်နေရာမှာဆို မောင့်လိုနေနိုင်ပါ့မလား။ မင်္ဂလာဧည့်ခံပွဲအတွက် ပြင်ဆင်ချင်စိတ်လည်း သူမမှာ မရှိတော့။ လေပြေတို့အတွက် အဓိပ္ပာယ်မှ မရှိတော့ပဲ မောင်ရယ်။ ညနေကျတော့ မောင်ဖုံးဆက်ရှာပါသည်။ မင်္ဂလာခမ်းဝင်ပစ္စည်းတွေ သွားကြည့်ချင်သေးလားတဲ့။ သူမစိတ်မပါလို့ မကြည့်တော့ဘူးဟု ပြောလိုက်သည်။ မောင်လည်း သူမစိတ်အခြေအနေကို နားလည်သည်ထင်ပါတယ်။ "ဒါဆိုလည်း မောင်စောစောပြန်လာမယ်နော်"ဆိုပြီး ဖုန်းချသွားသည်။
မောင် အိမ်ပြန်လာတော့ သူမတို့ ညစာတူတူစားဖြစ်သည်။ ခါတိုင်း ရယ်မောစနောက်သံတွေနှင့် ပြည့်နှက်နေသော ထမင်းဝိုင်းလေး အခုတော့ တိတ်ဆိတ်ခြောက်သွေ့မှုတွေသာ ကြီးစိုးနေသည်။ ထိုတိတ်ဆိတ်မှုကို မောင်ကပဲ စတင်ဖြိုခွင်းလိုက်သည်။ "ကျေးဇူးတင်ပါတယ် လေပြေ။" သူမ ခေါင်းငုံ့ထမင်းစားနေရာမှ မော့ကြည့်မိသည်။ မောင့်ပုံစံက တကယ်ကို လှိုက်လှိုက်လှဲလှဲ ပြောနေသလိုပင်။ "ဘာကိုကျေးဇူးတင်တာလဲ မောင်" "မောင်ကို ခွင့်လွှတ်ပေးလို့ပေါ့။ မောင်က လေပြေကို ပြောဖို့ တော်တော်လေး သတ္တိမွေးခဲ့ရတယ်။ လေပြေ မုန်းသွားမှာ မောင်ကြောက်တယ်။ မောင် တကယ့်ကို မိုက်လုံးကြီးခဲ့မိတာပါကွာ" "ဒီမှာ မောင်။ ကျမ မောင့်ကို ခွင့်လွှတ်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ခုချိန်မှ ကျမစိတ်တွေ တအားရှုပ်နေတဲ့အတွက် အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မောင့်ကို ကျမပြောဖို့ အင်အားမရှိသေးဘူး။ မောင့် အနားမှာ ဒီလောက် အစစအရာရာ လိုလေသေးမရှိအောင် ကျမတာဝန်ကြေခဲ့ရက်နဲ့ ဒီလိုမျိုးလုပ်ရက်တဲ့ မောင့်ကို ကျမဘယ်လိုနားလည်ပေးရမလဲ။ပြောပါ မောင်"သူမ၄နှစ်လုံးလုံး နှုတ်ကျိုးအောင် ခေါ်ခဲ့သော "မောင်"ဆိုသော အသုံးအနှုန်းကို မောင့်ကို စိတ်ဆိုးသည့်တိုင်အောင် ဆက်ခေါ်မိနေဆဲပင်။ "မဟုတ်ဘူး လေပြေ ... ဒီကိစ္စတွေက မောင်လေပြေနဲ့ မတွေ့ခင်တုန်းက ကိစ္စတွေပါ။ လေပြေနဲ့ တွေ့ပြီးနောက်ပိုင်း ကိုယ်တစ်ခါမှ သစ္စာမဖောက်ခဲ့တာ အမှန်ပါကွာ။"လေပြေ ထမင်းဆက်စားချင်စိတ်မရှိတော့။ ထမင်းဝိုင်းမှ ထထွက်လာသည်။
