ကျွန်တော်တို့ ငယ်ငယ်က စိတ်ကူးတွေ ကြွယ်ကြွယ် ၊ အတွေးတွေက မိုးလောက်ကျယ်ပြီးတော့ အိပ်မက်တွေ တနင့်တပိုးနဲ့ ရှင်သန်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက စကားလုံးလေး တစ်လုံးကို ရပြီ ဆိုရင် သူ့ရဲ့ Roots က ဘာလဲ ဆိုပြီးတော့ လိုက်ပြီး စပ်စပ်စုစု လုပ်လေ့ ရှိခဲ့ဖူးတယ်။ များသော အားဖြင့် စာဖတ်အား အလွန်ကောင်းတဲ့ ကျွန်တော့် သူငယ်ချင်းတွေပေါ့လေ။ ကျွန်တော် စာဖတ်တယ် ဆိုတာ သူတို့ ဂျာနယ် ကြည့်သလောက်ပဲ ရှိတာပါ။
အဲဒီလို စကားလုံးလေးတွေရဲ့ ဇစ်မြစ်ကို လိုက်ရှာပြီး ခွဲခြားစိတ်ဖြာတတ်တဲ့ ကျွန်တော့် သူငယ်ချင်းတွေ “ ကဗျာ ” ဆိုတဲ့ စကားလုံးလေး တစ်လုံးနဲ့ ဝင်တိုးမိပါလေရော။ ဒီ ကဗျာ ဆိုတဲ့ စကားလုံးလေးကြောင့် အတော်ကို ဒုက္ခရောက်ကြရဖူးတယ်။ ကဗျာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ( အခုထိ ) ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ကဗျာ ဆိုတာ “ ကာဗျ ” ဆိုတဲ့ ပါဠိဘာသာ ကပဲ ဆင်းသက်လာသလိုလို ၊ “ ကဝိဗျ ” ဆိုတဲ့ စကားလုံးကပဲ လာသလိုလို ဘယ်သူမှ သေသေချာချာ သူ့ရဲ့ ဇစ်မြစ်ကို မရှာခဲ့နိုင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ ကဗျာတွေတော့ ဆက်ပြီးတော့ ရေးဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကဗျာ ဆိုရင် လေးလုံးစပ်တို့ ၊ လေးသုံးကာရံတို့ ၊ ဒါတွေ အရမ်းကို ခေတ်စားခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒါဒါဒါဒါ ဒီဒီဒီ ဆိုသော ကဗျာလေးတွေ ရေးပြီး ပျော်နေခဲ့ကြတာပါပဲ။ ကိုယ့်ကဗျာ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့လေ။ ကိုယ့်သူငယ်ချင်း အချင်းချင်း ကဗျာလေးတွေ လဲဖတ်ကြရင်း ပြောကြ ၊ ဆိုကြ ၊ ဆွေးနွေးကြနဲ့ ကိုယ့်ဖာသာကိုယ်ပဲ လူတတ်တွေ လုပ်နေကြတာပါ။
နောက်တော့ ခေတ်တွေ ပြောင်းလဲလာပြီးတော့ မော်ဒန်ကဗျာက ကဗျာ ရေစီးကြောင်းထဲကို အရှိန် ခပ်ပြင်းပြင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ နောက်တော့ ပို့စ်မော်ဒန်ကဗျာတွေ ဖြစ်လာပြန်တယ်။ နောက်တော့ . . . နောက်တော့ . . . ပေါင်းများစွာပါပဲ။ ကဗျာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ကလည်း သိပ်မသိပါဘူး။ ကဗျာနဲ့ ပတ်သတ်ပြီး ကျွန်တော် သိတာ တစ်ခုပဲ ရှိပါတယ်။
“ ကဗျာ ဆိုတာ ရွတ်ဆိုမှုကနေ ဖြစ်တည်လာခြင်း ”
လို့ပဲ အကျဉ်းချုပ် ဆိုကြပါစို့။ ဒါကြောင့် ရိုးရိုး စကားလုံးတွေကို စကားပြေ လို မရေးဘဲ ကျစ်လျစ်သော စကားလုံး ပုံစံတွေနဲ့ ကဗျာ ဆိုပြီး ရွတ်ဆိုခဲ့ကြတာပါ။ ( ဒါကြောင့်လည်း ကဗျာ ဆိုတာ ရွတ်ဆိုတယ် ဆိုပြီး ဖြစ်နေတာပေါ့။ ) ကျွန်တော်တို့ သူငယ်ချင်းတွေ ဒီလိုပဲ ခံယူခဲ့ကြပါတယ်။ အခု နောက်ပိုင်း ခေတ်ကို ရောက်လာတော့ ကျွန်တော်တို့လည်း လေးလုံးစပ် ဆိုသော ဘောင်တွေကို တွန်းထုတ် ဖောက်ထွက်ရင်း မော်ဒန်ကဗျာ လို့ လူပြောများတဲ့ ကဗျာတွေ ပိုရေးဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ရေးဖြစ်တဲ့ ကဗျာလေးတွေကတော့ မော်ဒန်ကဗျာလို့ အတပ်မပြောနိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။
