Monday, September 5, 2011

ပန်းစကား

ပန်းစကား

"မေ. လာ. လာ၊ နင်ကလည်း နေနိုင်လိုက်တာနော် ငါတို့အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားလိုက်တာဆိုတာ"

နွေးနွေးက အပြစ်တင်စကားနှင့် အတူ ခန်းမအ၀င်မှ ခရီး ဦးကြိုပြုရှာသည်။ ကျွန်မတို့ တက္ကသိုလ်တက်သော အချိန်မျိုးဆို နွေးနွေး ကျွန်မကို ဒီထက်မက ပြောမည်မှာ သေချာသည်။ လက်ရှိရောက်နေသော ဆရာကန်တော့ပွဲကြောင့်ပဲလား၊ ငယ်တော့တဲ့ အသက်အရွယ်တွေ မဟုတ်တာကြောင့်ပဲလား မသိ။ နွေးနွေးရဲ့  အပြစ်တင်သံကို ထပ်မကြားရတော့ပေ။ ၀ဲကျလာသော ဆံပင်များကို လက်ဖြင့် သပ်တင်ရင်း ကျွန်မ ခန်းမထဲသို့ မျက်နှာမူလိုက်သည်။ တကယ်တော့ ဒီနေရာမှာ ကျွန်မ ရှိနေဖို့ မကောင်း။ အရာအားလုံးနေသားတကျဖြစ်နေသော ကန်ရေပြင်ကို လှုပ်ခတ်သွားစေမယ့် သူဟာ ကျွန်မ ချစ်ခဲ့သော မောင်လား။ ဒါမှမဟုတ် ကျွန်မကိုယ်တိုင်ပဲလား။ မသိခြင်းများစွာနှင့်ပဲ အားတင်းရင်း ဒီခန်းမထဲ ရောက်နှင့် နေခဲ့ပြီ။ မောင်နှင့် ပတ်သက်လျှင် အမြဲစိုးရိမ်ကြောင့်ကြတတ်သော စိတ်ကိုလည်း ကျွန်မ မုန်းပေမယ့် လက်ခံထားလိုက့်ရသည်။

"ပုလဲ.. ဒီမှာ မေ လာတယ်" နွေးရဲ့  စကားအဆုံးမှ ထိုင်နေရာမှ ပုလဲက လှည့်ကြည့်သည်။ ပုလဲဟန်က မယုံနိုင်သလို။
"မေရယ် .. နင်လာမှ လာပါ့မလားလို့ ငါတို့က စိုးရိမ်နေတာ . ငါတို့အားလုံး ဆုံဖို့က မလွယ်ဘူးလေဟယ်"
"အေးပါ. နင်က အိမ်ထောင်သည်ဆိုတော့ အလုပ် ပိုရှုပ်မှာပေါ့.. " ပုလဲကို ကျွန်မက ပြန်ပြောတော့
"သြော် ငါ့ကို ဖမ်းရင် မိသေးတယ်. နင့်လို အပျိုကြီးက အလုပ်မရှုပ်ပေမယ့် ဖမ်းလို့ မလွယ်ဘူးလေ.. " ပုလဲက ကျွန်မကို ဘုကလန့် ပြောတော့သည်။
"အပျိုကြီးဆိုတာပဲ ခလုတ်တိုက်နေတယ် နင်တို့ကတော့.. စ စရာ ဂုဏ်ပုဒ်တစ်ခု ကျနေတာပဲဟာ"
"မေ ဒါ ငါ့ သမီးလေးလေ . အခု ငါးနှစ်ပြည့်တော့မယ် သိလား"
ချမ်းမြစကားကြောင့် ကျွန်မ အံ့သြသွားသည်။ ကျွန်မတို့ ဝေးနေတာတောင် ဒီလောက်ကြာခဲ့ပြီလား။ ကျွန်မ အားလုံးနှင့် ဝေးရာ ရှောင်ရှားနေခဲ့သည်မှာ အချိန်တွေတောင် အတော်ကြာခဲ့ပြီလား။ ကျွန်မရဲ့  အံ့သြသွားသော မျက်နှာကို ကြည့်ရင်း အားလုံးက နားလည်စွာ ပြုံးသည်။ ကျွန်မ ချစ်သော မောင့်ကြောင့်ပင် ကျွန်မ အားလုံးနှင့် ဝေးကွာခဲ့သည်မှာ ကြာပြီမဟုတ်လား။ နှစ်စဉ် ဆရာကန်တော့ပွဲ လုပ်တိုင်းလည်း ကျွန်မ ရောက်မလာခဲ့။ ဒီနှစ် ဆရာကန်တော့ပွဲမှ ကျွန်မ အကြောင်းတိုက်တိုက်ဆိုင်ဆိုင် ရောက်လာဖြစ်တော့သည်။ အချိန်တွေ အကြာကြီးကြာခဲ့ပြီဆိုတော့လည်း ခံစားချက်တွေ အနည်ထိုင်သင့်ပြီ မဟုတ်လား။

"မေ... ညီညီ လာမှာကို သိလား"
အောင်ကြီး ရဲ့  စကားအဆုံးမှာတော့ ကျွန်မ ရင် ဖျတ်ခနဲ ခုန်သွားသည်။ တည်ငြိမ်နေပြီထင်နေတဲ့ ကျွန်မရင်ထဲမှာ ညီညီဆိုတဲ့ နာမည်တစ်ခု ကြားလိုက်ရုံနှင့် တုန်လှုပ်သွားသည်ဆိုတာတော့ လွန်လွန်းသည်ဟု ကျွန်မကိုယ် ကျွန်မပင် ဒေါသထွက်ရသည်။ မောင်နှင့် ပတ်သက်လျှင် ကျွန်မ ရူးသွပ်နေတုန်းပါပဲလား မောင်။

"ညီညီလာမှာ ငါ သိပါတယ်. အရင်က ငါ မလာဘူး၊ နင်တို့နဲ့ မဆုံဖြစ်ဘူးဆိုတာလည်း ငါ ရှက်လို့ မဟုတ်ပါဘူး. ညီညီ့ကိုလည်း ငါ မုန်းလို့ နာကြည်းလို့ မဟုတ်ပါဘူး. မပြည့်စုံတဲ့ ငါ့ဘ၀အတွက် ငါ ကြိုးစားနေရလို့ပါ"

"မေ နင်က ပြည့်စုံပါတယ်. ငါတို့ ထင်ထားတာထက်တောင် နင့်စိတ်ထားက ပြည့်ဝနေလို့ " အောင်ကြီး စကားမဆုံးခင်မှာပဲ ကျွန်မ ၀င်ပြောလိုက်သည်။

"ညီညီလည်း သူ့အမျိုးသမီးကို ခေါ်လာမယ် မဟုတ်လား.." အသင့်ပြင်ထားတဲ့ စောင့်ဆိုင်းနေသူတစ်ယောက်ရဲ့  ခံစားချက်မျိုးနှင့် ကျွန်မ မေးလိုက်မိသည်။ ဒီလိုခံစားချက်တွေကို သူငယ်ချင်းတွေ ရိပ်မိသွားမှာကိုလည်း ကျွန်မ စိုးရွံသည်။ သူတို့အားလုံးကတော့ ကျွန်မ ခံစားချက်ကို အမှတ်တမဲ့ပင်ဖြစ်ပုံရသည်မို့ ကျွန်မ စိတ်သက်သာရာ ရသည်။ အားလုံးက ကျွန်မရဲ့  နောက်ကျောကို ကျော်ကြည့်နေတာ မြင်တော့မှ ကျွန်မ လှည့်ကြည့်မိသည်။ တလှမ်းချင်းလျှောက်လာသော မောင်က တည်တည်ငြိမ်ငြိမ်နှင့် လှမ်းကြည့်သည်။ ကျွန်မကို မြင်တော့မှ အံ့သြသွားဟန်နှင့်။ မောင်နှင့် လမ်းခွဲပြီးကတည်းက သူငယ်ချင်းတွေ ဆုံဆည်းမှု့တွင် ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးသော ကျွန်မကို မောင်မြင်လိုက်ရတော့ အံ့သြသွားသည်မှာ မဆန်း။ မောင်က ကျွန်မကို အပြစ်ရှိသူတစ်ယောက်ရဲ့  မျက်လုံးမျိုးနှင့် မ၀ံ့မရဲ နှုတ်ဆက်ရှာသည်။

"မေ .. နင်လာသေးတယ်နော်"
"ငါ မအားလို့ပါ ညီ" စကားကို အတိုဆုံးနှင့် အပြတ်သားဆုံးဖြစ်အောင် ကျွန်မ ကြိုးစားပြောလိုက်သည်။ ယုံကြည်မည်မထင်ပေမယ့် ကျွန်မ မတတ်နိုင်။ လိမ်ဖြစ်လိုက်သည်။ ကျွန်မ မောင်နှင့် ပတ်သက်လျှင် စကားမှားလို့ မဖြစ်။ အားလုံးရဲ့  ရှေ့မှာ ကျွန်မ နောက်တစ်ကြိမ် လဲမကျချင်တော့ဘူး မောင်။ အချစ်အတွက် ရူးသွပ်နေရမယ့် အရွယ်တွေလည်း မဟုတ်တော့ဘူး မောင်။ ကျွန်မတို့ နှစ်ယောက်ကြားက အခြေအနေကို အားလုံးက ထိန်းထိန်းသိမ်းသိမ်းနှင့်။ အခန်းအနားအစီအစဉ် စတင်ပါပြီ. အစီအစဉ် ကြေငြာချက်နှင့် အတူ ကျွန်မတို့တွေ အာရုံပြောင်းသွားကြသည်။ ဆရာတွေကို ကန်တော့ အပြီးမှာတော့ စားရင်းသောက်ရင်း မှတ်မိသူတွေ၊ မမှတ်မိတဲ့ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နှုတ်ဆက်ကြ၊ ဆရာ၊ ဆရာမတွေကို နှုတ်ခွန်းဆက်ကြနှင့် ပျော်စရာကောင်းစွာနှင့် အလုပ်များနေကြတော့သည်။

"မေ ငါ လိုက်ပို့ပေးမယ်လေ. " အားလုံးလမ်းခွဲကြတော့ မောင်က ကျွန်မကို လှမ်းပြောသည်။ သူငယ်ချင်းတွေကတော့ နားလည်သည့်အပြုံးနှင့်။ ဒီအချိန်မှာ ကျွန်မ ငြင်းလို့ မဖြစ်ဘူးဆိုတာ ကျွန်မသိပါသည်။ ကျွန်မရင်ထဲမှာ ညီညီဆိုတဲ့ မောင် မရှိတော့ဘူးဆိုတာ ကျွန်မ သက်သေပြရမယ့် အချိန်ပဲလေ။ အခု ကျွန်မ ဘေးနားမှာ ရပ်နေတာ ကျွန်မရဲ့  သူငယ်ချင်း ညီညီအဖြစ်ပဲ ကျွန်မ ရင်းနှီးနေရမှာပေါ့။ ကျွန်မ ချစ်သော မောင်က လွန်ခဲ့တဲ့ ၅ နှစ်လောက်က သေဆုံးခဲ့ပြီပဲလေ။ ကျွန်မ ခေါင်းညိမ့်တော့ မောင် ၀မ်းသာစွာ ပြုံးသည်။

"မေ စကားနည်းနည်း ပြောချင်လို့ ဆိုင်ခဏထိုင်ရအောင်လား"
"အေး ရတယ်လေ.. နင့်မိန်းမ ငါ့နဲ့ အထင်လွဲသွားမှ ငါ့ကို လိုက်ရှင်းမပြခိုင်းနဲ့နော် " ကျွန်မ ဘာမှ မဖြစ်သလို မောင့်ကို ရယ်ရယ်မောမော ပြောတော့ မောင် အံအားသင့်စွာ ကြည့်သည်။

"မေ ငါ လက်မထပ်ဖြစ်တာ နင် မသိဘူးလား" မောင့်ရဲ့  စကားအဆုံးမှာတော့ ကျွန်မ မယုံမရဲ နှင့် ခေါင်းခါ ပြမိသည်။

"နင်က ငါနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဘယ်သူ ပြောတာမှ လက်မခံဘူးထင်တယ် ဟုတ်လား မေ. နင် စိတ်နာမယ်ဆိုလည်း နာသင့်ပါတယ်လေ. ငါက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ထပ်ဖို့ ရွေးချယ်မိတာကို. ဒါပေမယ့် ငါ မသိလိုက်တာက သူဟာလည်း နင့်လို သိပ်ပြီး ပြောပြရခက်တဲ့ မိန်းကလေးမျိုးဖြစ်နေတာပဲ. ပြီးတော့ သူနဲ့ တွေ့တိုင်းမှာ ငါ နင့်ကို သတိရနေတာ အကြောင်းရင်းခံပဲ. သူကလည်း သိပ်ပါးနပ်ပါတယ်. အဲဒါကို သူသိနေတယ်လေ. မေ"

"ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့ ညီရယ်.. နင် လက်ထပ်ဖြစ်တာ လက်မထပ်ဖြစ်တာ အဓိက အကြောင်းမဟုတ်ပါဘူး.. ငါ နင့်ကို စိတ်နာတယ်ဆိုတာ ငါ ၀န်ခံပါတယ်. ငါ့ကိုယ်ငါလည်း အဲဒါကို ခွန်အားအဖြစ် ပြောင်းနိုင်ခဲ့တယ်. အဲဒီအတွက်လည်း နင့်ကိုလည်း ကျေးဇူးတင်ပါတယ် ညီ. အခု ငါ့မှာ နင်တို့အသိုင်းအ၀ိုင်းလိုလားတဲ့ ရုပ်ဝတ္ထုတွေ ပြည့်စုံနေပြီ ညီရဲ့ . "

"နင် ငါ့ကို မငေါ့ပါနဲ့လား မေရယ်.. ငါ အိမ်က စီစဉ်လို့ ၊ ရုပ်ဝတ္ထုတွေ မက်လို့ မဟုတ်ဘူး. နင်က ငါ့ရဲ့  ဦးဆောင်မှု့ အောက်မှာ နေနိုင်မယ့် မိန်းကလေးမျိုး မဟုတ်လို့ပဲ. ပြီးတော့ ငါ မလုပ်နိုင်တဲ့ အရာတွေအတွက် နင်ရှုံ့ချမှာ ငါကြောက်တယ်. ဒါပေမယ့် မြတ်ကလည်း နင့်လို မိန်းကလေးပါပဲ. ပြီးတော့ ငါနဲ့ သူနဲ့ ကြားမှာ သံသယတွေပဲ ရှိတယ် မေ. အချစ်မရှိဘူး. အဲဒါကြောင့် မိဘတွေ ဘယ်လိုပဲ စီစဉ်ထားပေမယ့် ငါတို့ လမ်းခွဲလိုက်တယ်. အဲဒီနောက်ပိုင်းမှာတော့ ငါ နင့်ကို တွေ့ဖို့ ကြိုးစားတယ်. နင့်ကို ငါလာမတွေ့ရဲတာလည်း ပါတယ်. သူငယ်ချင်းတွေ အားလုံး နင့်ဖက်ကပဲ ရှိနေခဲ့တယ်လေ.. "