ဒီရက်ပိုင်း သူမ မောင်နှင့် ခပ်စိမ်းစိမ်းနေဖြစ်သည်။ မောင် အလုပ်က ပြန်လာရင်လည်း စကားသိပ်မပြောဖြစ်။ သို့နှင့် ဆေးစစ်ပြီး တတိယမြောက်နေ့မှာ သူမကို ဆရာဝန်မက ဖုန်းဆက်သည်။ ဆေးစစ်ထားသည့် အဖြေလွှာ ရပြီဟု အကြောင်းကြားခြင်း ဖြစ်သည်။ အဖြေကို ဖုန်းထဲက မေးတော့ ဆရာဝန်မက လူကိုယ်တိုင်လာယူဖို့ ပြောသည်။ လေပြေ စိတ်ထဲထင့်နေသည်။ ဒီလိုနှင့် ဆေးခန်းရောက်တော့ အဖြေက NEGATIVE တဲ့။ လေပြေ ၀မ်းသာသွားသည်။ ဒါပေမဲ့ ဆရာဝန်မက ဆက်ပြောသည်။ "လေပြေ နောက် ၆လနေရင်တော့ ထပ်ဆေးစစ်ဖို့လိုမယ်။ အခုက လေပြေတို့ လက်ထပ်ထားတာ တစ်ပတ်ပဲ ရှိသေးတယ်ဆိုတော့ အကယ်လို့ ရောဂါပိုးကူးခဲ့မယ်ဆိုရင်တောင် အဲ့လောက်တစ်ပတ်အချိန်အတွင်းမှာ မသိနိုင်ဘူး။" "ဟုတ်ကဲ့ပါ ဆရာမ။ လေပြေ နောက်၆လလောက်နေရင် ပြန်လာခဲ့ပါအုံးမယ်။"လေပြေစိတ်ထဲမှာ နည်းနည်းတော့ ပေါ့သွားသလိုပင်။ သို့သော်လည်း နောက်၆လဆိုသော အချိန်မှာ ဘာမဆိုဖြစ်လာနိုင်သေးသည် မဟုတ်ပါလား။
လေပြေအိမ်ပြန်ရောက်တော့ မောင်က အစောကြီးအိမ်ပြန်ရောက်နေသည်။ "လေပြေ ဘယ်သွားနေတာလဲကွာ။ မောင် ဒီနေ့ နေလို့မကောင်းတာနဲ့ အိမ်စောစောပြန်လာခဲ့တယ်။ လေပြေဖုန်းဆက်တာလည်း ဘယ်လိုမှ ခေါ်လို့မရဘူး။" "အင်း လေပြေ မေချိုတို့အိမ်ခဏသွားနေတာ။ ဖုန်းက ဘက်ထရီကုန်နေတယ်။ " သူမ စကားကို မေးတစ်ခွန်း ဖြေတစ်ခွန်းသာ မောင့်ကို ဆက်ဆံခဲ့သည်။ မောင်နေမကောင်းဘူးဆိုမှ မောင့်ကို သေချာပြန်ကြည့်မိသည်။ သူမ ပစ်ထားသော ၃၊၄ရက် အတွင်းမှာတောင် မျက်နှာချောင်ကျသွားလိုက်တာ။ မောင့်ကို သနားသလို ဖြစ်သွားသည်။ အို..ဘာလို့ သနားရမှာလည်း။ သူ့အပြစ်နဲ့ သူပဲ။ သစ္စာမဲ့တဲ့ ဒဏ်ခံရတာ။ သူမအဲ့လိုမျိုး စိတ်ကိုတင်းထားပေမဲ့ တကယ်တမ်းတော့ မနေနိုင်ပါ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော မောင်။ ခါတိုင်းထမင်းကို လိုက်ပွဲယူမှ ၀သည့်မောင်။ အခုတော့ ထမင်း တ၀က်ကိုပင် တပင်တပန်းစားနေရသလိုပင်။ မောင် ဘာအပြစ်တွေ လုပ်ခဲ့လုပ်ခဲ့ သိပ်ချစ်လို့ လက်ထပ်ခဲ့သောမောင့်ကိုတော့ ကြာကြာပစ်မထားနိုင်။ ရေနွေးနွေးလေးနှင့် ချောင်းဆိုးပျောက်ဆေးယူကာ သွားပေးလိုက်သည်။ နေမကောင်းသည့်ကြားမှ မောင့်အပြုံးလေးကို သူမမြင်လိုက်ရသည်။