ကျွန်တော် ကဗျာတွေကို နှလုံးသားနဲ့ ရေးတယ် လို့ ဆိုရင် ညာရာ ရောက်ပါလိမ့်မယ်။ မဟုတ်ပါ။ ကျွန်တော် ကျွန်တော့်ကဗျာတွေကို စိတ်ကူးနဲ့ ၊ အတွေးနဲ့ စကားလုံးတွေကိုသာ ဖွဲ့တည်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့် ကဗျာတွေဟာ ခံစားမှုထက် အတွေးတွေ ပိုနေတာ များပါလိမ့်မယ်။ ဒါကို ကျွန်တော့် ဖာသာလည်း သိတဲ့ အတွက် အခု နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတွေကို ကျွန်တော် ဘလော့မှာ မတင်ဖြစ်ခဲ့တော့တာပါ။
ဒီကြားထဲမှာ ကျွန်တော့်မှာ အခက်အခဲ တစ်ခုနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ “ စကားပြေ ကဗျာ ” တဲ့။ အခု နောက်ပိုင်း အပြောများလာတဲ့ ကဗျာအမျိုးအစား တစ်ခုပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ရှေးရိုးစွဲ သမား မဟုတ်သော်လည်း လက်မခံချင်ပါ။ ကဗျာ ဆိုသော ရွတ်ဆိုမှု ဆိုတာ မရှိတော့ဘဲ ၊ ကဗျာကို စကားပြေ ရေးသလို တောင်တောင်အီအီ လျှောက်ရေးထားသော ကဗျာမျိုးကို “ စကားပြေကဗျာ ” ဟု ဆိုကာ ကင်ပွန်းတပ်လိုက်ခြင်းလို့ပဲ ကျွန်တော် ခံယူမိပါတယ်။ ဒါဆို နောက်ထပ် ခေတ်တစ်ခေတ် ထပ်ရောက်လာရင် “ စာစီစာကုံးကဗျာ ” ၊ “ အက်ဆေးကဗျာ ” ၊ “ အင်တာဗျူးကဗျာ ” ၊ “ ဆောင်းပါးကဗျာ ” ရယ်လို့များ ထပ်ပေါ်လာဦးမလားလို့ ကျွန်တော် တွေးမိပါသေးတော့တယ်။
ထားပါတော့လေ။ ကျွန်တော်ကလည်း နည်းနည်းတော့ ခက်တဲ့ကောင် တစ်ယောက်ပဲ မဟုတ်လား။ တစ်ခါတလေဆို ပိုပြီးတော့ ခက်တတ်ပါတယ်။
ဒါကြောင့် ကျွန်တော် ကဗျာတွေ ရေးဖြစ်ပေမဲ့ ဒီဘလော့မှာ မတင်ဖြစ်တော့တာပါ။ ဒါပေမဲ့ အခုတလော ကျွန်တော် အတော်ကို အံ့သြသင့်မိပါတယ်။ ကျွန်တော့် ဘလော့ရဲ့ စီဘောက်မှာ ကျွန်တော့်ရေးတဲ့ ကဗျာတွေကို သဘောကျတယ် ၊ ကြိုက်တယ် လို့ လာလာရေးတာ ဖတ်ရလို့ပါ။ တကယ်ကို ကျွန်တော် မထင်မိတာ အမှန်ပါပဲ။ ကဗျာကို များသော အားဖြင့် နှလုံးသားနဲ့ ရေးခဲပြီး အတွေးတွေဖြင့်သာ မာဆတ်ဆတ် ရေးနေမိသော ကျွန်တော့် ကဗျာတွေကို ခံစားတတ်သူတွေ ရှိနေတယ် ဆိုတော့ ကျွန်တော် တကယ်ကို အံ့သြမိစေတာပါ။ ( ကျွန်တော့် ကဗျာတွေ မကောင်းဘူး ဆိုတာ ကိုယ့်ဖာသာလည်း ခံစားလို့ ရနေတာပဲလေ။ )
ဘာပဲပြောပြော လူဆိုတဲ့ အကြောင်းကို ကျွန်တော် ပြောဖူးပါတယ်။ “ ကိုယ့်ကို မြှောက်နေမှန်း မသိရင် ၁၀၀ % မြောက်တတ်သတဲ့။ ဒါပေမဲ့ ကိုယ့်ကို လာမြှောက်နေတယ် ဆိုတာ သိနေရင်တောင်မှ ၅၀ % တော့ မြောက်တတ်ကြသေးတာပဲ ” မဟုတ်လား။ အခုလို စီဘောက်မှာ ကျွန်တော့် ကဗျာတွေ အတွက် အားပေးသူတွေ ရှိနေသေးတယ်ဆိုတာ သိရလို့ ကျွန်တော် တွေးထားတာ ကြာနေပြီးတော့ အကြမ်းချရေးထားတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ အထက်က ကျွန်တော် ပြောသလိုပဲ ကျွန်တော့်ရဲ့ ကဗျာတွေက နှလုံးသားနဲ့ ဖတ်ရင် ရွတ်ဆိုမှု ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမဲ့ အတွေးလေး တစ်ခု ရမယ် ဆိုရင်တော့ သူ့ရဲ့ သံစဉ်ကို ကြားနိုင်မှာပါ။
ဘယ်လိုပဲ ပြောပြော ကဗျာ အပေါ်မှာ ကျွန်တော့်ရဲ့ အဓိပ္ပါယ် ခံယူချက် ကတော့ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ . . .
“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ”
တဲ့။ နည်းနည်းတော့ နားစွင့်ကြည့်ပါဗျာ။ ထုံးစံအတိုင်းပါပဲ “ ကမ္ဘာမြေရဲ့ တစ်နေရာက တစ်စုံတစ်ယောက် အတွက် ” ရည်ရွယ်ပါတယ်။
အလွမ်းမပါသော ကဗျာ
ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။
ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။
ကျွန်တော့်ရဲ့ အချစ်ကိုက
နည်းနည်းတော့ မုတ်သုံရာသီ ဆန်တယ်။
အဲဒီ့နေ့က . . .
မိုးလေဝသ ကြေညာတိုင်း. . .
ကောင်းကင်ကို မော့ကြည့်မိတတ်တဲ့ ကိုယ်က
စွင့်စွင့်ငြားငြား ခေါင်းငုံ့ထားမိတယ်။
တိမ်တွေတောင်မှ ငါ့အပေါ် ပြိုကျခဲ့ပြီးပြီပဲလေ။
အချစ်ဆိုတာ . . .
မီးသတ်ကား ဥသြသံကြားတိုင်း
ရင်ဘတ်ထဲကို ငုံ့ငုံ့ကြည့်နေရတဲ့ အရာတဲ့။
အီဂျစ် ဘာသာဗေဒမှာ အသည်းပုံ
ပါတယ် ၊ မပါဘူး လို့
သူငယ်ချင်း နှစ်ယောက်က ကျွန်တော့် နံဘေးမှာ ငြင်းနေတုန်း
ကျွန်တော်ကတော့ အသည်းကွဲမှု ဖြစ်စဉ်ကို စဉ်းစားနေမိတယ်။
အကြည့်တစ်ချက် . . .
စကားတစ်ခွန်း . . .
လက်တစ်ကမ်း . . .
ခြေတစ်လှမ်း . . .
သွေးထိုးစကား . . .
ဒီလိုနဲ့ . . .
ကိုယ့်ကိုယ်ကိုယ်တောင်မှ ဝိုးတဝါး ပါပဲ။
ဆရာ တာရာမင်းဝေ ပြောခဲ့ဖူးသလိုပဲ ၊
“ ကလေးအသေ မွေးတဲ့ မိခင်တစ်ယောက်ကို ဝင်ခံစားကြည့်ပေးပါလား ၊
ငါဟာ အိပ်မက် အသေတွေ မွေးနေခဲ့ရတဲ့ ကောင်ပါ။ ” တဲ့။
ဒါဆို . . .
ကျွန်တော်ကတော့ နည်းနည်းခြားနားတယ်။
“ ကိုယ့်ဖာသာ အချစ်အသေတွေပဲ တသက်လုံး ဆက်မွေးထားချင်နေမိသူပါ။ ”
သူငယ်ချင်း တစ်ယောက်က ပြောတယ်။
“ ချစ်သူကို အိပ်မက် မက်တိုင်း ကဗျာရေးတယ် ” တဲ့။
ဒါနဲ့ပဲ . . .
ကျွန်တော် သူ့ကို . . .
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာ စာမျက်နှာတွေ . . .