မောင် သက်ပြင်းချပြီး မှန်ပြတင်းအပြင်ကို ငေးနေတော့သည်။ အချိန်တွေ ပြောင်းသွားပေမယ့် မောင်က ကြည့်ကောင်းနေတုန်းပါပဲ။ ကျွန်မသိပ်ချစ်ခဲ့တဲ့မောင်၊ ကျွန်မကို သိပ်ချစ်ခဲ့ဖူးတဲ့ မောင်က ဟိုးကမ္ဘာတစ်ဖက်မှာ ကျန်ရစ်ခဲ့သလိုပါပဲ။ မိန်းကလေးမှ ယောကျာင်္းလေးမှ မဟုတ်ပါဘူးမောင်ရယ်.. ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးချင်တယ်. ဘယ်သူက ကိုယ့်ချစ်သူကို နိမ့်ကျစေမှာလဲမောင်။ အခုတော့ အခုတော့ ကျွန်မတို့ ကြားမှာ နံရံတွေ ခြားသွားပါပြီမောင်။ ပါးလွှာပေမယ့် အတိုင်းအတာမသိလောက်အောင် ထူထဲနက်နဲစွာကို ခြားနားခဲ့ကြပါပြီ။

"မေ. မောင့်ကို ခွင့်လွှတ်နိုင်ဦးမလား.." ရီဝေနေတဲ့ မောင့်မျက်ဝန်းတွေမှာ မျှော်လင့်ချက်အရောင်လေး တစ်ငွေ့ငွေ့။

"ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိပါဘူး မောင်။ နင့်ကို ငါလာတွေ့ဖို့ ငါ အားတင်းပြီး လာခဲ့ရတာပါ. အမှန်အတိုင်း ၀န်ခံရရင် နင့်ကို ငါ သိပ်ချစ်တာပါ မောင်. ဒါပေမယ့် နင် ကြောက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့  ဆုံးဖြတ်ချက်မျိုးပဲ ငါ့မှာ ရှိတယ်။ ငါက နင်မပန်ချင်လို့ စွန့်ပစ်ခဲ့တဲ့ ပန်းတစ်ပွင့်ပဲလေ.. အဲဒီပန်းလေး နွမ်းလို့ပဲ ဖြစ်ဖြစ်၊ ခူးခြွေခံရလို့ပဲ ဖြစ်ဖြစ် နင် လှည့်မကြည့်တော့နဲ့လေ.. ပန်းတစ်ပွင့်ရဲ့  တန်ဖိုးကို မျက်ကွယ်ပြုခဲ့ပြီးမှတော့ နင့်ရဲ့  ခံစားမှု့အတွက်နဲ့ ဒဏ်ရာရသွားတဲ့ ပန်းတစ်ပွင့်ဟာ နေမြဲ နေပါစေတော့.. နင်ဟာ ငါ့ရဲ့  ထာဝရ သူငယ်ချင်းပါပဲ မောင်."

မိုးတွေ မညိုပါပဲ ကျွန်မတို့ ရင်မှာ ညိုနေပြီ မောင်... တစ်ယောက်မျက်ဝန်းကို တစ်ယောက်မကြည့်ရဲခဲ့တော့ပါဘူး။ အိမ်ပြန်ချိန် လမ်းခွဲချိန်ဟာ နောက်တစ်နေ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ မလှပနိုင်တော့ဘူး။ ခါးသီးခဲ့ပြီးပြီ။ ကျွန်မနှလုံးသားမှာ မောင့်ရဲ့  စွန့်ပစ်ခြင်းလောက် ထပ်ခါးစရာမရှိတော့ပါဘူး မောင်ရယ်။ ဘ၀မျာ ကိုယ်စီလမ်းတွေ ဆက်လျှောက်ရတော့မယ်. ကျွန်မဘေးနားမှာ မောင်မရှိနိုင်တော့သလို မောင့်ဘေးနားက ပါရမီဖြည့်ဖက်ဟာလည်း ကျွန်မ ဖြစ်ခွင့် မရှိနိုင်တော့ဘူးလေ။ တခါတလေမှာ ပန်းတွေမှာ ဆူးရှိတတ်တယ် မောင်။ ပန်းရဲ့  မာနလို ဆိုချင်လည်း ဆိုနိုင်ပါရဲ့ ။ ပန်းရဲ့  ဆူးဟာ ခူးသူကို စူးစေတတ်သလို ဆူးရဲ့  မာန်နဲ့ ပန်းတစ်ပွင့်ဟာလည်း ကိုယ်ကိုယ်တိုင် အထိနာတတ်တယ်ဆိုတာ ကျွန်မ နှလုံးသားနဲ့ ရင်းပြီး ပြောပြရင် မောင်နားလည်မယ် မထင်ပါဘူးလေ...

Monday, February 21, 2011

ဆန္ဒများရဲ့  နောက်ကွယ်...

အိမ်ထောင်မှု့ ပြုတာရယ်..
ဘုရားတည်တာရယ်...
ဆေးမှင်ရည် စုပ်ထိုးတာက ပြင်လို့ မရတဲ့ အရာသုံးမျိုးလို့ ရှေးလူကြီးတွေ ဆိုခဲ့ဖူးသည်။

အချစ်ဆိုတာ ကိုးကွယ်သင့်တဲ့ အရာလား လို့ နေရီ အငြင်းမပွားချင်တော့။ အခုအချိန်မှ နေရီမှာ ပြင်ဆင်ဖို့ ခွန်အားလည်း မရှိတော့။ နေရီ ရူးရူးမိုက်မိုက် တိုးဝင်ခဲ့တဲ့ အချစ်တစ်ခု၊ အိမ်ထောင်မှု့ အောက်မှာပဲ ပူလောင်မှု့ကို အကြီးအကျယ်ခံစားနေရလေပြီ။ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို ငြင်းဆန်ချင်ပေမယ့် လက်မခံလို့ မရ။ သမီးလေးနှစ်ယောက်ရဲ့ ရှေ့ရေးကို တွေးမိတော့ နေရီ ရှိသမျှမာနတွေလည်း ပျော်ကျနေသွားတော့သည်။ ရင်မှ ဖြစ်သော သွေးကို တွေးမိတော့မှ နေရီ့အတွက် ပူပန်နေသည့် အမေ့မျက်နှာကို ပြေးမြင်မိတော့သည်။ သြော် အဲဒီအချိန်တုန်းက အမေများ ငါ့အတွက် ဘယ်လောက် ပူပန်ရှာလေမလဲလို့ ငါ တွေးမိဖို့ ကောင်းတယ်ဟုလည်း နေရီနောင်တ ရမိပြန်သည်။
...........................................................................................................

"မိုက်လိုက်တဲ့ သမီး၊ အခုတော့ ဘယ်လို လုပ်ကြမလဲ နင့်အဖေသိများသိရင် သူ့ကိုယ်သူ သတ်သေလိမ့်မယ် နင်သိရဲ့ လား အမိုက်မရဲ့ "

နေရီကို ဒေါသနဲ့ ရိုက်လည်း ရိုက်၊ ငိုလည်း ငိုနေသော အမေက မောလွန်းလို့ ထင့်။ ခြေပစ်လက်ပစ် စိတ်ပျက်စွာ ထိုင်ပြီး ရီဝေစွာ အဝေးကို ကြည့်နေတော့သည်။ သို့သော် အမေ့မျက်လုံးထဲတွင်တော့ ဘာမှ မြင်နေလိမ့်မည် မဟုတ်ဟု နေရီ ယုံကြည်နေမိပါသည်။ အမေ သိသည်မှာ လက်မထပ်ရသေးဘဲ ကိုယ်လေးလက်ဝန် ရှိနှင့်နေသော နေရီ အဖြစ်ကိုသာ သိပေလိမ့်မည်။ နေရီ့ရင်ထဲမှာတော့ ထိုထက်ကြီးသော အပူမီးက တဟုန်းဟုန်း တောက်လောင်နေပေပြီ။ နေရီ့  ချစ်သူ နိုင်လွင်ကလည်း ရန်ကုန်မှာ မရှိ။ တောင်ငူမှ ကျောင်းလာတက်သော သူငယ်ချင်းတစ်ယောက် အပြန်တွင် လိုက်လည်ဦးမည်ဆိုသည်။ အခု နိုင်လွင်က တောင်ငူကို ရောက်နေပြီ။ နေရီ့  တွင် သူ့ရဲ့  ရင်သွေးလေး လွယ်ထားသည်ကိုပင် နိုင်လွင် သိဦးမည်မဟုတ်။ ဒီနေ့လည်း သူငယ်ချင်း ဖြစ်သူက "နိုင်လွင် တောင်ငူက ကောင်မလေးတစ်ယောက်နဲ့ ငြိနေပြီ၊ နင် ကြည့်ထိန်းဦး" ဟု ဖုန်းဆက်ရင်း သတိပေးစကား ပြောလာတာကြောင့် နေရီ သွေးပျက်မတတ်ဖြစ်ရပြန်သည်။ ဒီကိစ္စ အမေ သိ၍ မဖြစ်။ နေရီ လိုက်သွားမှ ဖြစ်မည် ဟု အမေ့ တားနေသည့်ကြားကပင် နေရီ လိုက်သွားမိသည်။ နေရီ့  အဖြစ်ကို ဖွင့်ပြောပြီး သူ့ကို တာဝန်ယူခိုင်းရမည်။ ဒီကိစ္စသာ သိရင်တော့ ထိုကောင်မလေးနှင့်လည်း အဆက်အသွယ်ပြတ်ကောင်းပါရဲ့  လေ ဟုသာ နေရီ စိတ်မောစွာ တွေးနေမိတော့သည်။

တက္ကသိုလ် ပထမနှစ်အပြီးတွင်ပင် လက်ထပ်လိုက်သော သူတို့ နှစ်ဦးကို အတွင်းသိ အကြောင်းသိမဟုတ်သော သူငယ်ချင်းများက အားကျကြသည်။ အားလုံးရဲ့  ချီးမွမ်းစကားအောက်မှာပင် နေရီ မနေတတ်၊ မထိုင်တတ်။ တကယ်တော့ အရှက်တကွဲ အကျိုးနည်း မဖြစ်အောင်သာ မနည်းဖုံးဖိ လုပ်ကြရသည်။ လက်ထပ်တဲ့ အချိန်မှာပင် ကိုယ်ဝန်က သုံးလဖြစ်နေပြီ။ အဖေကတော့ ဘာမှကို မသိလိုက်။ အင်း (၇)လနှင့်သာ ကလေးမွေးရင်တော့ အဖေလည်း သိတော့မှာပဲ ဟု နေရီ စဉ်းစားမိသည်။ အဲဒီ အချိန်ကျရင် အဖေလည်း အမေ ဘာကြောင့် နေရီကို အလောတကြီး လက်ထပ်စေချင်လည်း ဆိုတာ နားလည်နိုင်လိမ့်မည်။ ထိုအချိန်ကျလျှင်တော့ အဖေ နေရီ့  ကို ခွင့်လွှတ်တန်ကောင်းပါရဲ့ ။ အခုအချိန်မှာတော့ အရာရာကို ဟန်ဆောင် အားတင်းကာ ရင်ဆိုင်နေရသော အမေ့ကိုသာ နေရီသနားမိသည်။ အားလည်း နာမိသည်မှာ အမှန်။

မင်္ဂလာဆောင် အပြီးမှာ ပြဿနာတွေ အားလုံး အေးသွားပြီ ဟု ယုံကြည်ထားသော နေရီ အထင်နှင့် တလွဲ စီ ဖြစ်ခဲ့ရပြန်သည်။ တစ်ဦးတည်းသော သားလေးကို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မကျစေချင်သော နိုင်လွင့်မိဘများရဲ့  သဘောထားက တင်းမာ ပြတ်သားလွန်းနေသည်။ မင်္ဂလာဆောင် စားရိတ်ကို အကုန်အကျအရင်ခံထားလိုက်ပါ၊ ပြီးမှ သူတို့ အားလုံးပြေလည်အောင် ဖန်တီးပေးပါ့မယ်ဟု ကတိစကားကြောင့်သာ နေရီတို့ မင်္ဂလာပွဲ လုပ်ခဲ့တာပဲ ဖြစ်သည်။ အခုတော့ သူတို့လည်း အဆင်မပြေဟုဆိုတဲ့ အကြောင်းပြချက်ဖြင့် ခေါင်းရှောင်လေပြီ။ အမေကတော့ အဖေ မသိအောင် ဖုံးဖိ။ မင်္ဂလာဆောင် စားရိတ်က လက်ဖွဲ့က ရသောငွေနှင့် မကာမိ။ ထပ်တောင် စိုက်ရပေဦးမည်။ နေရီတို့မိသားစုကလည်း ပိုပိုလျှံလျှံ စုဆောင်းမိသည်ဟူ၍ မရှိ။ နိုင်လွင်တို့ မိသားစုကတော့ နေရီတို့ထက်တောင် အခြေအနေပိုဆိုးဦးမည်။ ထိုသို့ ဆိုလျှင် ဘာကြောင့် မင်္ဂလာဆောင်ကို တာဝန်ယူပါမည်ဟု ၀န်ခံကတိစကား ပြောခဲ့သလဲ။ နေရီစဉ်းစားတိုင်း ဒေါသထွက်ရသည်။ အကျိုးဆက်ကတော့ ထို မင်္ဂလာဆောင် အကြွေးတွေကို အလုပ်မရှိသော သားမက်နှင့် သမီးအစား အမေက အဖေ မသိအောင် တာဝန်ယူဖြေရှင်းရပေဦးမည်။ နေရီ အမှားကို သိပေမယ့် လောလောဆယ် အခြေအနေအရ ဘာကိုမှ မဖြေရှင်းတတ်။ အမေကတော့ အဖေနှင့် သူ့သားမက်မရှိသည့် အချိန်တွင်တော့ နေရီကို မြည်တွန်တောက်တီးတတ်သည်။ သားမက်ဖြစ်သူ သမီးအပေါ် မေတ္တာပျက်မည် စိုးသဖြင့် သားမက်ရှေ့မှာတောင် အပြစ်တင် စကား မပြော။ မိဘဆိုတာ တောင်းစုတ် ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိသည်။ သားသမီးကိုတော့ ပစ်ရိုးထုံးစံမရှိဆိုတဲ့ အတိုင်း နေရီတို့ကို ပြုစုစောင့်ရှောက်မြဲ။

"မေရီရယ် ဘာလို့ မိုက်ချင်တာလဲ။ အရက်သမားကိုများ ယူဦးမယ်။ နင် ဦးနှောက်မှ ရှိသေးရဲလား"

အမေ့ မြည်တွန်တောက်တီးသံကို နေရီ့  အမ မေရီက ခေါင်းငုံလျက် "သမီး သူ့ကို ပြုပြင်လို့ ရမှာပါ" ဟုသာ ခပ်တိုးတိုးဆိုသည်။ နေရီလည်း သဘောမတူပေမယ့် အမ ဖြစ်သူကို မပြောသာ။ ကိုယ်က သူ့ထက် မိုက်လုံးကြီးထားသည်မဟုတ်လား။ သမီးနှစ်ယောက်သာ ရှိသော အမေသည် ထိုသမီးနှစ်ယောက်အတွက် စိတ်မချမ်းသာရပေ။