မောင် ဒီရက်ပိုင်း အတော်နေမကောင်းဖြစ်သည်။ သူ့ကို ကြည့်ရတာလည်း လုံးဝအားမရှိသလိုပင်။ လေပြေ နေ့တိုင်း ကြက်ပေါင်းတွေ ပေါင်းတိုက်သော်လည်း မောင့်ကို ကြည့်ရတာ တော်တော်ဖျော့တော့နေသည်။ လေပြေမနေနိုင်တော့။ မောင့်ကို မေးလိုက်သည်။ "မောင်.. ဆရာဝန်ကော ပြရဲ့လား ဟင်။"မောင်က သူမကို ပြုံးပြီးကြည့်သည်။"သေမိန့်ကျပြီးသား လူတစ်ယောက်က ဆရာဝန်ဆီ သွားတော့ကော ဘာများထူးခြားမှာလဲ လေပြေရယ်"မောင်ရယ် ဖြစ်မှ ဖြစ်ရလေ။ ကိုယ့်ဟာကိုယ် သေဒဏ်ကျတရားခံတစ်ယောက်လိုတောင် သတ်မှတ်ထားပါလား။ အမှန်တော့ ဒါဟာကုမရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခုခေတ်မှာ ဆေးဝါးတွေ ဒီလောက် ခေတ်မီနေတာပဲ ။ သူမ မောင့်ကို ရအောင် ကုမည်။ ပြုစုမည်။ မောင် လူကောင်းနှင့်မခြား သက်တမ်းစေ့ နေနိုင်စေရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သူမ မောင့်ကို ဟိုရက်ပိုင်းတွေတုန်းက လစ်လျူရှူခဲ့မိတာတောင် နောင်တရသွားသည်။ သူမမောင့်ကို နွေးထွေးတဲ့ အားပေးမှုတွေ ပေးသင့်တဲ့အစား အေးစက်တဲ့ လစ်လျူရှုမှုတွေသာ ပေးခဲ့သော်လည်း မောင်တစ်ချက်လေးမှ စောဒက မတက်ခဲ့။ သူမမောင့်ကို ဒီအတိုင်း ဖြစ်ထားလို့တော့ မဖြစ်။ မနက်ဖြန် ယုံကြည်ရတဲ့ အသိဆရာဝန်တစ်ယောက်ဆီ ခေါ်သွားရမည်။ မောင့်အသက် ၂၆နှစ်သာ ရှိသေးသည်။ သူမတို့မှာ လှပတဲ့ အနာဂတ်တွေ ရှိသေးသည်။ မောင့်ကို သူမဘ၀ထဲက ထွက်ခွာခွင့် မပြုနိုင်သေးဘူး။
နောက်တစ်နေ့ မောင့်ကို ဆေးခန်းသွားဖို့ခေါ်တော့ မောင်က အတင်းငြင်းသည်။ နောက်ဆုံး သူမ တောင်းပန်တစ်လှည့် စိတ်ကောက်တစ်လှည့် မနည်းခေါ်မှ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာသည်။ စမ်းသပ်မှုတွေအပြီး ဆရာဝန်က သေချာရှင်းပြသည်။ ဆောင်သင့် ရှောင်သင့်သည့် အချက်တွေကို။ မောင်က ရောဂါဖြစ်တာကို သိတာ နောက်ကျတဲ့ အတွက်ရော သင့်လျော်တဲ့ ဆေးဝါးကုသမှု မခံခဲ့တဲ့အတွက် အခြေအနေက သိပ်တော့ အားရစရာမရှိကြောင်း။ဒါပေမဲ့ အခုအခါ ဆေးဝါးတွေက တိုးတက်လာပြီ ဖြစ်တဲ့အတွက် ဆေးမှန်မှန်သောက်မယ် ကျန်းမာရေးဂရုစိုက်မယ်ဆိုရင် မောင့်ဟာ လူပုံမှန်တစ်ယောက်လို နေနိုင်သွားကြောင်း အခုလာပြတာ အချိန်မှီလေး ဖြစ်ကြောင်း ဂရုစိုက်ဖို့လိုကြောင်း ပေါ့ပေါ့မနေသင့်ကြောင်းပြောသည်။သူမ မောင့်ကို တစ်ချက်ပြုံးကြည့်ပြီး မောင့်လက်လေးကို တင်းတင်းဆုပ်လိုက်သည်။"မောင် ဒီမှာ ဆရာက ပြောနေတယ်။ ဆေးမှန်မှန်သောက်ရင် သက်သာသွားမယ်တဲ့။ကြားတယ်နော်။"ထို့နောက် သူမ ဆရာဝန်ပေးတဲ့ ဆေးများယူပြီး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် မောင်က စကားတော့ သိပ်မပြော။ သူမက စပြီး "မောင် လေပြေကို ချစ်ရင် ဆေးမှန်မှန်သောက်ရမယ်နော်။ လေပြေကိုယ်တိုင် အချိန်မှန်တိုက်မယ်။ မသောက်လို့ကတော့ မိလေပြေ အကြောင်းသိတယ်နော်..ဟင်းဟင်း""ဟုတ်ပါပြီဗျာ။ ဒေါ်လေပြေစကားနားထောင်ပါ့မယ်ဗျာတဲ့" ကဲဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မောင်လည်း။ ဒါပေမဲ့ သူမချစ်သောမောင်သည် သူမအနားက ထွက်ခွာခွင့် မပေးနိုင်သေးပါ။ သူမ အတတ်နိုင်ဆုံး မောင့်ကို လူကောင်းပကတိလို နေနိုင်အောင် ကြိုးစားမည်။ သူမ သက်ပြင်းတိုးတိုးလေးတော့ တစ်ချက် ခိုးချမိသည်။

ဆက်ပါဦးမည်။ (ဇာတ်လမ်းက မလိုအပ်ပဲဆွဲသလို ဖြစ်သွားလားမသိဘူး။ ရေးပြီး သိပ်တော့ စိတ်တိုင်းမကျသေးဘူး။နောက်မှ ပြန်ပြင်တော့မယ်။ ခုလက်ညောင်းသွားပီ။ :D စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင်။)

Monday, March 16, 2009

မက်ခွင့်မရှိလိုက်တဲ့ အိပ်မက်တစ်စုံ


"မောင်...လာလေ။ ဘာငေးနေတာလဲ။ ဟိုမှာ ဓာတ်ပုံရိုက်ဖို့ ခေါ်နေပြီ။"
