တီးမယ်

Thursday, August 30, 2012

အစမ်းသပ်ခံနိုင်တဲ့
ခံနိုင်ရည်တွေတောင်
ထိရှလွယ်တဲ့ မျက်ရည်မြစ် ဖြစ်သွားတော့မှတော့
ချစ်မိတာ အပြစ်တော့ မရှိသင့်ပါဘူး....။

အတိတ်တွေ
အနာဂတ်တွေ
ခဏလောက်မေ့ထားပြီး
တစ်ခါလောက်တော့ ရူးပြီးချစ်လိုက်ချင်မိတယ်....။

စက္ကန့် လေးခြားတာတောင်
ဆွေးရအောင် လွမ်းတတ်နေမှတော့
ဝေးရဖို့ တော့ မကမ်းလှမ်းပါနဲ့ 
အသဲနှစ်လွှာခွဲခွာဖို့ ခံနိုင်ရည် မရှိတော့လို့ ပါ....။


အတွေးနဲ့တောင်
ခါးနေအောင်လွမ်းတဲ့အလွမ်းတွေအကြောင်း
သူ သိအောင်ပြောပြဖို့ ကြိုးစားရင်းနဲ့ ဘဲ
အပြင်းစားနွေအိမ်မက်မှာ တစ်ကိုယ်တည်း အလွမ်းမိုးတွေနဲ့ ရွဲရွဲစိုသွားခဲ့တယ်....။

အလွမ်းတွေကြောင့်
ပုရပိုဒ် မှာ အက္ခရာတွေ ပျောက်တော့
စိုးထိပ်မှုတွေ ကြားကပဲ ဖွဖွလေး ဆုတောင်း
ကျယ်ပြောတဲ့ သူ့ ရင်ခွင် တခြားသူ မခိုဝင်စေဖို့ ပေါ့....။


အငှားတွေနဲ့ ပြည့်နေတဲ့
ရင်ဘတ်တစ်စုံက ခံစားချက်အစစ်နဲ့ တွေ့ မှာ
ဝေါဟာရတွေ ပျောက်ဆုံးပြီး ဧရိယာ တစ်ခုထဲမှာပဲ ချာချာလည်နေမိတဲ့ခဏ
ပင့်သက်တွေနဲ့ ညဟာ ညတာပိုရှည်လာသလားနော်....။


ချစ်ရတဲ့
သူရေ...
တစ်ကယ်တမ်းကျတော့
လက်တွေ့ မှာက...မြေနီလမ်းလည်း မရှိဘူး
ဒီဇင်ဘာ ဆောင်းနဲ့ လည်း မနီးဘူး
နှင်းဆီ ပန်းလည်း မပွင့်ခဲ့ဘူးနော်....။

မပြည့်စုံတဲ့
လောက ဆိုပေမယ့်
တူညီတဲ့ဘယ်ဘက်ရင်အုံနဲ့ 
ပြင်းပြတဲ့နှလုံးသားတစ်စုံ ရှိနေမှတော့
မျှော်လင့်ချက်တွေ ခမ်းနားနိုင်သေးတယ် မဟုတ်လား...ချစ်ရတဲ့သူရေ..............။။။။

10:56 PM ~~~~အချစ်ဒဏ်~~~~

ငါ့နှလုံးသားကို
မင်းရင်ခုံရုံးမှာ
တစ်ဖက်သက်စွဲချက်တွေနဲ့
အမုန်းဆုံးလို့
မဆုံးဖြတ်လိုက်ပါနဲ့လား
တစ်ခုသောသက်သေ
ငါ့မျက်ဝန်းကို
မေးကြည့်ပါအုံး
အကြည့်တစ်ချက်နဲ့
ငြိခဲ့ရသူပါ
အပြုံးတစ်ဖက်နဲ့
အဆုံးမခံနိုင်သူပါ
မေတ္တာငတ်လို့
သိက္ခာကျခံပြီး
အချစ်နွံမှာ
လက်ပစ်ကူးရင်း
နစ်ခဲ့ရတာပါကွာ....

ဖြေဆယ်မရတဲ့
ချစ်ဒုက္ခကို
အလွမ်းဒဏ်ပေးပြီး
အချစ်မပါတဲ့
အနာဂတ်တွေကို
အထီးကျန်စွာနဲ့
ကျော်ဖြတ်စေချင်တာလား
အမုန်းဆုံးဆိုတဲ့
ပြစ်ဒဏ်နောက်က
အချစ်ဆုံးဆိုတဲ့
ပုဒ်မ ၁၅၀၀ကို
မျက်ကွယ်ပြုလို့
အာဏာကိုသုံး
အမုန်းဆုံးဟာ
ကိုယ်ပါပဲလို့
ဆုံးဖြတ်ပါတော့ကွယ်.....

သံသရာအဆုံး
မျက်ရည်ကိုဖုံးလို့
အိမ်မက်တွေမှာ
အချစ်ကိုရှာရင်း
အလွမ်းကဗျာရေး
အနမ်းပန်းတွေ
ရာသီအလိုက်စိုက်လို့
မင်းရင်ခုံရုံးမှာ
ဦးတိုက်လို့လျှောက်ပါ့မယ်
ငါ့အချစ်က
အရိုးသားဆုံးနဲ့
တစ်သက်စာလုံး
မပျက်သုန်းကြောင်းပါလို့..

No comments:

Post a Comment