"အဲဒါက မရခင် ပြောတဲ့ ဆင်ခြေပါအေ။ မွေးထားတဲ့ မိဘကတောင် ပြုပြင်လို့ မရတာကို။ ညည်းက ဘာမို့လို့ သူ့ကို ပြင်လို့ ရမှာတုန်း"
အမေ စကားက မထိရောက်မှန်း အမေသိပါသည်။ အမ မေရီ က လာရောက်တောင်းရမ်းမည့်နေ့ကို အမေ့ကို အသိပေးခြင်း သက်သက်။ အမေမှ တဆင့် အဖေ့ကို ခွင့်တောင်းရန်သာ ဖြစ်သည်။ အမေကတော့ သက်ပြင်းချလို့ နေရီ တုန်းကလောက် မမိုက်ဟု တွေးနေမည်လား ဒါမှ မဟုတ် နေရီရဲ့  အတွေ့အကြုံက ပြင်းထန်လွန်း၍ အမ မေရီ အလှည့်တွင် ခံနိုင်ရည်ရှိနေပြီလား မပြောတတ်။ အမေ့ဆီမှ အသံတွေ ဆိတ်ငြိမ်လို့ နေသည်။ သို့သော် အမ မေရီအလှည့်တွင် ခမ်းခမ်းနားနား မင်္ဂလာဆောင်ယူခြင်းဖြစ်၍ အဖေနှင့် အမေက ၀င့်ကြွားဟန်ရှိခဲ့သည်။ အထူးသဖြင့် အမေ။ နေရီတုန်းကတော့ အမေ ဖတ်ဖတ်မောအောင် စိတ်ရော ကိုယ်ရော နွမ်းခဲ့သည်ကိုး။ အမ မေရီကတော့ သူ့ယောကျာင်္းဖြစ်သူ အိမ်သို့ လိုက်ပါနေရတာကြောင့် အမေ ၀မ်းနည်းရပြန်သည်။ သို့သော် အမေ ထင်သည့်အတိုင်းပင် သုံးလလောက်ပင် မကြာလိုက်။ မေရီ ယောကျာင်္းက ထုံးစံအတိုင်း အရက်တွေ ပြန်သောက်နေပြီ။ အိမ်ထောင်ဦးစီးတာဝန်လစ်ဟင်းသော ယောကျာင်္းကိုယ်စား မေရီက အလုပ်ထွက်လုပ်ရသည်။ မေရီက စီးပွားရှာ။ ယောကျာင်္းဖြစ်သူက အရက်သောက်ရင်း အိမ်မှာပင် အိမ်ထောင်မှု့ကိစ္စအားလုံး ထိန်း။ ခေတ်က ပြောင်းပြန် လို့ ဆိုရမလား။ မေရီတို့ လင်မယားကတော့ ပြောင်းပြန်ဖြစ်နေတာ အမှန်။

မေရီ လက်ထပ်သည့်နှစ်မှာပင် အဖေ ဦးနှောက်သွေးကြောပြတ်တာကြောင့် ရုတ်တရက် ကွယ်လွန်ပြန်သည်။ အဖေ့ ဝင်ငွေပေါ်တွင်သာ တည်မှီနေသော နေရီတို့ မိသားစုအခြေအနေ ယိမ်းယိုင်သည်မှာ ပြောဖွယ်မရှိ။ ဒါကြောင့်လည်း နေရီရော၊ နိုင်လွင်ရော ဘွဲ့ရသည့်နှစ်မှာပင် နိုင်လွင့်ကို နိုင်ငံခြားသို့ လွှတ်ရန် စီစဉ်ရသည်။ သာမာန်ဘွဲ့ရတစ်ယောက် ဝင်ငွေဖြင့် ဘယ်လိုမှ မရပ်တည်နိုင်၍သာ ထိုသို့စီစဉ်ရခြင်းရယ်။ တကယ်ဆိုရင် နေရီတို့ တတ်နိုင်၍ မဟုတ်။ အဖေထားခဲ့သည့် မိသားစုပိုင် အိမ်လေးကိုပင် ပေါင်နှံကာ အားလုံးရှေ့ရေးအတွက် စီစဉ်ရသည်။ မိသားစုတွေလည်း မကွဲကွာစေချင်၊ နိုင်လွင်ကလည်း နဂိုကပင် စိတ်ချစရာ မရှိ။ မျက်စိအောက်မှာ ရှိနေသည့် အချိန်မှာပင် နိုင်လွင့်ဇာတ်လမ်းတွေကြောင့် အမေ မသိအောင် လင်မယားနှစ်ယောက် ကျိတ်ကျိတ်နှင့် ရန်ဖြစ်ရသည့်အကြိမ်ကလည်း မနည်းတော့။ ဒါပေမယ့် အခုလို အခြေအနေမျိုးမှာတော့ နိုင်လွင် သိတတ်ပြီး မိသားစုကိုသာ ငဲ့ကြည့်လိမ့်မည်ဟုသာ နေရီ မျှော်လင့်စွာ ဆုတောင်းနေရုံမှ တပါး မတတ်နိုင်တော့။

မျှော်လင့် မထားပေမယ့် တွေးနေမိသည့်အတိုင်း နိုင်လွင့်ခြေလှမ်းတွေ ပျက်လာသည်။ အိမ်ဂရမ်လေး ပြန်ရွေးပြီးရုံ ရှိသေး။ နိုင်လွင်ကတော့ ထုံးစံမပျက် ဗွေဖောက်လာပြန်သည်။ နိုင်လွင်က အကြောင်းပြချက်မျိုးစုံနှင့် ငွေကို လောက်ငအောင် မပို့နိုင်တော့။ ဆွေမျိုးတွေဆီမှ တစ်ဖက်တစ်လှည့် ဆွဲကာ နေရီလည်း အထည်လေးတွေ ယူကာ ရောင်းရသည်။ ကြားနေတဲ့ သတင်းစကားတွေ အတွက် နေရီ ဘယ်လိုပင် ဖုံးဖိစေကာမူ တစ်ယောက်စကား တစ်ယောက်နားမှ အမေလည်း သိတော့သည်။ အမေကတော့ ကောင်းသည်ဆိုးသည် မပြောတော့။
"မြေးနှစ်ယောက်ကို ငါ ထိန်းပါ့မယ်၊ ညည်းယောကျာင်္းကို ဒီအတိုင်းလွှတ်ထားလို့ မဖြစ်ပါဘူးအေ။ ညည်းသာ လိုက်သွားပါတော့" ။ အမေ ပြောသည့်အတိုင်းသာ နေရီ လိုက်သွားဖို့ ပြင်ဆင်ရပေပြီ။

"မင်း ငါ့ကောင်မလေးကို ဘာလို့ ဖုန်းဆက်တာလဲ" လက်ရှိပေါင်းသင်းနေသော ဇနီးမယားတစ်ယောက်ကို ယောကျာင်္းဖြစ်သူက မေးလိုက်တဲ့ စကား။ မေးရက်လိုက်တာ။ ပြောထွက်လိုက်တာ ဟုသာ နေရီ ရင်နာစွာ စဉ်းစားမိသည်။
"ငါ ဖုန်းဆက်တာ မဟုတ်ဘူး .. "

ဒီဖြေရှင်းချက်ကို ဘာလို့ နေရီ ပြောခဲ့ရပါသနည်း။ တကယ်ဆို နေရီ ဖြေရှင်းစရာ မလို။ အိမ်ထောင်ရေးဖောက်ပြန်သော ယောကျာင်္းတစ်ယောက်က အပြစ်မရှိသည့် ဇနီးမယားကိုတော့ ရှက်ရွံ့အားနာသင့်သည်မလား။ တကယ်လည်း နေရီ ဖုန်းဆက်ခြင်းမဟုတ်ခဲ့။ ကလေးနှစ်ယောက် ဖွံ့ဖြိုးပြီးပြီ ဖြစ်သော နေရီတို့ အိမ်ထောင်ရေးမှာ မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုပြီး နေရီ သူငယ်ချင်းမလေးက နိုင်လွင်နှင့် ငြိစွန်းနေတဲ့ ကောင်မလေးကို ဖုန်းဆက်ခဲ့ခြင်းသာ ဖြစ်သည်။

"သူ ဖုန်းဆက်ရင် မင်း ရှင်းပြပေးပါ၊ ငါတို့က ကွဲသွားတာ ကြာပြီလို့"

အစ မကောင်းခဲ့တဲ့ နေရီတို့ အိမ်ထောင်ရေး။ နိုင်လွင့်ပါးစပ်မှ ထွက်ကျလာသော တောင်းပန်တိုးလျှိုးခြင်းလည်း မဟုတ်တဲ့၊ အမိန့်ပေးခြင်းတစွန်းတစ ပါဝင်နေသော တောင်းဆိုချက်စကားတွေက နားမှာ ခါးသီးလာသည်။ တချိန်က နေရီကိုယ်တိုင် မြတ်နိုးခဲ့သော မျက်နှာသည် အခုတော့ နာကြည်းမှု့များစွာနှင့် ကြည့်ချင်စိတ်ပင် မရှိတော့။ ချစ်ခြင်းမေတ္တာဆိုသည်မှာ ကာမရမ္မက်ဆန္ဒမီးတွေကြားမှာ ပျောက်ပျက်သွားတတ်လေသလား ဆိုတာတော့ နေရီ မသိ။ ကလေးတွေ ရှိသေးသည်ဆိုသော အကြောင်းပြချက်နှင့် နိုင်လွင်ကတော့ ကွာရှင်းပြတ်စဲဖို့ သဘောမတူ။ သို့သော် နိုင်လွင် အနားမှာ ရှိနေခြင်းကပင် နေရီ့ရင်ကို နာကျင်စေလွန်းလှပါသည်။ အမေ့မျက်ရည်ကျအောင် လုပ်မိသော သမီး စိတ်မချမ်းသာဖြစ်နေရသည်မှာလည်း မဆန်းဟု နေရီ တွေးမိရင်း အမေ့ကိုသာ ရှိခိုးတောင်းပန်နေမိသည်။

"မင်း အလုပ်ရရင် မင်း အိမ်ရှာပြီး နေတော့၊ ဒါမှ မင်းမကြိုက်တဲ့ ငါ့စရိုက်တွေကိုလည်း မင်းမမြင်ရမှာ၊ နှစ်ယောက်လုံးလည်း သိက္ခာကျတယ်"

အသက်ငယ်ငယ်နှင့် အိမ်ထောင်ပြုမိတာ မိုက်မဲတာဟု အကြိမ်ကြိမ် ပြောဆိုနေသော နိုင်လွင်။ ရုန်းကြွလာသော မာနတရားကြောင့် နေရီကျောခိုင်းလိုက်ချင်ပေမယ့် သမီးနှစ်ယောက်ရဲ့  မျက်နှာကိုသာ ပြေးမြင်မိသည်။ နေ့တစ်နေ့ရဲ့  နေလုံးကြီးက ရဲရဲတောက်နေသလို ဒေါသ အရှိန်ကြောင့် တစ်မျိုး၊ ထိန်းမရ ချုပ်မရအောင် ငိုထားတာကြောင့် နေရီ့  မျက်ဝန်းတွေလည်း နေလုံးနှင့် အပြိုင်ပင် ရဲရဲနီကာ မို့မောက်နေသည်။ ကိုယ့်ကျင့်တရားစောင့်စည်းမှု့ မရှိသော သူက သိက္ခာကို စကားထဲ ထည့် ပြောနေတာကတော့ ရယ်စရာကောင်းလွန်းလှသည်။ နေရီ့ ယောကျာင်္းဒီလောက် အရှက်မဲ့ကြောင်းကို နေရီ ဘယ်သူ့ကို ရင်ဖွင့်ရမည်နည်း။ နိုင်လွင့် စိတ်ခံစားမှု့တစ်ခုတည်းနဲ့ပဲ နေရီတို့ အိမ်ထောင်ရေး၊ ကလေးတွေရဲ့  အနာဂတ်၊ နောက်ပြီး နိုင်လွင် လိမ်ညာစွာ ငြိစွန်းထားသော တခြားမိန်းမပျိုလေးဘဝ။ ဟုတ်သည်။ နေရီ လူယုတ်မာတစ်ယောက်ကို လက်ထပ်မိပါလား လို့ ခါးခါးသီးသီးစဉ်းစားနေမိသည်။ စဉ်းစားရင်းနဲ့ပင် တချို့ဘတ်စကားပေါ်မှာ ရေးထားသော "ဆန္ဒကို သိက္ခာဖြင့် ထိန်းပါ"ဟူသော စာသားကိုသာ ပြေးမြင်နေမိရင်း အချစ်တစ်ခုဟာ အချိန်ဘယ်လောက်ကြာရင် ကုန်ဆုံးသွားပြီလဲဆိုတဲ့ မေးခွန်းကိုသာ နေရီ မေးချင်နေမိတော့သည်။

Saturday, February 12, 2011

စိတ်ဆင်ရိုင်း

စာရွက် စာတမ်းတွေကို စားပွဲပေါ်မှာ ချထားပြီး သူ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေမိသည်။ သူ့စိတ်တွေ လေတိုက်နေသော အရပ်မှာ ထွန်းထားသည့် ဖယောင်းတိုင်မီးညွှန့်ကဲ့သို့ တလွင့်လွင့်။ အခွင့်အရေးဆိုတာ တခါတလေမှ ရတတ်တာ မဟုတ်လား။ ဒီ ကိန်းဂဏန်းတွေ အပြောင်းအလဲက သူ့လက်ထဲတွင်ရှိနေသည်။ နောက်ပြီး ဒီအလုပ်၏ ခန့်မှန်းခြေ ကုန်ကျစားရိတ်ကို သူသိထားပြီးသားပင်။ ခန့်မှန်းထားသည့် အတိုင်းအတာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တောင်မှ သူ ကစားလိုက်သော ကိန်းဂဏန်းက အမြတ်ကို မဆိုထားနှင့်၊ အမြတ်အစွန်းဆိုသည့် အစွန်းကိုပင် မထိခိုက်နိုင်။ လောလောဆယ်အခြေအနေအရ သူ့မှာလည်း ငွေလိုနေသည်။ စဉ်းစား .. စဉ်းစား ဟု သူ့ကိုယ်သူ အသိပေးရင်း မောပန်းလာသလို ခံစားနေရသည်။