လူမြင်ခံလို့ မဖြစ်တော့ဘူး။
ဖုန်ဆိုးမြေယာတွေ လက်ထက်မှာ
မြေရှင်ပဒေသရာဇ် ဖြစ်ရတာ သိပ်တော့ မထူးပါဘူးလေ။
ဒါပေမဲ့ . . . မိုးတွေ ရွာပြန်တော့ ဗွက်ပေါက်ပြန်ရော။
ကျွန်တော့်ရဲ့ အချစ်ဖြတ်သန်းရာ ဒေသကလည်း
နည်းနည်းတော့ ကန္တာရ ဆန်တယ်။
အလွမ်းတွေ တပွေ့တပိုက်နဲ့ ထိန်ထိန်ကိုဝေ လို့ . . . ။
ကိုယ်ထူကိုယ်ထ ခင်းခဲ့တဲ့ လမ်းက
နင်းမဲ့သူ မရှိတော့ . . .
အညတရ ညမှာ . . .
ကိုယ့်ဖာသာကိုယ် မထင်မရှား ဘုရင်ဖြစ်ခဲ့ရပြန်ရော။
မိဖုရားကတော့ ရှားတာပေါ့။
၁ ၊ ၂ ၊ ၃ ၊ ၄ . . . .
၁၅၀၀ ပြည့်မှ ချစ်ကြကြေး ဆိုရင် . . .
ခရီးဝေးပါတယ် ချစ်သူရယ်။
အချစ်မှာ ကိန်းဂဏာန်း မရှိဘူး။
ချစ်ခြင်းမေတ္တာဟာ ရှေးဟောင်း စကားပုံ တစ်ခုနဲ့ တူသတဲ့။
“ တစ်နေ့ တစ်လံ ပုဂံ ဘယ်မရွေ့ဘူး ” လို့ သတ်မှတ်တယ် တဲ့။
သူငယ်ချင်းက ရင်ဘတ်ကို ဟင်းလင်းဖွင့်ပြီး အဓိပ္ပါယ်ပြုတယ်။
ကျွန်တော် ဆက်စဉ်းစားမိတာက . . .
“ ကိုယ်လှမ်းတဲ့ ခြေလှမ်းက ပုဂံရဲ့ ဆန့်ကျင်ဘက် ” ဆိုရင်ရော . . .
သူ့လောက်တော့ မပြတ်သားတဲ့ အတွက် . . .
ကျွန်တော် ရင်ဘတ် ဟောင်းလောင်းနဲ့ ငြိမ်နေမိတယ်။
သိပ်တော့ မထူးဆန်းပါဘူး ၊
ကျွန်တော်က အတ္တ ရပ်ဝန်းမှာ . . .
အနတ္တ ခပ်သန့်သန့်ပဲ ဖြစ်ချင်ခဲ့တာကိုး။
ကြေးသွန်းအက္ခရာတွေ လက်ထက်မှာ
ကျောက်ထက် အက္ခရာတော့လည်း တင်ပိုင်ခွင့် ရှိပါတယ်။
အလွမ်းမဲ့ လူတန်းစားတွေ ကြားမှာ
ကျွန်တော်က အတီးအတနဲ့
( တကယ်ကို ) ဂွတီးဂွကျတဲ့ ကောင်ပါ။
ပညာရှိကြီး တစ်ယောက်ရဲ့
ပုံပမာ ပြုသလိုပေါ့. . . ၊
အချစ်ဆိုတာ . . .
လက်ဖဝါးထဲ ထည့်ထားတဲ့ သဲတစ်ဆုပ်နဲ့ တူတယ်။
ခပ်ဖွဖွလေး ဆုပ်ထားရင် များများ ရသလောက်
ခပ်တင်းတင်း ဆုပ်ထားမိရင် လက်ကြားက ယိုသတဲ့။
တကယ်ပါ . . .
ကျွန်တော်ဟာ သူ့အပေါ် ဘယ်တုန်းကမှ ဆုပ်ကိုင်ဖို့ မကြိုးစားခဲ့ပါဘူး. . .
ဒါပေမဲ့ . . . ဝေးမြဲ ဝေးလျက်နဲ့ ဝေးဆဲပါပဲ။
ဒီလိုနဲ့ . . .
နေ့ရက်တွေ ဆက်ကာ ဆက်ကာ . . .
နာရီတွေက လှည့်ကာ ပတ်ကာ . . .
အတွေးတွေက မျောကာ မျောကာ . . .
သူ နဲ့ ကျွန်တော်က ဝေးကာ ဝေးကာ . . .
. . . . . . . . . . . . . . . . . . . . . . . . . .
အလွမ်းဆိုတာ . . .
နှလုံးသားရဲ့ တိုင်ထိပ်မှာ တလွင့်လွင့်
ပျံ့လွင့်နေတတ်တဲ့ အရာ ဆိုရင် . . .
ဒီတစ်ခါတော့ . . .
ငါတို့ . . .
မုန်တိုင်း မကျခင် ငြိမ်သက်ခြင်းမျိုးနဲ့
တိတ်ဆိတ်နေကြပါစို့။ ။
လေးစားစွာဖြင့်
ကိုဇော်