လေပြေတို့ ဒီနေ့ မင်္ဂလာပွဲအကြိုဓာတ်ပုံလာရိုက်နေခြင်း ဖြစ်သည်။ မောင်တစ်ယောက် ဒီနေ့ဘာတွေဖြစ်နေလည်းမသိ။ ငေးတိငေးတိုင်နဲ့။ လူနဲ့စိတ်နဲ့ မကပ်သလိုပင်။ ဓာတ်ပုံရိုက်တာလည်း မပြုံးပဲ တည်တည်ကြီးဖြစ်နေလို့ ဓာတ်ပုံဆရာလည်း ပြုံးခိုင်းရတာ မောနေပြီ။ အမြဲတမ်း ပြုံးပြူံးရွှင်ရွှင် တက်တက်ကြွကြွနေတတ်တဲ့ မောင်..တစ်ခုခုတော့ လွဲနေပြီဆိုတာ လေပြေရိပ်မိနေပြီ။ မောင် ဒီရက်ပိုင်း မင်္ဂလာဆောင်အတွက်ရော companyကအလုပ်တွေပါ လုံးပန်းနေရတော့ ပင်ပန်းလွန်းလို့ပဲ ဖြစ်မှာပါ။

ဓာတ်ပုံရိုက်တာလည်း တော်တော်တော့ အချိန်ပေးရသား။ မနက်၉နာရီထဲက စလိုက်တာ အခုညနေ၃နာရီမှပဲ ပြီးတော့တယ်။ ဒါပေမဲ့ လေပြေတစ်ယောက် မမောနိုင်သေး။ မင်္ဂလာခန်းဝင် ပစ္စည်းတွေ မောင်နဲ့ လိုက်ဝယ်ရအုံးမယ်။ လေပြေတို့ ဧည့်ခံပွဲက နောက်လ၂၀ရက်နေ့။ အချိန်က တစ်လခွဲလောက်ပဲ လိုတော့တယ်။ ဒါကြောင့် အလောတကြီးနဲ့ လိုက်လုပ်နေရတာ။ဒါပေမဲ့ အဲ့လိုပင်ပန်းနေရတာကိုပဲ လေပြေက ပျော်နေတာလေ။

လေပြေဓာတ်ပုံရိုက်ပြီးတော့ အ၀တ်အစားပြန်လဲ၊မိတ်ကပ်တွေ ပြန်ဖျက်လုပ်နေတုန်း မောင်က သူကားပေါ်ကပဲ စောင့်နေမယ်တဲ့။ လေပြေလည်း ခပ်သွက်သွက်လေးလုပ်ပြီး ထွက်လာခဲ့တယ်။ လေပြေ ကားပေါ်ရောက်တော့ ကိုယ်တော်ချောက စတီယာရင်ပေါ် ခေါင်းမှောက်ပြီး အိပ်နေလေရဲ့။ သူမလည်း အသာလေးလှုပ်နှိုးလိုက်တယ်။ မောင်ထလာတော့ မောင့်မျက်လုံးတွေကို အမှတ်မထင်ကြည့်မိသွားသည်။ အို.. မောင့်မျက်လုံးတွေ နီပြီး မို့အစ်နေပါလား။ မောင်ငိုထားတာလား။ မဖြစ်နိုင်။ မောင်ငိုတာ လေပြေတစ်ခါမှ မတွေ့ဖူးဘူး။ "မောင့်မျက်လုံးတွေ ဘာဖြစ်နေတာလဲဟင်။ အိပ်ရေးမ၀လို့လား" ကျွန်မမေးလိုက်သည်။ မောင်ပြန်မဖြေပါ။ "လေပြေ..မောင်တို့ နောက်နေ့မှ ပစ္စည်းတွေ သွားဝယ်ရအောင်။ မောင် လေပြေကို အရေးကြီးကိစ္စ ပြောစရာရှိတယ်။ မောင်တို့ အေးအေးဆေးဆေး တစ်နေရာသွားရအောင်။" ကျွန်မမောင့်ကို ကြည့်ပြီး ရင်တွေပူလာသည်။ သို့သော် ဘာမှ ပြန်မပြောဖြစ်။ ခေါင်းအသာငြိမ့်လို့ လိုက်လာခဲ့သည်။

ကန်တော်ကြီးရဲ့ ခုံတန်းလေးတစ်ခု။ အချိန်က ညနေ၄နာရီ။ ရောက်တာ ၁၀မိနစ် ရှိပြီ။ အရေးကြီးကိစ္စ ပြောစရာရှိသည် ဆိုသောမောင် ခုချိန်ထိ စကားတစ်ခွန်းမှ မဟသေး။ လေပြေစိတ်မရှည်တော့။ "မောင်.. ပြောစရာ ရှိတာမြန်မြန်ပြောလေ။ ဘာတွေဖြစ်နေတာလဲကွာ။" မောင်သူမကို စိုက်ကြည့်သည်။