တကယ်တော့ သူသည် လုပ်ငန်းရဲ့  ယုံကြည်အားထားရဆုံးဟု ဆိုရုံ ဆိုနိုင်သော တစ်ဦးတည်းသော မန်နေဂျာ တစ်ယောက်ဖြစ်သည်။ ယုံကြည်အားထားရဆုံးဟု ဆိုရုံဆိုနိုင်သော စကားလုံးကို သူ ဘာကြောင့် သုံးရသည်ကိုလည်း တခြားသူတွေ နားမလည်ရင်တောင်မှ သူတို့ ကုမ္ပဏီက လူတွေတော့ နားလည်လိမ့်မည်။ ကျန်သည့် ၀န်ထမ်းတွေက စိတ်ချစရာ မရှိ၍လားဆိုတော့ မဟုတ်။ အဓိက ပြဿနာ၏ တရားခံမှာ သူဌေး ဦးလူဇော် ပင် ဖြစ်သည် ။ မည်သူ့ကိုမှ ယုံကြည်သည် မရှိသည့် ဦးလူဇော်သည် သူ့ကိုတော့ အနည်းငယ် ယုံကြည်ပေသည်။ သို့သော် ကိစ္စတစ်ခုခု ပြီးတိုင်းလည်း စစ်ဆေးမေးမြန်းသည်မှာ အစအဆုံး။ နောက်ပြီး စကား စသည်နှင့် "မင်း ဒါကို မလုပ်ရသေးဘူး မလား" ဆိုသည့် အပြစ်တင် စကားနှင့်ပင် စတတ်သည်။ ဒီတော့ ကြိုးစားပန်းစား လုပ်ထားသော သူတိုင်း၊ ၀န်ထမ်းတိုင်း စိတ်နှလုံးမသာယာ ဖြစ်ကြရသည်မှာ မဆန်းလှ။ ပြီးတော့ မိမိက သူတောင်းဆိုသမျှ ၁၀၀ ရာခိုင်နှုန်း လုပ်ပေးနိုင်သည်ထား။ သူ့မျှော်လင့်ချက်က ၁၂၀ လောက်သို့ မြင့်တက်သွားပြီး ဖြစ်သည်။ ထိုကြောင့်လည်း ၀န်ထမ်းအားလုံးသည် ဦးလူဇော် မည်မျှ အော်အော်၊ ကြောက်ရ၊ ရှက်ရမည်ဟုလည်း မခံစားရတော့။ တိတ်တိတ်ဆိတ်ဆိတ် တုံဏှိ ဘာဝေ ခံမပြော နားမထောင်တွေ ဖြစ်လာသည်။ ထိုသို့ဆိုလျှင် ၀န်ထမ်းတွေက အလုပ်ပြုတ်မည်ကို မကြောက်ကြဘူးလား ဟု မေးစရာရှိသည်။ ထိုသို့ မေးလျှင်တော့ အားလုံးက မကြောက်ကြ ဟုပဲ ဖြေရန်ရှိတော့သည်။ ၀န်ထမ်းအများစုမှာ အတွေ့အကြုံ လုံးဝမရှိသေးတာကြောင့် ဦးလူဇော် အရိပ်ခိုဝင်နေရပြီး တချို့  ၀န်ထမ်းတွေမှာလည်း ခေတ်၏ တောင်းဆိုချက်အတိုင်း ပညာအရည်အချင်းလည်း မလိုက်မှီနိုင်သေး၊ ပြောင်းလဲ လုပ်ကိုင်ရန်လည်း အလုပ်အကိုင်ရှားပါးကြတာက တစ်ကြောင်း၊ တချို့ကတော့ အသက်အရွယ် ကြီးလာတာ တစ်ကြောင်းကြောင့် ဦးလူဇော်၏ အလုပ်တွင်သာ မြဲနေကြခြင်းဖြစ်သည်။ ဒီတော့ အားလုံးအတွက် ဦးလူဇော်၏ ကုမ္ပဏီသည် လေ့ကျင့်ရေးကွင်းတစ်ခုသဖွယ်။

တကယ်လည်း လေ့ကျင့်ရေးကွင်းဟု ဆိုရလောက်အောင် ဦးလူဇော်၏ ကုမ္ပဏီက လူဝင် လူထွက်များလေသည်။ သုံးလ၊ လေးလနှင့်ပင် ထွက်သည့် ၀န်ထမ်းတွေ မနည်းလှ။ မပျော်၍ ထွက်ရလောက်အောင် ခိုင်းလှသည်တော့ မဟုတ်။ အမှန်တကယ်ဆိုရလျှင်မူ ဦးလူဇော်၏ အပြောအဆို မောက်မာမှု့ကြောင့် နှင့် နောက်ထပ် အတွေ့အကြုံရစရာ မရှိသော အကြောင်းကြောင့်သာ အထွက်များလေသည်။ ဦးလူဇော်၏ စီမံခန့်ခွဲမှု့တွေကလည်း ပြောင်မြောက်လှအောင် ကောင်းသည်လည်း ပါတာကြောင့်ဟု သူကတော့ မှတ်ချက်ချမိသည်။ ၀င်လာသည့် အင်ဂျင်နီယာအသစ်လေးကို Project အသစ် မစခင် ရုံးက စာရင်းကိုင်၏ စာရင်းသွင်းခြင်းများကို ကူညီလုပ်ကိုင်ပေးရမည်တဲ့။ ထိုသို့ လိုက်ဖက်စွာ အစီအမံကောင်းသော ဦးလူဇော်တည်း။ ဦးလူဇော်၏ ခံယူချက်မှာ လူဆိုတာ သင်လျှင်တတ်ကြသည်ချည်း၊ စိတ်မ၀င်စားတာကြောင့်ရယ်၊ သင်ယူချင်စိတ်မရှိတာကြောင့်သာ မလုပ်နိုင်၊ မလုပ်တတ်ကြဟု ခံယူထားသည်။ သို့သော် တစ်သက်လုံးက မသိနားမလည်ခဲ့သော ပညာရပ်ကို အချိန်တိုတိုအတွင်း မည်သူမှ ချောမွေ့အောင် မလုပ်ဆောင်နိုင်ပေ။ လုပ်ငန်းအတွေ့အကြုံဆိုသည်မှာ ပညာရပ်ကို လက်တွေ့ အသုံးချပြီး ထပ်မံဖွံ့ဖြိုးတိုးတက်ရန်နှင့် လုပ်ငန်းကို အဆင်ပြေချောမွေ့စေရန် တဆင့်ပြီးတဆင့် အထောက်အပံ့ပေးသော လှေကားထစ်တွေသာ ဖြစ်သင့်သည်။ ဦးလူဇော်၏ ဒဿန အရဆိုလျှင် အသက်မွေးကြောင်းဆိုင်ရာ ပညာရပ်တွေကို သင်ဖို့ပင် မလိုတော့ဟု သူ စဉ်းစားမိသည်။ အားလုံးသည် အလုပ်ထဲရောက်မှပင် သင်ကြ မှားကြ၊ ပြင်ကြနှင့် လည်ပတ်သွားရုံသာ။

ဥစ္စာရှိသူသည်လည်း ပစ္စည်းဥစ္စာပေါ် မှီ၍ မာန်မာန တက်သကဲ့သို့
အဆင်းရှိသူသည်လည်း အဆင်းကို မှီ၍ မာန်မာန တက်သကဲ့သို့
ပညာတတ်တို့သည်လည်း မိမိမြတ်နိုးသော ပညာပေါ် တည်၍ မာန်မာန ဖြစ်ကြသည် မဟုတ်လား။ သူလည်း သူမြတ်နိုး၍ လေ့လာသင်ယူခဲ့သော ပညာကို အလေးထားစေချင်သည်။ တခြားနေရာများတွင်တော့ မပြောတတ်။ ဒီကုမ္ပဏီတွင် သူတတ်သော စီမံခန့်ခွဲမှု အတတ်ပညာနှင့် ပတ်သက်၍ ဂုဏ်ယူစွာ ပြောရလျှင်မူ စောစောက ပြောခဲ့သလို ဦးလူဇော်၏ ယုံကြည်မှု့ မဆိုသလောက်ကို ရရှိခြင်းထက် မပိုခဲ့။ အပြောအဆို မကောင်းသော ဦးလူဇော်သည် ၀န်ထမ်းတွေကို ခံစားခွင့်၊ လစာတိုးမြှင့်ခြင်းဖြင့် ချီးမြှောက်ဖို့ မဆိုထားနှင့်။ စကားအရပင် ချီးကျူးဂုဏ်ပြုလေ့မရှိ။ လုပ်ခ လစာ နည်းသည့်အပြင် ချီးကျူးပြောဆိုရုံမျှဖြင့် ၀န်ထမ်းတွေက ခံစားခွင့်များ တိုးမြှင့်တောင်းဆိုလာမှာ စိုးရိမ်တတ်သေးသည်။ ၀န်ထမ်းမမြဲခြင်း၊ အပြောင်းအရွေ့များခြင်းသည် လုပ်ငန်းကို ထိခိုက်စေသည်ဟု မမြင်။ ပိုက်ဆံရှိလျှင် ပညာတတ်တွေကို ခိုင်းစားလို့ ရသည်ဟု အတွေးအပြည့်ရှိသူ ဖြစ်သည်။ ထိုကြောင့်သာ အလုပ်နှုတ်ထွက်စာ တင်သည့်သူတိုင်းကို မည်သည့်အကြောင်းကြောင့်ဟု တစ်ခွန်းမှ မေးဖော်မရခြင်းဖြင့်ပင် သူ့သဘောထားကို ဖော်ပြလေ့ရှိသူလည်း ဖြစ်သည်။ စီမံခန့်ခွဲမှု့ (Management) ပညာရပ်တွင် အခက်ခဲဆုံးဟု ဆိုအပ်သော လူမှု့ဆိုင်ရာ စီမံခန့်ခွဲခြင်း (Human Resource Management) ကိုတော့ ဦးလူဇော် ဒီတစ်သက် တတ်စရာ အကြောင်းမရှိတော့ဟု သူသုံးသပ်လိုက်တော့သည်။

ဦးလူဇော် အကြောင်းကို တွေးနေရင်းမှ သူ စိုးရွံ့မှု့နှင့် မောဟိုက်လာပြန်သည်။ သူအလုပ်ဝင်ကတည်းက သိနှင့်နေခဲ့သော ဦးလူဇော်အကြောင်းကို အခု အလုပ်ဝင်ပြီး တစ်နှစ်ကြာသည့် အချိန်မှ သူ ဘာဖြစ်လို့ အထူးတလည် တွေးကာ အကောင်းမမြင်ဖြစ်နေရသနည်း။ သူ့ကိုယ် သူလည်း မေးနေမိသည်။ အဖြေကတော့ ရှင်းသည်။ သိပ်အံ့သြစရာ မကောင်းလှ။ သူ ပိုက်ဆံလိုနေသည့် အချိန်၊ ဦးလူဇော်က Project တစ်ခုကို သူ့ကို ၀ကွက်အပ်ထားခြင်းပင်။ ထို့ကြောင့် သူ ငွေကို ကစားချင်သလို ကစားလို့ရသည့် အခြေအနေမှာ ရှိသည်။ အလုပ်တွင်လည်း သူ့ကို စစ်ဆေးမည့်သူမှာ ဦးလူဇော်တစ်ယောက်သာ ရှိသည်။ ဦးလူဇော်သည် လုပ်ငန်းလုပ်ရာတွင် အကွက်စေ့၊ စေးကပ်သလောက် လူတိုင်းကဲ့သို့ပင် အားနည်းချက် တစ်ကွက်တော့ ရှိနေသည်။ နားမလည်သည်များကို နားလည်ချင်ယောင်ဆောင်ရင် အစီရင်ခံစာတွေကို ဖတ်ပြီး မေးခွန်းပေါင်းစုံကို စေ့စေ့စပ်စပ်မေးမည်။ မိမိဖက်ကသာ ကြိုတင်ပြင်ဆင် ဖြေကြားနိုင်ခဲ့လျှင် ထိုငွေပမာဏမှာ ဦးလူဇော်အတွက် ပြောပလောက်စရာ မရှိ။ ရုံးမှ စာရင်းကိုင်များ အလုပ်သိပ်မလုပ်ကြသည်ကိုလည်း သူသိထားသည်ပင်။ သူ့အသက်အရွယ်၊ သူ့ရာထူးနှင့် မည်သူ့မှ မယုံမကြည် ဖြစ်နိုင်စရာမရှိဟုလည်း သူယုံကြည်သည်။ တခါတခါတွင်တော့ သူစဉ်းစားမိသည်။ ဦးလူဇော်သည် အိတ်ပေါက်နှင့်ဖားကောက်နေသူ သဖွယ်။ ထင်သလောက် ခရီးမရောက်ဟူသော အတွေးတွေနှင့် စိတ်ဖိစီးမှု့များနေသော ဦးလူဇော်၏ မျက်နှာကို သူ မကြာခဏ တွေ့မြင်နေရသည် မဟုတ်ပါလား။ လုပ်ရည်ကိုင်ရည် ထူးချွန်ထက်မြက်သလောက် လူတကာကို မယုံကြည်စွာ ဆက်ဆံရင်းပဲ အချိန်ကုန်ဆုံးစေသည်။ ၀န်ထမ်းတွေ အကျင့်ပျက်ခြစားမှု့ကို သူ မသိ၊ မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ဆိုတာလည်း ဦးလူဇော် တွေးမိမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကိုယ့်ဖက်ကိုယ်သာ ကြည့်တတ်သော၊ သူများအပေါ်တွင်လည်း စီးပိုးအနိုင်ကျင့် အမြတ်ထုတ်တတ်သော ဦးလူဇော်ကို သူပညာပြမှ ဖြစ်မည်ဟု။ တဖက်က ပြန်စဉ်းစားပြန်လျှင်လည်း ဦးလူဇော်ကို ပညာပေးတရားပြရန် မိမိ တတ်စွမ်းသည့်အရာ မဟုတ်။ သေချာစွာ ဝေဖန်ကြည့်တော့မှ သူ့ မကောင်းမှု့ကို ကာကွယ်ရန် အကြောင်းအရာ တစ်ရပ်ကိုသာ သူရှာဖွေနေခြင်းဖြစ်သည်။ ဘယ်လိုပင် စဉ်းစား စဉ်းစား မိုးကြိုးကို ထန်းလျက်နှင့် ကာသလို အဖြစ် ဆိုတာကို သူ့အသိတရားက သတိပေးနေခဲ့ပြီ။

အခု သူစဉ်းစားနေသော အရာမှာ ဦးလူဇော်လည်း မဟုတ်၊ သူ လိုချင်သော ငွေပမာဏလည်း မဟုတ်တော့။ သူ တည်ဆောက်ခဲ့သော သီလ။ ထိုသို့ဆိုလျှင် သူသည် တစ်သက်လုံး သီလတည်ခဲ့သူလား။ အဲသည်လိုလည်း မဟုတ်ပြန်။ သူအသက်အရွယ်ရလာချိန်မှစ၍ ဆယ်နှစ်နီးပါးတည်ဆောက်လာခဲ့သော သီလ။ သူ သံသရာဆိုတာကို တွေး၍ ကြောက်ခြင်းထက် ပိုသည်ကို သူသိသည်။ ထို့ထက် ပိုဆိုးသည်က အကုသိုလ် အကျိုးပေးကို သူယုံကြည်သည်။ ကံ၊ ကံ ၏ အကျိုးတရားက နောက်ဘ၀ကို ကူးချင်မှလည်း ကူးလိမ့်မည်။ အခု လက်ငင်း ချက်ချင်း အကျိုးပေးသည် ဆိုပါတော့။ ကိုယ်ကျိုးနဲစရာ၊ ရှက်ဖွယ်လိလိ ကိစ္စတစ်ခုရဲ့  သက်ရောက်မှု့ကို သူနှင့်တကွ သူ့မိသားစုပါ ခံစားရတော့မည်။ ထို ငွေပမာဏကြောင့်လည်း သူ ဘ၀ပြောင်းလောက်အောင် ချမ်းသာသွားနိုင်သည် မဟုတ်။ လုပ်စ ရှိရင် လုပ်ချင်သည့် လူ့သဘာဝကိုလည်း သူ့အသက်အရွယ်အရ နားလည်နေပေသည်။ သူ၏ သားသ္မီးများကို "ငါမှားခဲ့လို့ မင်းတို့ကို မမှားစေချင်တာ" ဟု သူ မဆုံးမချင်။ မှားနေတာမှန်း သိရက်နဲ့ လုပ်ပြီးမှ သူများတကာကို ဆုံးမသည်မှာ တရားရဲ့ လား။ သူကိုယ်တိုင်ပင် လက်မခံနိုင်ပါ။ တစ်မနက်ခင်းလုံး ထိုအကုသိုလ် စိတ်ကြောင့်ပင် သူ စိတ်နှလုံးမသာယာ၊ လူလည်း ဣနြေ္ဒမရ လူးလာခေါက်ပြန် လမ်းလျှောက်နေမိသည်။ လုပ်သမျှ အလုပ်တွေလည်း အမှားမှား အယွင်းယွင်း ဖြစ်လို့ ချည်းနေသည်။ အားလုံးကို ခြုံပြီး စဉ်းစားလျှင် မကောင်းမှု့ ဟူသည် စတင်စဉ်းစားလိုက်သည် ဆိုကတည်းကပင် ပူပန်နေရပြီ။

