အသဲကွဲ ကဗျာတစ်ပုဒ်
ခပ်ကျဲကျဲအရည်ဖျော်ထားတဲ့ညပါ. . .။
ဟိုး. . .အဝေးက ကြယ်စုတစ်ခုကိုငေးရင်း
အလင်းရောင်တွေကို တမ်းတတပ်မက်မိတာ
ငါ့အပြစ်လား. . .အကြင်နာ ။
တကယ်ဆို အိပ်မက်တွေ ကို
အရည်ဖျော်သောက်ပစ်လိုက်ဖို့ ကောင်းတယ်. . .။
အခုတော့ လည်ချောင်းဝမှာ တစ်တစ်နေတဲ့
မျှော်လင့်ခြင်းတွေ ကို မျိုမျိုချနေရတာ
ငါ့လည်ချောင်းတွေတောင် နာလှပြီ…။
အဝေးကွာဆုံးသော ခြေလှမ်းတွေကို
ပြင်ဆင်ထားခဲ့ပြီးမှ ငါ့ကို မနှုတ်ဆက်ခဲ့သင့်ဘူး
တိတ်တိတ်လေးထွက်သွားရင်တောင်
ငါ့မျှော်လင့်ခြင်းတွေကို ငါရေထက်လောင်းလို့ရသေးတယ်။
အခုတော့ ငါ့ကမ္ဘာမှာ
နွေတွေ တန်းစီနေလိုက်ကြတာ
မျှော်လို့တောင် မဆုံးတော့ဘူး. . .။
အရာရာမင်းအပေါ်ယုံကြည်ပြီး ငါ့ဘ၀တစ်ခုလုံး ပုံအပ်ခဲ့တာ
အခုတော့ ငါ့လာရာလမ်းဟာ ခြေရာလည်းပျောက်
ရေကြည်လည်းနောက်ခဲ့ပြီ. . .။
မမြင်မစမ်းနဲ့ တိုးမိတဲ့တောမှာ ငါဟာ ချောင်ပိတ်ပြီးအရိုက်ခံရတဲ့လူလို
ပြေးထွက်စရာမြေမရှိတော့ဘူး. . .။
ချစ်ခဲ့ကြတာ အိပ်မက်မဟုတ်မှန်း
ငါတို့ထိုင်နေကြဆိုင်က အဒေါ်ကြီးလည်းသိတယ်။
နင်လုပ်ရက်တယ်ဟာ. . .ငါ့မှာတော့်မျှော်လင့်ခြင်းတွေကို
နေ့တိုင်းတယုတယနဲ့ ပျိုးလိုက်ရတာ
အခုတော့လည်း ငါရွေးခဲ့တဲ့လမ်းမှာ ငါတစ်ယောက်တည်း
နောက်နွေတွေကို ဘယ်လိုရင်ခွင်ကြီးနဲ့ ငါဖြတ်သန်းရမလဲ
ခရီးက ဆုံးတော့မလိုလိုနဲ့ အခုမှ အစပဲရှိနေသးတယ်လေ။
နင်ကတော့ အခုချိန်လောက်ဆို အသစ်စက်စက် အချစ်တစ်ခုမှာ
အချစ်စစ်ပါဆိုပြီး လူတကာယုံအောင် ဘယ်လိုမာယာတွေသုံးပြီး
နောက်ထက်မနက်ဖြန်တွေကို ဘယ်လောက်များများဖြတ်သန်းနေဦးမလဲ. . .
ငါမသိချင်တော့သလို မတွေးတက်ချင်တော့ဘူး
ဘာလို့လဲဆိုတော့ ငါ့ဘ၀ရဲ့ မနက်ဖြန်တွေတောင်
ဘယ်လိုပုံစံရောက်လာမလဲ ငါကိုယ်တိုင်မခန့်မှန်းနိင်တော့လောက်အောင်
ငါ့ခြေလှမ်းတွေ နှေးကွေးလေးဖင့်လွန်းနေတယ်။
ရှင်သန်နေရခြင်းဆိုတဲ့ အဓိပ္ပါယ်တစ်ခုကို
နင် မစာမနာ အပိုင်သိမ်းပြီး
ငါ့နဲ့အဝေးဆုံးမှာ ရှင်သန်နေထိုင်နေတယ်လေ။
အခုထက်ထိတော့ ငါ့ရင်တစ်ခုလုံး . . .နွေ. . .။
No comments:
Post a Comment