"လေပြေ.. မောင် လေပြေကို သိပ်ချစ်တာ လေပြေသိပါတယ်နော်"
"အော်..မောင်ကလည်း ဘာများလည်းလို့။ သိတယ်လေ။ မောင်က လေပြေကို သိပ်ချစ်သိပ်အလိုလိုက်၊ ဒါကြောင့်လည်း မောင့်ကို တစ်ဘ၀လုံးအတွက် ရွေးချယ်ခဲ့တာပဲဟာကို။"
"မောင်သာ အပြစ်တစ်ခုခုလုပ်မိရင် လေပြေတစ်သက်လုံး မုန်းသွားမှာလားဟင်။"
"မောင်ကလည်း ဘာတွေပြောနေတာလဲ။ မောင် ဘယ်တော့မှ လေပြေစိတ်ဆင်းရဲအောင် မလုပ်ဘူးဆိုတာ လေပြေယုံတယ်။"
"မောင်လေ...မောင် ..လေပြေကို ၀န်ခံစရာတစ်ခုရှိတယ်။ မောင်ကို ခွင့်မလွှတ်ပါနဲ့ လေပြေရယ်။ မောင် တအားမှားခဲ့တယ်ကွာ.. တောက်"
"ဘာကိစ္စလဲမောင်.. မြန်မြန်ပြောပါမောင်ရယ်။ လေပြေ ရင်တွေပူလို့ပါ။"
မောင် သက်ပြင်းရှည် တစ်ချက် ချတယ်။ ပြီးတော့ သူမကို မကြည့်ပဲ ကန်ရေပြင်ကို ကြည့်ရင်း စကားဆက်ပြောတယ်။
"မောင် ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက် ဆေးစစ်တာ အဖော်လိုက်သွားပေးတယ် လေပြေ။ သူက HIV သွားစစ်တာ။ သူ့တစ်ယောက်တည်း မသွားချင်ဘူးဆိုတာနဲ့ လိုက်သွားပေးတာ။ ဟိုရောက်တော့ သူက မင်းပါတစ်ခါတည်း စစ်ထားပါလား။စစ်ထားတော့ ပိုကောင်းတာပေါ့ကွာ ဆိုတာနဲ့ မောင်ပါတစ်ခါတည်း စစ်ခဲ့တယ်။ အဖြေက လွန်ခဲ့တဲ့၂ရက်က ရတယ်။ မောင့်သူငယ်ချင်းက NEGATIVE တဲ့။ ဒါပေမဲ့ ....ဒါပေမဲ့..."
မောင့် စကားသံတွေ တုန်နေသည်။ ကျွန်မလည်း ဆက်နားမထောင်ရဲတော့။ မောင်ရယ် ရက်စက်လိုက်တာ။ ကျွန်မအပေါ်လည်း သစ္စာမဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဟာ... ရုတ်တရက် သူမထူပူသွားသည်။ သူမနဲ့မောင် လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တရားရုံးတွင် လက်မှတ်ထိုးပြီး အကြင်လင်မယားဘ၀ရောက်ခဲ့သည်။ ဧည့်ခံပွဲကတော့ ဟိုဖက်ဆွေမျိုး ဒီဖက်ဆွေမျိုးစောင့်ရင်းနဲ့ နောက်လမှ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ ဒါဆို မောင့်မှာ HIV POSITIVE ဆိုတော့ သူမရော???

ဆက်ပါဦးမည်။ ။

No comments:

Post a Comment