တကယ်တော့ သူ့ကို အယုံကြည်ဆုံး ဦးလူဇော်၏ ယုံကြည်မှု့ကို မဖျက်ဆီးရက်၍ မဟုတ်ပါ။ တွေးပင် မတွေးဖြစ်ဟု အရိုးသားဆုံး ၀န်ခံရပေမည်။ သို့ပေမယ့် သူ့၏ လုပ်ရပ်ကြောင့် မူလရင်းစွဲကပင် သူတပါးပေါ်တွင် ပင်ကိုအားဖြင့် မယုံကြည်သော ဦးလူဇော်သည် တစ်သက်လုံး မည်သူ့ကိုမှ ယုံကြည်နိုင်တော့မည်မဟုတ်။ ထိုသို့သော ခံစားမှု့မျိုးကို သူမပေးရက်။ ထို့ပြင် သူတွင် ကိုယ်ချင်းစာတရားတော့ ရှိသည်။ သူ့ အိမ် မီးလောင် ပျက်စီးသွားခဲ့တုန်းကနှင့် သူ အိမ်ထောင်ဦး ပစ္စည်းလေးများ သူခိုးအခိုးခံရချိန်မှာ သူ မည်သို့ခံစားခဲ့ရသနည်း။ ထိုစဉ်က စ၍ ဇောတိက သူဌေးကို အားကျစွာ "သူ မပေးဘဲ သူ့ပစ္စည်းတွေကို ရန်သူမျိုးငါးပါး ဖျက်စီး၍ မရပါစေသား"ဟု သူဆုတောင်းဖူးသည်။ အခုထက်ထိလည်း သူ ဆုတောင်းနေဆဲ။ မိမိပိုင် ပစ္စည်း တစိုးတစိမျှကိုပင် အထိမခံနိုင်သော သူက ဦးလူဇော်၏ ငွေတွေကိုတော့ အချောင်လိုချင်နေပြန်သည်။ ငယ်ငယ်တုန်းက စိတ်နှင့် ဆို သူ ဆုံးဖြတ်ပြီးသည်နှင့် တစိုက်မတ်မတ် လုပ်ဖြစ်ဦးမည်။ အခုတော့.. အခုတော့ သူဘာကို စဉ်းစားတွေဝေနေသလဲ ။ သူတွေးမိရင်း သူရူးတစ်ယောက်လို ရယ်မိသည်။ ကိုယ့်ရယ်သံကို ကိုယ်ပြန်ကြားကာ သူ့ကိုယ်သူ ပြန်လန့်နေပြန်သည်။

မကောင်းမှု့နှင့် ကောင်းမှု့ယှဉ်လျှင် မကောင်းမှု့ကိုသာ အားသန်သော စိတ်သဘာဝအတိုင်း သူလွှတ်ထား၍ မဖြစ်။ ဆုံးဖြတ်ချက်လည်း မချနိုင်သေး။ စာအုပ်တစ်အုပ်တွင် ဖတ်ဖူးသည့်အတိုင်း ချစ်ခြင်းမေတ္တာ၊ ပညာ၊ ကိုယ်ချင်းစာတရားတို့နှင့် လောကတွင် လူတစ်ယောက်အတွက် အရေးကြီးဆုံး ဖြစ်သော ကိုယ်ကျင့်တရားကို ဆောက်တည်ရန် သူ ကြိုးစားသည်။ ချစ်ခြင်းမေတ္တာနှင့် တည်ဆောက်ရအောင်ဆိုလျှင် ဦးလူဇော် စိတ်နေသဘောထားကို သူ မကြိုက်၊ ကြည်ညို၍ မရပေ။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုသော ပညာဥာဏ်နှင့် ဆုံးမလျှင်လည်း မလုပ်သင့်သော အရာဆိုတာ သူ သိသိကြီးနှင့် စိတ်က မထိန်းချုပ်နိုင်။ သူ ကိုယ်ချင်းစာတရားနှင့် ဆုံးမကြည့်တော့မှ စိတ်က နည်းနည်း အနည်ထိုင်စ ပြုလာသည်။ တဆက်တည်းမှာပဲ သူ ဘာသာရေးအဆုံးအမ ကို ထည့်သွင်းစဉ်းစားပြန်သည်။ ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု့ကို မပြုတော်မူသော မြတ်စွာဘုရားကိုလည်း သူ့နှလုံးသားထဲမှာ အနှိုင်းမဲ့ လေးစားကြည်ညိုလာခဲ့သည်။ စိတ်မိုက်စိတ်ရိုင်းကို သူ ချွန်းအုပ်နိုင်လိုက်သည့် ခဏလေးမှာပင် သူ ဖုန်းနံပါတ်တစ်ခုကို ကောက်လှည့်လိုက်သည်။ ဦးလူဇော်ဆီသို့။ သူ မှန်ကန်သော ကိန်းဂဏန်းတစ်ခုကိုသာ ပြောလိုက်သည်။ ထို့အတွက် နောင်တစ်ချိန် ငွေရေးကြေးရေး ပိုမိုကျပ်တည်းလာခဲ့လျှင် သူ နောင်တရနေမည်လား။ မသေချာလှ။ သို့သော် လောလောဆယ် အရှိန်ဟုန်ပြင်းစွာ ဖြစ်ပေါ်နေသော သူ့စိတ်ကို သူထိန်းချုပ်အောင်မြင်နိုင်လိုက်သည့် ပီတိနှင့် အတူ ကုန်ဆုံးသွားသော အားအင်တွေအတွက် သူ မောပန်းနွမ်းလျစွာနှင့် မျက်လုံးစုံ မှိတ်လိုက်ပါတော့သည်။

Friday, February 4, 2011

အတိတ်မြို့ရိုးမှ ထွက်ခွာချိန်....

စေ့စပ်ကြောင်းလမ်းခြင်း

"မေသက်ပိုင်"

ဖိတ်စာပေါ်မှ ကျွန်မနာမည် ကို ဖတ်ရင်း သူ့နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတာကို သတိထားမိလိုက်သည်။ ကျွန်မ အတွက် သူ့ခံစားချက် တစိတ်တပိုင်းလောက်တောင် မလိုအပ်တော့ပါဘူးလေ ဟုသာ တွေးရင်း ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့သည်။ တကယ်တော့ ဟန်ဆောင်တယ်ဆိုတာ ဘယ်လောက် နာကျင်စရာ ကောင်းမှန်း သူသိသင့်သည်။ သို့ပေမယ့် သူ့ရဲ့  ကြေကွဲခြင်းက ကျွန်မ မဟုတ်သော ဘယ်မိန်းမတစ်ယောက်အတွက်မဆို ဖြစ်နိုင်သည်သာ။ ဒီဟန်ဆောင်မှု့လောက်က သူ့အတွက် ထမင်းစား ရေသောက်ဖြစ်နေလိမ့်မည်။ စူးနစ်သွားသော ခံစားချက်ကို သူ့အပေါ်ထားသော ကျွန်မရဲ့  သံသယနှင့် တွန်းဖယ်ခဲ့တော့သည်။

သူနှင့် ကျွန်မရဲ့  ဝေးကွာခြင်းတွင် သူ့တွင်လည်း အပြစ်မရှိ။ နားလည်မှု့ဆိုတာ စကားသုံးလုံးနှင့် အလွန်ပင် ခက်ခဲသော ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်သည်။ သူနှင့် ကျွန်မကြား လိုက်မမှီနိုင်သော အရာတစ်ခုလည်း ဖြစ်ပြန်သည်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို အကြွင်းမဲ့ ပိုင်ဆိုင်လိုခြင်းသည်လည်း ကျွန်မရဲ့  သူ့အပေါ်ထားသော တစ်ခုတည်းသော အတ္တဖြစ်သည်။ တောင်းဆိုဖို့ရန် ရှက်တတ်သော ကျွန်မရဲ့  အသံလှိုင်းတွေ ကျွန်မရင်ထဲမှာပဲ မြည်ဟီးနေခဲ့ပေမယ့် လူကဲခတ်မညံ့သော သူသည် ကျွန်မ မျက်ဝန်းတွေကို ဖတ်ရှု့နားလည်နိုင်ပါလိမ့်မည်။ သို့ပေမယ့် ဆန့်ကျင်ဖက် မိန်းမသားများဆီမှ ဂရုစိုက်မှု့ကို လိုအပ်သည်ထက် ပိုလိုချင်သော သူ့ကို ချစ်သူဖြစ်သော ကျွန်မ ဘယ်လိုမှ နားလည်ပေးလို့ မရနိုင်သည်မှာ အလွယ်ကူဆုံးသော သဘောတရားဖြစ်လိမ့်မည်။ ရစ်ပတ်လာမည့် ကြိုးကို ငြိတွယ်လာအောင် လက်ကမ်းတတ်သော သူက ဖြူစင်မှု့အတွက် ရှောင်ရှားစရာ မလိုအပ်ဟု အကြောင်းပြချက်အထပ်ထပ်နှင့်။ ထိုအကြောင်းပြချက်တွေကိုလည်း ကျွန်မ နာနာကျင်ကျင်ပင် ကြားနာနေတတ်ခဲ့ပြီ။ အချစ်မခံရသော သူသည် အချစ်များစွာကို လိုအပ်သည်လား ကျွန်မ မသိ။ ကျွန်မတို့နှစ်ယောက်ရဲ့ တံတိုင်းက တစ်ထပ်ပြီးတစ်ထပ်ခြားလို့သာ လာခဲ့သည်။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ ထက်မြက်သည် ဖြစ်စေ မှီခိုစရာ ရင်ခွင်တစ်ခုတော့ လိုအပ်သည်သာ။ ကျွန်မသည်လည်း မထက်မြက်ခဲ့သလို သူ့ကို ဘယ်တုန်းကမှ ရင်ဘောင်တန်းဖို့ပင် စိတ်ကူး မရှိခဲ့ပါ။ တခါတရံ လိုတာထက် မိန်းမပိုဆန်ချင် ဆန်နေလိမ့်ဦးမည်။ ကျွန်မရဲ့  ယိုင်နဲ့မှု့တွေကို ချစ်သူတစ်ယောက်ဖြစ်လျက်နဲ့ ဥပက္ခာပြုနိုင်လွန်းသော သူသည် ကျွန်မအတွက် ဝမ်းနည်းမှု့ ခံစားရသည်ဆိုတာ ရယ်စရာဟာသတစ်ပုဒ်ပင်။ အခက်အခဲတွေ ပြီးမှ အဆင်ပြေရဲ့ လားဆိုသော စကားတစ်ခွန်းနှင့် ချစ်သူကို ကျွန်မတစ်ဘဝလုံး ဘယ်လိုအားကိုးရမည်နည်း။ ဒီမေးခွန်းသည် ကျွန်မကိုယ်တိုင် ရင်မဆိုင်ရဲသော မေးခွန်းလည်း ဖြစ်သည်။ နှိုင်းယှဉ်မှု့တွေနှင့် ကျွန်မ သူ့ကို ခွဲမသွားချင်ပါ။ သို့ပေမယ့် ကျွန်မ သူ့လက်ကိုတွဲ၍ ဘဝတိုက်ပွဲဝင်ရန် မဝံ့ခဲ့သည်မှာ အရိုးရှင်းဆုံး အဖြေတစ်ခုဖြစ်ခဲ့သည်။

"ခပ်ညံ့ညံ့မိန်းမတစ်ယောက်ရဲ့  ရွေးချယ်မှု့မျိုးပဲ"

သူ့ရဲ့ မှတ်ချက်ကို ကျွန်မ အပြုံးမပျက် လက်ခံခဲ့သည်။ လက်ထပ်ဖို့ မိန်းမတစ်ယောက်ရဲ့  ရွေးချယ်မှု့က ညံ့ဖျင်းမှု့တစ်ခုတဲ့လား။ ညံဖျင်းမှု့တစ်ခု ဖြစ်ချင်ဖြစ်ပါလိမ့်မည်။ သူမှ မဟုတ်လျှင် အိမ်ထောင်မပြုတော့ပါ ဟု သူကြားနေကျ သမားရိုးကျလိမ်လည်မှု့မျိုးကို ကျွန်မ မပေးနိုင်ခဲ့လောက်အောင် ညံ့ဖျင်းပါသည်။ သို့ပေမယ့် မိုက်မဲမှု့တစ်ခုမဟုတ်ခဲ့တာ သေချာလွန်းခဲ့သည်။ ကျွန်မဘဝမှာ လိုအပ်ချက်တစ်ခုအရ လက်ထပ်ရန်အကြောင်းမရှိကို သူသိပြီးဖြစ်သည်။ ကျွန်မရဲ့  အားကိုးယုံကြည်ခြင်းတွေ၊ ကျွန်မရဲ့  မျှော်လင့်ခြင်းတွေ အတွက် ထပ်တူခံစားပေးနိုင်မည့်ရင်ခွင်တစ်ခုကို ရွေးချယ်ခြင်းသည် မိုက်မဲမှု့တစ်ခုတော့ မဟုတ်ခဲ့ပါ။ ၊ သူ့ကိုယ်သူ အောင်မြင်လွန်းသည်ဟု ထင်သော ယောကျာင်္းတစ်ယောက်ကို လက်မတွဲဝံ့သည့်၊ လက်တွဲရန်လည်း ယုံကြည်ချက်မရှိသည့် မိန်းမတစ်ယောက်ကို သူနာကြည်းနေမည်လား။ ဒါမှ မဟုတ် သူစွန့်ပစ်ခဲ့ပြီးတာတောင် ဘယ်လိုမှ ခွဲခွာသွားလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားသော မိန်းမတစ်ယောက်ကြောင့် ခံပြင်းနေမလား ကျွန်မ မစဉ်းစားချင်တော့။

မျက်နှာချင်းဆိုင် ထိုင်နေသော သူနှင့် ကျွန်မ အလယ်က ကော်ဖီခွက်တွေတောင် အေးစက်ကုန်ကြပြီ။ နောက်ဆုံးအနေနှင့် နှုတ်ဆက်ထွက်ခွာချိန် ကျွန်မ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ သူသည်လည်း ရီဝေသော အကြည့်နှင့် ပြုံးပြရန် ကြိုးစားသည်။ သူ့နှုတ်ခမ်းဖျားတွေ လှုပ်ခတ်သွားသော်လည်း အပြုံးတစ်ခုတော့ မဖြစ်ခဲ့။ ဒီလိုနာကျင်သော အပြုံးတွေနှင့် ကျွန်မ ပြုံးတတ်တာ သူ့ချစ်သူဘဝကတည်းကဆိုတာ ကျွန်မ အမှတ်ရလိုက်မိသည်။ သို့ပေမယ့် ဒီတစ်ခါ ကျွန်မ အပြုံးတွေ နာကျင်နေသေးသည်လား၊ အေးစက်နေပြီလားဆိုတာ ကျွန်မ မဝေခွဲဖြစ်တော့။ လိုလည်း မလိုအပ်တော့ဟု တွေးတောရင်း ကျွန်မခြေလှမ်းတွေက ရင်ဆိုင်တည်ဆောက်တော့မည့် ဘဝသစ်တစ်ခုဆီသို့။

Saturday, January 22, 2011

ချစ်ခြင်း၏ အလင်္ကာ

တကယ်တော့ ကိုယ် မောင့်ကို သိသည်မှာ လွန်ခဲ့တဲ့ သုံးနှစ်။ Gathering တစ်ခုက အစပြုလို့ တွေ့ခဲ့ခြင်းပါ။ Debate တစ်ခု ပြောရအောင် အဆိုတင်သွင်းခြင်းကြောင့် အားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ခေါင်းစဉ်က ယောကျာင်္းနှင့် မိန်းမ ဘယ်သူ ပိုမြတ်သလဲ။ ခေါင်းစဉ်က စိတ်ဝင်စားစရာကောင်းလှပေမယ့် ကိုယ် မသိလိုက် မသိဘာသာ နေမိသည်။ သို့သော် တဖက် ယောကျာင်္းလေးရဲ့  "မိန်းကလေးတွေက ယောကျာင်္းတွေ နေရာပေးမှု့ကြောင့်သာ နေရာရသည်၊ တော်၍ ထက်မြက်၍ မဟုတ်" ဆိုသော အဆို တစ်ခုကြောင့် ကိုယ့် နှုတ်ဖျားမှ စကားလုံးတွေ လျှံကျလာသည်။ ကိုယ်သည် ဘယ်တုန်းကမှ မိန်းမနှင့် ယောကျာင်္းယှဉ်ပြိုင်နှိုင်းယှဉ်လေ့မရှိ။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ မိန်းမဖြစ်စေ၊ ယောကျာင်္းဖြစ်စေ ကိုယ်ကျင့်သိက္ခာပေါ်တွင်သာ မူတည်သည်ဟု ကိုယ်ခံယူထားသည်။ ပြီးတော့ တော်သည်၊ တတ်သည်ဆိုတာ ကြိုးစားမှု့အပေါ်တွင်သာ အဆုံးအဖြတ်ပေးရမည့် ကိစ္စပင်ဖြစ်သည်။ ဒါကြောင့်လည်း ကိုယ် မခံမရပ်နိုင်ဖြစ်ကာ ၀င်ပါခြင်းဖြစ်သည်။ အဆုံးသတ်တော့ ကိုယ်တို့ မိန်းကလေးတွေ နိုင်ခဲ့သည်။ မောင်နှင့်ချစ်သူ ဖြစ်ပြီးမှ သိရတာက ထိုစဉ်ကတည်းက မဟာယောကျာင်္းကြီး ၀ါဒကို လုံးဝလက်မခံနိုင်ခဲ့သော ကိုယ့်ကို မောင် စိတ်ဝင်စားခဲ့သည်တဲ့။

"ကိုယ့်ကို ချစ်တယ်ဆိုရင်တော့ ကိုယ့်မျက်လုံးတွေကို သေချာကြည့်ပြီး ပြောရဲလား"
"ကျွန်တော် သုန့်ကို ပြောပါ့မယ်.."
လှောင်ရိပ်သန်းနေတဲ့ ကိုယ့်အကြည့်တွေကို မောင်က ကြောက်သည် ဟု ဆိုခဲ့ဖူးသည်ကို အမှတ်ရစွာ ကိုယ်မေးလိုက်မိခြင်းရယ်။ ကိုယ့်ရဲ့  စိန်ခေါ်မှု့စကားကို မောင်က ညင်သာစွာပဲ တုန့်ပြန်ခဲ့ပါသည်။ သုံးနှစ်သုံးမိုး ကိုယ့်အနားမှာ ရှိနေခဲ့တဲ့ မောင့်ကို ကိုယ် မမြင်လောက်အောင် စိတ်အာရုံတွေ များပြားနေခဲ့ရသလဲဆိုတာ ကိုယ် နည်းနည်းနောင်တရချင်သည်မှာတော့ အမှန်။ ကိုယ်လဲကျသွားတဲ့ အချိန် မောင် ထူမတ်ပေးဖို့ပဲ စဉ်းစားခဲ့ပြီး ကိုယ့်အနားမှာ ဘယ်သူမှ မရှိတဲ့ အချိန်ရောက်မှ ကိုယ့်ဘ၀ထဲ ၀င်ရောက်ဖို့ မောင် ကြိုးစားလာခဲ့သည်။ မောင်ကရော ကိုယ့်စရိုက်တွေကို တကယ် လက်ခံနိုင်ပါ့မလား။

"ခဏလေးနော် မောင် . Second Call ၀င်နေလို့ .. ကိုယ် နောက်မှ ပြန်ဆက်မယ်."

ကိုယ့်ရဲ့  ဖုန်းခေါ်သံကို မောင် စောင့်စားနေခဲ့သည်မှာ အမှန်။ ကိုယ့်ဖုန်း ၀င်ဝင်ချင်း မောင့် ဖြေသံကြောင့် မောင် တကယ်စောင့်နေမှန်း သိလိုက်သည်။ မောင် ဘာမှ မမေးပေမယ့် ဘယ်သူ၊ ဘာကိစ္စကြောင့် ကိုယ့်ကို ဖုန်းဆက်တယ်ဆိုတာ မောင့်ကိုကိုယ် ပြောပြဖြစ်သည်။ မောင်ကလည်း ကိုယ်ပြောမယ်မှန်းသိ၍ တမင်မမေးလေသလားတော့ မသိ။ အပြစ်လုပ်ပြီးမှ (ကိုယ့်စိတ်ထဲမှာတော့ ကိုယ့်လုပ်ရပ်ကို ဘယ်တုန်းကမှ အပြစ်တစ်ခုလို့ မထင်ခဲ့ဖူးပါ) မောင်တမျိုးမြင်မည်စိုး၍ ကိုယ်ရှင်းပြသလို ပြောတော့မှ မောင်က ရယ်သည်။ ပြီးမှ ကိုယ်ပြောနေကျ စကားအတိုင်း

"သုန့်ကို ဖုန်းဆက်တဲ့ သူဟာ အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်နေနိုင်သည် မဟုတ်လား။ ဒီ ၅ မိနစ် ၁၀ မိနစ် ဖုန်းကိုင်လိုက်တာဟာ မောင့်ကို သုန် သစ္စာဖောက်တာလည်းမဟုတ်ဘူး။ မောင့်အရေးတကြီး ပြောဆိုနေချိန်မှာ တခြားသူကို ဦးစားပေးလိုက်တဲ့ သဘောလည်း မပါဘူးဆိုတာ မောင်သိတယ်. ရှင်းမပြနေနဲ့တော့.. "

အထပ်ထပ်ဖြစ်နေသော ကိုယ့်ရဲ့ ဆင်ခြေတွေကိုတောင် မောင်က အလွတ်ရနေပြီ။ ဒါပေမယ့် ကိုယ် မျှော်လင့်ထားသလို မောင်နားလည်တာမဟုတ်ဘဲ အောင့်အင်း သည်းခံမှု့ဆိုလျှင်တော့ ကိုယ် တကယ်ကို မလိုချင်ခဲ့ပါ။ ရိုးသားသည့်သူသည် ရှေ့မှာ ရော ၊ ကွယ်ရာမှာပါ အယူအဆ ၊ အပြုအမူတွေအားလုံး တသတ်မတ်တည်းပဲ ရှိရမည်ဟု ကိုယ်လက်ခံထားသည်။ ဒါကြောင့်ပဲ မောင့်ကို ချစ်သည့်အတွက် ကိုယ့် စရိုက်ဗီဇတွေကို လုံးဝချိုးနှိမ်ဖျက်ပစ်ဖို့တော့ မဖြစ်နိုင်။ တကယ်တော့ ကိုယ်ချစ်တဲ့သူတွေကို ကိုယ့် ပုံစံခွက်ထဲ သွင်းနေတာ မဟုတ်ဘူး။ ကိုယ်လိုချင်တာ နားလည်မှု့ပဲ။ လူတစ်ယောက်ရဲ့  ဗီဇကို အချစ်က ပြောင်းလဲပစ်ဖို့ထက် လက်ခံနားလည်ပေးဖို့ကို မျှော်လင့်မိတဲ့ စိတ်လေးတစ်ခုပါပဲ။ ကိုယ်က အချစ်ဆိုတာကို ဗန်းပြပြီး ပုံစံခွက်ထဲ သွင်းတာမျိုး မကြိုက်သလို ချစ်ခြင်းတရားနှင့် အနိုင်ကျင့်တာမျိုးကို လက်မခံတတ်တာ မောင် အသိဆုံးပဲ ဖြစ်လိမ့်မည်ထင်သည်။

ဒီတခါမှာတော့ ကိုယ့်အပေါ် အမြဲ နားလည်ပေးသော မောင့်ဆီက မကျေနပ်သံတွေ ထွက်လာခဲ့သည်။ မှန်တော့လည်း မှန်သည်။ ချိန်းထားသည့်အချိန်ထက် တစ်နာရီကျော်နောက်ကျနေပြီ။ မောင် ကိုယ့်ကို စောင့်နေဆဲ။

"တကယ်ဆို မောင့်ကို ဖုန်းဆက်ဖို့ ကောင်းတယ်၊ မောင် ဒီနိုင်ငံ၊ ဒီမြို့ထဲမှာပဲ ရှိသေးတယ်၊ နောက်ကျမယ်ဆိုရင်လည်း နောက်ကျမယ်ပေါ့၊ မောင် စောင့်နိုင်ပါတယ်။ အခုတော့ လာချင်တဲ့ အချိန် လာမယ် ။ စောင့်ချင်စောင့်၊ မစောင့်ချင် နေ ဆိုတဲ့ သဘောမျိုးဖြစ်နေပြီ"

"ကိုယ် ဖုန်း Battery ဒေါင်း သွားလို့ပါ.မောင်. ကားလည်း လာတာနဲ့ တက်လိုက်တာ . လမ်းမှာ Traffic Jam ကြောင့် မထင်မှတ်ဘဲ ကြာသွားတာ. ကိုယ် မလာဖြစ်ဘူးဆိုရင် ကြိုတင်အကြောင်းကြားမှာပေါ့. ကိုယ်လာမယ်ဆိုရင် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကိုယ်ရောက်အောင် လာမှာပါ. မောင့်ကိုလည်း ကိုယ့်ရောက်လာတဲ့ အချိန်အထိ စောင့်နေမယ်လို့ ကိုယ်ယုံကြည်ထားချင်တယ်."

ကိုယ့် စကားဆုံးတော့ မောင်က စကားတော်တော်တတ်တဲ့ ကလေးမပဲ ဆိုသေးသည်။ တကယ်တော့ ကိုယ် မောင့်ဘ၀ထဲ ရောက်လာမယ့် အချိန်အထိ မောင်က ကိုယ့်ကို စောင့်နေစေချင်သည်ဟု ကိုယ် ပြောချင်တာကို မောင်လည်း သိလိမ့်မည်။ ဒီအချိန်ကတည်းက ကိုယ်တို့ နှစ်ယောက်ကြားမှာ ထိုအကြောင်းအရာအသေးအမွှားလေးတွေက ပြောစရာမလိုတော့ဘူးလို့ထင်သည်။

"မောင် မဟုတ်တဲ့ တခြားသူတစ်ယောက်ကို ကိုယ် လက်ထပ်ဖြစ်ဖို့ ခဲယဉ်းသွားပြီ" လို့ မောင့်ကို ခပ်တိုးတိုးလေးပြောတော့

"မောင် မဟုတ်ရင် လက်ထပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကတိမပေးနိုင်ဘူးလား" မောင်က ပြုံးစစနဲ့ မေးသည်။ ဒီမေးခွန်းကို ကိုယ် မဖြေချင်။ မောင့်မျက်ဝန်းတွေကိုသာ စိုက်ကြည့်နေမိသည်။ ကတိဆိုတာ မတည်နိုင်ဘဲ ပေးတာမျိုးကို ကိုယ် သိပ်မုန်းတယ်ဆိုတာ မောင် မသိဘူးလား ကိုယ့်စိတ်ထဲကသာ ကိုယ်မေးမိသည်။ ကိုယ်မရှိရင်လည်း မောင် နောက်တစ်ယောက် မရွေးချယ်ရဘူးလို့ ကိုယ် မောင့်ကို ဘယ်တော့မှ ပြောဖြစ်လိမ့်မည် မဟုတ်။ ဘ၀ဆိုတာ မမြင်နိုင်တဲ့ အချိုးအကွေ့တွေ များသားပဲ။ ကိုယ်နဲ့ မောင်က စိတ်ကူးယဉ်တတ်တဲ့ အရွယ်၊ စိတ်ကူးယဉ်ရမယ့် ပတ်ဝန်းကျင်မှာ တွေ့လာရတာမှ မဟုတ်ခဲ့ဘဲ။ လက်တွေ့ဘ၀ထဲမှာ ဆုံတွေ့လာရတာပဲ။ ကိုယ့်ကို ဖက်ထားတဲ့ မောင့်လက်တွေက တဆင့် နွေးထွေးမှု့။ ပြီးတော့ ကိုယ်ခိုလှူံတွယ်တာရမယ့် ရင်ခွင်၊ ကိုယ့်ကို အကာအကွယ် ပေးနိုင်မည့် ရင်ခွင်ဆိုတာ မောင့်က လွဲပြီး ကိုယ့်ဘ၀မှာ ဘယ်သူမှ မဖြစ်နိုင်တော့ဟုလည်း ခံစားလိုက်ရသည်။

"သုန် စာကျက်သင့်ပြီ။ ဆရာမတစ်ယောက်က စာမေးပွဲကျတာလောက် ရှက်စရာကောင်းတာ မရှိဘူးနော်"
မောင် သုန့်ကို သတိပေးစကားပြောလာပြီ။ မောင်က ချစ်သူဖြစ်သော ကိုယ့်ကို သူများတကာထက် တော်စေချင်သူ။ သို့သော် ပတ်ဝန်းကျင်နှင့် ယှဉ်ပြီး ကိုယ့်ကို ဖိအားပေးတာမျိုးတော့ မကြိုက်။ အမြဲ ကလန်ကဆန်လုပ်တဲ့ ကိုယ့်ကို မောင်က နားဝင်အောင် ဖျောင်းဖျမြဲ။ မောင်လည်း ကြိုးစားဆဲ။ ချစ်သူနှစ်ဦး တစ်ပတ်မှာ တနင်္ဂနွေဆိုတဲ့ နေ့လေးတစ်ရက်ကိုတောင် မနည်း အချိန်လုပြီး တွေ့ကြရသည်ကိုလည်း မောင်အသိ။ သို့သော် ချစ်ခြင်းနှင့် ဘ၀က မပြည့်စုံနိုင်ဟု မောင်က တွေးသည်။ ကိုယ်ချစ်တဲ့သူကို မြင့်မားအောင် တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ရမည်၊ ချစ်သူတွေကြားမှာ ပြိုင်ဆိုင်မှု့ မာနဆိုတာ မီးတောက်တစ်ခုလိုပဲ ဆိုတာ ကိုယ်နဲ့ မောင် အပြန်အလှန် နားလည်ထားခဲ့သည်။ တခါတလေတော့လည်း ကိုယ့် ချစ်မိတဲ့ မောင်က ကိုယ့်ကို အုပ်ထိန်းသူလို ထိန်းချုပ်ဖို့ ကြိုးစားတော့လည်း ကြည်နူးစရာပါလားဟု ကိုယ် တွေးမိတော့သည်။

အပြစ်အနာဆာမရှိတဲ့ ချစ်ခြင်းဆိုပေမယ့် ဒီတခါ ကိုယ် မောင် အရှက်ရအောင် လုပ်ခဲ့မိသည်ဟု မောင် စွပ်စွဲခဲ့သည်။ ကိုယ် မရည်ရွယ်ရိုး အမှန်ပါလို့ မောင့်ကို ကိုယ် ဘယ်လို ရှင်းပြရမှာပါလိမ့်။ စဉ်းစားကြည့်တော့လည်း မောင်ဘယ်လောက်ရှက်သွားလိမ့်မလဲဆိုတာ ကိုယ်တွေးကြည့်လို့ရသည်။ သို့သော် အားလုံးက လွန်ခဲ့ပြီ။ စကားကျွံရင် နှုတ်ရခက်သည်မဟုတ်လား။
"မိန်းမတစ်ယောက်ကို ဘေးဖယ် ထားလိုက်စမ်းပါ၊ အလိုလိုက်ရင် အကျင့်ပါတယ်၊ ယောကျာင်္းတွေက မိန်းမတွေကို ဘာလို့ ယူတယ် ထင်သလဲ" မောင့်သူငယ်ချင်းတွေရဲ့  စနောက်မှု့က အစပြုတာပဲ ဖြစ်သည်။ စနေမှန်း သိပါရက်နဲ့ မခံချင်စိတ်၊ နိုင်လိုစောနှင့် မဟာယောကျာင်္းကြီးဝါဒကို လက်မခံနိင်သော ကိုယ်က
"မိန်းမတစ်ယောက်ကရော ယောကျာင်္းတစ်ယောက်ကို ဘာလို့ ယူတယ်ထင်လဲ.. အားကိုးတယ်ဆိုပြီး ခိုင်းစားဖို့ ယူတာ. ဟုတ်တယ်မလား မောင်"
ကိုယ်က အမှု့မဲ့ အမှတ်မဲ့ ပြောလိုက်ပေမယ့် မောင့်သူငယ်ချင်းတွေက "ဟုတ်လား ဟေ့ကောင်" လို့ ဆိုမှပဲ ကိုယ် သတိဝင်တော့သည်။ မောင့်မျက်နှာကြည့်တော့ လငပုပ်ဖမ်းထားသလို။ ပြုံးနေပေမယ့် မကြည်လင်တဲ့ အပြုံး။ အားလုံးနှင့် လမ်းခွဲပြီးနောက်တွင် မောင်က ကိုယ်ပြောလိုက်မိတဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်ကို စတင်တိုက်ခိုက်တော့သည်။

"အရင်လူတွေ ဘာကြောင့် သုန့်ကို ထားခဲ့သလဲဆိုတာ မောင် သိပြီ .." မောင့်ရင် နာကျင်နေသလား။ ကိုယ့်ကို ဘောင်ခတ်ချင်တဲ့ သူတွေက ကိုယ့်ကို ထားခဲ့တာ ကိုယ်ဘယ်တုန်းကမှ မနာကျင်ခဲ့ဘူးဆိုတာ ကိုယ်ပြောပြရင် မောင် အံ့သြပေလိမ့်မည်။ ချစ်လို့ ဆိုတဲ့ စကားတခွန်းနဲ့ သူတို့ အတ္တပုံစံခွက်အတိုင်း လိုက်နာဖြည့်ဆည်းစေချင်တဲ့ သူတွေ ထားခဲ့တာကို ကိုယ် နောင်တရမယ်လို့များ မောင်ထင်နေသလား။ သို့ပေမယ့် ကိုယ့်ကို ထိန်းကျောင်းနားလည်ခဲ့တဲ့ မောင်ကသာ ထားခဲ့မည်ဆိုလျှင် ကိုယ် အခိုက်အတန့်တော့ ကျဆုံးရလိမ့်မည်ဆိုတာ မောင့်ကို မပြောဖြစ်တော့။ ကိုယ့်ရဲ့  သူတပါးကို အာရုံမစိုက်၊ ဂရုမစိုက်တတ်တဲ့ စရိုက်က ကိုယ်တို့ကို ဝေးကွာစေဖို့ ဖြစ်ခဲ့ပြီလား။ မရည်ရွယ်ခဲ့ဘူးဆိုပေမယ့် ဘယ်လောက် အတိုင်းအတာထိ သက်ရောက်သွားမည်ကို မောင်ပြောသလိုပဲ ကိုယ်စဥ်းစားဖို့ ကောင်းပါသည်။ အခု မောင် ကိုယ့်ကို ချစ်လို့ နောင်တရနေပြီလား။ ကိုယ်က ချစ်လို့ ဆိုတာထက် ကိုယ်ရှူံ့ချခဲ့တဲ့ သူတွေလို ကိုယ့်အတ္တတွေကို အရောင်တင်တတ်ဖို့ပဲ သိခဲ့သူလား။ မောင်စွပ်စွဲသလို မဟုတ်ခဲ့ဘူးဆိုတာသာ ကိုယ် အတွင်တွင် ပြောနေမိသည်။ တဒင်္ဂအချိန်လေးအတွင်းမှာပဲ မောင်က ကိုယ့်အတွက် အရေးပါဆုံးလူတစ်ယောက်ဆိုတာ ကိုယ်ယုံကြည်စွာ လက်ခံလိုက်မိသည်။
"နောက်တစ်ခါ ကိုယ် မောင့်ကို မထိခိုက်စေရပါဘူး။ ကိုယ်ပြုပြင်ပါ့မယ်" ကိုယ် တစ်ခါမှ မပြောဖူးခဲ့တဲ့ စကားတစ်ခွန်း မောင့်ကို လှိုက်လှိုက်လှဲလှဲ ပြောမိတော့ မောင်က ကိုယ့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သေချာသည်။ ကိုယ်နဲ့ မောင် ဘယ်တော့မှ မဝေးနိုင်ဘူးဆိုတဲ့ စိတ်ချလုံခြုံမှု့က ဘာခံစားမှု့နဲ့မှ အစားထိုး၍ မရနိုင်ဘူးဆိုတာကိုပေါ့။

တကယ်တော့ ချစ်တယ်ဆိုတဲ့ လူနှစ်ယောက်ရဲ့  အတည်ပြုမှု့က ပထမဦးဆုံးစာမျက်နှာဆိုရင် အဲဒီ နောက်မှာ နောက်ဆက်တွဲ စာမျက်နှာတွေ အများကြီးရှိကြောင်း ကိုယ် လေ့လာသင်ယူရဦးမည်။ ကိုယ်က အချစ်ရဲ့ နောက်ကွယ်က နားလည်မှု့ကို မောင့်ဆီက ရှာဖွေတွေ့ခဲ့သလို မောင်က ခွင့်လွှတ်သည်းခံမှု့နဲ့ ကိုယ့်ရဲ့  အချစ်တွေကို တွေ့ရှိခံစားနိုင်ခဲ့သည်။ တကယ်တော့ ချစ်ခြင်းတစ်ခုနဲ့ ဘ၀က မပြည့်စုံပေမယ့် မိန်းမတစ်ယောက်ရဲ့  စိတ်လုံခြုံမှု့ကတော့ နားလည်မှု့နဲ့ ယှဉ်တဲ့ ချစ်ခြင်းတွေပေါ်မှာ မှီတည်နေတယ်ဆိုတာ ကိုယ် မငြင်းတော့ဘူးလို့ မောင့်ကို ၀န်ခံရဦးမည်။

Wednesday, January 5, 2011

ခြားနားခဲ့သော...

မိုးက ဖွဲဖွဲလေး ရွာနေတယ်။ တောင်ပေါ်မိုးရဲ့  ထုံးစံအတိုင်း ချမ်းစိမ့်စိမ့်နိုင်လွန်းနေတယ်။ ဂွမ်းစောင်တွေ အထပ်ထပ်အောက်ကနေ ငယ် ရုန်းထွက်လိုက်တယ်။ ကျောင်းသူတစ်ယောက်တာဝန် ကျေပွန်ဖို့ အနည်းဆုံး ကျောင်းသွားရဦးမယ် မဟုတ်လား။
တဝါးဝါးသန်းရင်း မျက်နှာ သစ်၊ ရေချိုး။ ရေချိုးတယ်သာ ပြောရတယ်။ ရေလောင်းတယ်ဆိုရုံ။ တောင်ပေါ်ရောက်တဲ့ မြေပြန့်သူ အဖို့ ဒါက သတ္တိကောင်းလွန်းတာလို့ ငယ်တွေးလိုက်တယ်။ပြင်ဆင်ပြီး စက်ဘီးထုတ်နေရင်းက လှမ်းကြည့်လိုက်တော့ ကိုကို စောင့်နေတာကို ငယ် လှမ်းတွေ့လိုက်ရတယ်။

"ငယ်လေး၊ ပြီးပြီလား။ ငယ်လေးထွက်လာတာကို စောင့်နေတာ၊ အော်ခေါ်ရင် ဦးတို့ နှိုးသွားမှာ စိုးလို့. .." ကိုကို့ စကားတို့က နားထဲ မဝင်။
"ခေါ်ပြန်ပြီလား၊ အဲဒီ လေးကြီး ထည့်ပြီးတော့"

တကယ်က ငယ့်ကို ငယ်လို့ခေါ်တာသာ ကြိုက်ပါတယ်။ နာမည်ကို ချစ်စနိုးနဲ့ လေး ထည့်ခေါ်တာမျိုးကို ငယ်မကြိုက်။ နုရွလွန်းသည်ဟု ထင်သည်။ အဲဒီကိစ္စနှင့် ပတ်သက်ရင်တော့ ကိုကိုနှင့် စကား အများရဆုံး ဖြစ်မည်။ ကိုကိုနှင့်က ကျောင်းတူသော်လည်း အတန်းမတူ။ ကိုကို ဆယ်တန်း အရောက်မှာ ငယ်က (၈) တန်းကျောင်းသူ။ မိဘချင်းက ဝန်ထမ်းချင်းမို့ ဌာနမတူသော်လည်း နယ်မြို့လေးမို့ ရင်းနှီးကျွမ်းဝင်ကြသည်။ နောက်မှ ပြောင်းလာသော ငယ်တို့ မိသားစုအတွက် အိမ်ရတော့လည်း ကိုကိုတို့ အိမ်နှင့် မျက်နှာချင်းဆိုင်။ အထူးခြားဆုံး မတူညီတာက ငယ်တို့ ဖေဖေက ဒီမြို့လေးမှာ တာဝန်ကျတာ။ ကိုကို့ဖေဖေကတော့ ဒီနယ်သားစစ်စစ်။

"ငယ်.. ဘာလို့ စက်ဘီးယူလာတာလဲ။ မိုးတွေ ရွာနေတာကို"

"သြော် မိုးရွာထဲမှာ စက်ဘီးစီးရတာ ကောင်းတာပေါ့.. အပြန်ကျရင် စီးမို့ မိုးရေထဲမှာ.. ကိုကိုက စက်ဘီးယူမလာတော့ လမ်းလျှောက်ပြန်ပေါ့.. ပြီးမှ ငယ့်စက်ဘီး ကပ်မစီးနဲ့.."

ငယ့်အဖြေကို ကိုကိုသဘောမကျပေမယ့် ဘာမှတော့ မပြောတော့။ ဆိုးလွန်းသော ကလေးတစ်ယောက်ကို လက်လျော့လိုက်သော လူကြီးတစ်ယောက် မျက်နှာထားမျိုးနှင့်သာ နှုတ်ဆိတ်နေတယ်။ ကျောင်းရှေ့ရောက်တော့ ဝိုင်းကြည့်နေတဲ့ ကျောင်းသူတွေကို မြင်လိုက်တော့မှ ကိုကို့ကို နှုတ်ဆက်ရင်း ငယ့်အခန်းရှိရာ အဆောင်ဖက်သို့ ကူးလာမိတယ်။ တကယ်တော့ ငယ်တို့ နှစ်ယောက်ကို ကျောင်းသူတွေက ကြည့်တာမျိုးမဟုတ်။ ကိုကိုက ချောမောသန့်ပြန့်လွန်းသောကြောင့် ကြည့်ကြခြင်းရယ်။ တောင်ပေါ်သား အသားဖြူတာ မဆန်းလှပေမယ့် ကိုကိုက အသားအရေလှသည့် အပြင် အရပ်ကလည်း ရှည်သည်။ ဝတ်စားဆင်ယင်မှု့ကလည်း ဗမာဆန်သည်။ ငယ့်အတွက်တော့ ကိုကို့ကို ကြိတ်ပြီး သဘောကျရတဲ့ အကြောင်းရင်းတွင် အဲဒါက အဓိက အချက်ဖြစ်သည်။ တောင်ပေါ်ဒေသမှာ သူသူကိုယ်ကိုယ် ယောကျာင်္းလေးတွေ ဂျင်းဘောင်းဘီ ဝတ်ကြသော်လည်း ကိုကိုကတော့ ယောပုဆိုးကိုသာ စွဲစွဲမြဲမြဲ ဝတ်တတ်သူ။ ရှပ်အကျီလက်ရှည်ပေါ်တွင် V ပုံ ဆွယ်တာလက်ပြတ် အရောင်မှိုင်းမှိုင်းလေးတွေ ဝတ်တတ်တာ။ ခြေညှပ် သြကတ္တီပါ ဖိနပ်လေး စီးတတ်တာ။ စကားပြောရင် ငယ့်လို မောင်းကွဲဖြစ်အောင် မပြောတတ်ဘဲ ငြင်ငြင်သာသာ တိုးတိုးလေး ပြောတတ်တာ.. စသည်ဖြင့်ပေါ့လေ... ။ တခါတလေ ငယ်ကိုယ့်ငယ် စဉ်းစားကြည့်မိတယ်. ငယ် ရင်ခုန်ဖို့ ဆိုတာတော့ ငယ်လွန်းနေသည်ဟု။ ငယ်သဘောကျသည်ဆိုသည်က ကိုကို့ကို မရိုးသားစိတ်နှင့် သဘောကျခြင်းမဟုတ်ပါစေနဲ့ လို့ ဆုတောင်းရင်း သက်ပြင်းတိုးတိုးလေး ချမိတယ်။

"ငယ်တို့ ကစားဖို့ လူလိုနေလို့ ကိုကို့ကို လာခေါ်တာ... "
ကိုကို စာလုပ်နေရာမှ မျက်လုံးပင့်ကြည့်သည်။ စာလုပ်နေတယ်လေဆိုသည့် သဘော။ ငယ် ကိုကို့ ကို ဆက်မခေါ်တော့။ ငယ် စိတ်ကောက်တော့မည်။ သိပ်မကြာလိုက်။ ကိုကို ထွက်လာသည်။ မကြီးမငယ်နှင့် ငယ်တို့ အုပ်စုတွင် ကိုကိုက ပြေးလွှားဆော့ကစားရပြန်သည်။ အဲဒါကြောင့်ပင် ငယ်လည်း ဖေဖေဆူတာ ခံရတယ်။ ကိုကိုက ဆယ်တန်းကျောင်းသားဆိုတော့ စာကြည့်ရမည်တဲ့။

စာကျက်ပြီးတော့ ကိုကိုက အိမ်ရှေ့အုတ်ခုံလေးမှာ ထိုင်ပြီး သီချင်းဆိုတယ်။ ဒါက ဘယ်သူမှ မသိတဲ့ ငယ်နှင့် ကိုကို စိတ်ကောက်တိုင်း ကိုကို ချော့နေကြနည်း။ ငယ် ဘယ်လိုဆိုးဆိုး အလိုက်လိုက်တဲ့ ကိုကိုနှင့် စိတ်ကောက်ဖို့ တချိန်လုံး ကြိုးစားနေတဲ့ ငယ် သံယောဇဉ်တွေလည်း တစ်ရစ်ပြီး တစ်ရစ်တိုးလာတာကိုတော့ နှစ်ယောက်လုံးသိသည်။ ဒီလိုနှင့် ငယ်တို့ စာမေးပွဲတွေ ပြီးတဲ့ နောက် ကိုကိုလည်း ဆယ်တန်းဖြေရတယ်။ ကိုကိုကတော့ တက္ကသိုလ်ဆိုတာကို စိတ်ကူးနှင့် ဘယ်လောက်ပျော်နေမလဲ မသိ။ အထက်တန်းကျောင်းသူ ဖြစ်လာမယ့် ငယ်တောင် စိတ်တွေ လှုပ်ရှားလို့။ ရက်မှ လပြောင်းရင်း စာမေးပွဲ အောင်စာရင်း ထွက်အပြီး တစ်ရက်မှာတော့...

"သမီး. ရန်ကုန်မှာ ကျောင်းပြန်တက်ရမယ်. (၉)တန်း၊ (၁၀)တန်းက အရေးကြီးနေပြီ"

ဖေဖေ့ရဲ့  စီမံမှု့နဲ့ ကျောင်းတွေ ပြန်ဖွင့်တော့ ငယ်လည်း ရန်ကုန်အိမ် ပြန်ရသည်။ အချိန်တွေ ကြာသွားတဲ့ အထိ ကိုကိုနှင့် ပြန်မဆုံဖြစ်တော့။ ဒါပေမယ့် ကိုကို့ ဖေဖေက တဆင့် ကိုကို့သတင်းတွေကိုတော့ ကြားရသည်။ ကိုကို လားရှိုးတက္ကသိုလ် တက်နေတဲ့ အကြောင်း။ ထူးချွန်ကြောင်း၊ အားကိုးရတဲ့ အကြောင်း။ ကိုကိုလည်း ငယ့်အကြောင်းတွေ ကြားနေလိမ့်မည်။ သို့ပေမယ့် တကူးတက အဖြစ် ဆုံဆည်းအောင် မကြိုးစားဖြစ်ကြတော့။ တောင်ပေါ်မြေကို ခဏခဏ ရောက်ပေမယ့် ကိုကိုရှိရာ လားရှိုးကိုတော့ ပြန်မရောက်ဖြစ်ခဲ့။ ဒါပေမယ့် ငယ်ကတော့ ယောပုဆိုးလေးတွေနဲ့ ရှပ်အကျီလက်ရှည်ပေါ်မှာ ဆွယ်တာလက်ပြတ်လေးတွေ ဝတ်ထားတဲ့ သူဆိုရင်တော့ ဘာရယ်မဟုတ် လိုက်ငေးမိနေတတ်တုန်းပါပဲ။
....................................................................................................................................................................................................................
ငယ့်စကားဆုံးတော့ မောင်က ရယ်ရင်း မေးသည်။
"ဒါက ပထမဦးဆုံး ရင်ခုန်သံတွေပေါ့.." မောင့်အမေးကို ငယ် ရယ်မိတယ်။ တစ်ယောက်နှင့် တစ်ယောက် စကားနာထိုးခြင်းမဟုတ်ခဲ့။ သူငယ်ချင်းဘဝမှာပင် တစ်ယောက်အပြစ် တစ်ယောက် သေချာစွာသိပြီးမှ ချစ်ခဲ့ကြခြင်းဆိုတော့။

"ပထမဦးဆုံး ရင်ခုန်သံကတော့ ငယ့်အတွက် ခွေးလိုက်တာပဲ ဖြစ်မှာ မောင်ရဲ့ .. အမယ်. သူများကို ပြောနေ. ဘယ်သူလဲကွ. ထရံကြားက နေကြာစေ့ဆိုတာ..."

ငယ်ရယ်ရင်း မောင့်ကို ပြန်အော်လိုက်သည်။ ဆယ်တန်းအဆောင်နေတုန်း မောင်ရည်းစားထားတော့ ကောင်မလေးက ထရံကြားကနေ နေကြာစေ့ခွာကျွေးဖူးသည်ကို မောင်နှင့် သူငယ်ချင်းဘဝက ငယ့်ကို မောင်ပြောပြထားမိသည်ကိုး.... အခုတော့လည်း ပထဦးဆုံးရင်ခုန်သံလား၊ ဘာလား သတိမရတော့။ နောက်ဆုံးရင်ခုန်သံတွေ ထပ်တူညီဖို့ပဲ အရေးကြီးတော့တာပဲ မဟုတ်လား....

Sunday, December 19, 2010

သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ..

"ဖေဖေတို့ကလည်း အိမ် ခဏခဏ ပြောင်းနေတာပဲ.."
စဉ်းစားရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်မိသည်။ ထားမြင်ကွင်းထဲ ဝင်လာသည်က စူးစမ်းသော အကြည့်နှင့် ရပ်ကြည့်နေသော ကောင်လေးတစ်ယောက်။ အသားဖြူဖြူု၊ ပုဆိုးလေးတိုတို ဝတ်ထားပုံက လူကြီးလေးလို။ ဒါပေမယ့် ထားထက်တော့ အသက်ကြီးမည် ထင်သည်။ ထားကားပေါ်မှ လွှားခနဲ ခုန်ချလိုက်ပြီး ကောင်လေးရှိရာဆီသို့ ပြေးသွားသည်။

"နင် ဘာရပ်လုပ်နေတာလဲ.. ငါ့ပစ္စည်းလေးတွေ ကူသယ်ပေးပါလား"

ကောင်လေးက ကြောင်တောင်တောင်နှင့် ပြန်ကြည့်ရင်း ကားဆီသို့သွားကာ လူကြီးတွေ ရွှေ့နေသော ဗီဒိုကို ကူသယ်ဖို့ ကြိုးစားနေသည်။ ထား ဟက်ခနဲ ရယ်ရင်း

"နင့်လက်မောင်း သေးသေးလေးတွေနဲ့ နိုင်မှာမို့လို့လား.. ငါ့ပစ္စည်းလေးတွေပဲ ကူသယ်လေဟာ" ထား စကားပင် မဆုံးလိုက်။ မေမေက ဝင်ဟန့်သည်။
"သမီး... ဘာလို့ သူများကို လျှောက်ခိုင်းနေရတာလဲ.." မေမေက ထားကို ဆူရင်း ကောင်လေးဖက် လှည့်သွားသည်။
"သား .. သားက ဒီနားမှာနေတာလား"
ကောင်လေး ခေါင်းကို ငြိမ့်ရင်း ထားတို့ တစ်အိမ်ကျော်ကို လက်ညှိုးထိုးပြသည်။ မေမေနှင့် ပြောနေတာကို ထားကြားနေရသဖြင့် သူ့နာမည်က "မောင်" ဟု သိလိုက်ရသည်။ ဟွန်း တင်တင်စီးစီးကြီးပါလား။ ထားနှင့် အတန်းတူသော်လည်း ထားတက်ရမည့် ကျောင်းနှင့်မတူ။ ထားကတော့ နှစ်ဝက်မှ ကျောင်းဝင်ရဦးမှာဆိုနေတာ့ စာတွေကူးရဦးမည်။ ကောင်လေးက စာတော်ရင် သူ့ကို စာမေးရမယ်လို့ ထား မဆီမဆိုင် တွေးနေမိသည်။

မောင်နှင့် ခင်ရတာ ပျော်စရာလည်း ကောင်းသည်။ မောင်က အရာရာကို သည်းခံတတ်သော သူ။ စိတ်တိုလျှင် မျက်နှာညိုသွားတတ်ပြီး ဘာစကားမှ မပြော။ ထား မောင့်ကို ခင်ပါသည်။ သို့သော် ထားနှင့် မောင် အဓိက အငြင်းအခုန်ဖြစ်ရဆုံးက ကစားချိန်ပင်။ ထားမိဘတွေက တင်းတဲ့ ကြိုးက ပြတ်သွားတတ်သည်ဟုဆိုကာ ထားကို မချုပ်ချယ်။ အလိုလိုက်သည်။ ဒါပေမယ့် မောင်မိဘတွေကတော့ မောင့်ကို စားချိန်တန် စား။ ကစားချိန် ကစား။ မောင်က ပုံစံခွက်ထဲမှာသာ နေရသော ကလေးတစ်ယောက်လည်း ဖြစ်သည်။ ဒါကြောင့် ကစားလို့ ကောင်းသည့် အချိန်ဆို မောင်က ထပြန်ပြီ။

"မောင်၊ နင် နောက်တခါ ပွဲဖျက်ဦးမယ်ဆိုရင် လာ မကစားနဲ့"
ထားစကားကြောင့် မောင် မျက်နှာပျက်သွားသည်။ သို့သော် အပြစ်ရှိသော မျက်နှာနှင့် နောက်တခါ လာကစားမြဲ။ မေမေကတော့ မောင့်ကို လိမ္မာသည်ဟု တဖွဖွ ချီးကျူးမဆုံး။ ထားနှင့်ကတော့ ကစားပြီးတိုင်း ရန်ဖြစ်ရသည်ချည်း။

ဆယ်တန်းနှစ်ရောက်တော့ ထားတို့ နှစ်ယောက် ရန်မဖြစ်နိုင်တော့။ ကစားဖို့ အချိန်လည်း မရှိတော့သလို ရန်ဖြစ်ဖို့ အချိန်လည်း မရှိတော့။ စာမေးပွဲ ရက်ရောက်တော့ နေမကောင်းဖြစ်နေသော မောင့်ကို ထား သွားကြည့်ရသေးသည်။ စာတွေ ကူးပေးနှင့်။ ဒါတောင် မောင်က စာမေးပွဲ အောင်စာရင်းထွက်တော့ ထူးချွန်စွာ အောင်မြင်ခဲ့ပြီး မိဘတွေ သဘောကျ ဆေးကျောင်း တက်သည်။ ထားကတော့ ထား ဝါသနာပါသော စိုက်ပျိုးရေးကိုသာ အဓိက ဘာသာ အဖြစ် ယူခဲ့သည်။ မောင် ဆေးတက္ကသိုလ်ကို မန္တလေးမှာ တက်မှာမို့ ထားကို လာနှုတ်ဆက်တဲ့ တစ်ညနေမှာပေါ့။

"ထား.. နင် ငါ့ကို မမေ့နဲ့ နော်"
"နင်သာ ငါ့ကို မေ့သွားမှာပါ မောင်ရယ်.." ထား ဝမ်းနည်းစွာဆိုတော့ မောင် ဘာမှဆက်မပြောတော့ ကျန်းမာရေးသာ ဂရုစိုက် ဟုသာ နောက်ဆုံး ပြောသွားသည်။ ထား မောင့်ကို အမြဲ သတိရပေမယ့် စာမရေးဖြစ်။ ထွေထွေထူးထူးလည်း မရှိလှ။ မောင် ပြန်လာတိုင်း ထားကို လာတွေ့သည်။ တခါတရံ စကားရည်လုတာက လွဲလို့ မောင် နှင့် ထား ငယ်ငယ်တုန်းကလို ရန်မဖြစ်တော့။ သံယောဇဉ်ဆိုတာ မပြတ်နိုင်တဲ့ ကြိုးလို့ ဆိုကြပေမယ့် မောင် နောက်ဆုံးနှစ် အပြီး ပြန်လာတော့ ထားကို မပွင့်တပွင့်နှင့် ရင်ဖွင့်သည်။

"ငါ သိပ်ချစ်တဲ့ ကောင်မလေး ရှိတယ်.. ထား. ငါ သူ့ကိုတော့ မဖွင့်ပြောခဲ့ရသေးပါဘူး.. ဒါပေမယ့် ငါ သူ့ကို ချစ်နေတာ ဒုတိယနှစ်လောက်ကတည်းက . သူလည်း သိပါတယ်. ငါ သူ့ကို ချစ်နေတယ်ဆိုတာတော့"
မောင်ရဲ့ စကားတွေက ထား နားထဲသို့ ဖိတ်တဝက်၊ စင်တဝက်။ အာရုံတွေက မောင့် အသံနှင့် နီးသွားလိုက်။ ဝေးသွားလိုက်။

"နင် ဘာလို့ အဲကောင်မလေးကို ချစ်သွားတာလဲ.."
"သူ့ရဲ့  မျက်လုံး ပေါ့ဟာ. သူက အရမ်းတည်ငြိမ်တယ်. ငါ လိုချင်တဲ့ မိန်းကလေး၊ ငါ့ အမေ သဘောကျမယ့် မိန်းကလေးမျိုး"

မောင့်ရဲ့  အပြောမှာ ထားသိမ်ငယ်သွားသလို။ ငါက တကယ်တော့ နင့်ရဲ့  သတ်မှတ်ထားတဲ့ ဘောင် အပြင်ဖက်မှာပေါ့နော်.. စိတ်ထဲကသာ ထားတိုးတိုးလေး ရေရွှတ်နေမိသည်။ မောင်က ထားမသိလိုက်တဲ့ အချိန်မှာပဲ ထားကို ထားသွားတာပါလား... မောင့်ကိုလည်း အပြစ်မပြောရက်ပါ။ သံယောဇဉ်ဆိုတာ အချစ်တစ်ခု ဖြစ်နိုင်ခြေလို့ ဘာလို့ တပ်အပ် သတ်မှတ်မိလေသလဲလို့သာ ထားကိုယ့်ကိုကိုယ် အပြစ်တင်နေမိတော့သည်။ မောင် ပြန်သွားသည်မှာ (၂)လလောက် ရှိတော့မည်။ မောင်ကတော့ ချစ်သူအနားမှာ ပျော်နေလိမ့်မည်။ ထားကသာ ကြေကွဲခြင်းတွေနှင့် နေသားကျအောင် ကြိုးစားရင်း နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက်ကုန်မြန်လာခဲ့သည်။ ထားလည်း ထားကိုယ်ပိုင် လိမ္မော်ခြံလေး ဝယ်ထားသည်မို့ နှလုံးသားဒဏ်ရာအတွက် အလုပ်ထဲသာ အာရုံနှစ်ထားလိုက်သည်။

"ထား ရှိလား"
အမေးသံနှင့် အတူ မောင် ထားတို့ လိမ္မော်ခြံလေးထဲသို့ ဝင်လာသည်။
"ဟယ် မောင်.. နင် ပြန်လာတယ်. နင်က ဖုန်းတောင် ကြိုမဆက်ဘူး.." မောင်ကတော့ ထားအပြောကို မသိသလို သိသလို။
"မောင် နင် တစ်ခုခု ဖြစ်လာသလား။ ကောင်မလေးနဲ့ ရော အဆင်ပြေတယ်မလား."
"ငါ့ အိပ်မက်ဟာ သူမဟုတ်တော့ပါဘူး.."
"ဘာဖြစ်လို့လဲ.. ကောင်မလေးက ရိုးရိုးအေးအေးလေးဆို. နင့်ကောင်မလေးကို ငါမြင်ဖူးချင်လိုက်တာ" ထား စိတ်ထဲရှိတဲ့ အတိုင်း မေးပြောပြောလိုက်တော့
"ထား နင် ထပ်မမေးပါနဲ့လား.. သူအပေါ် ထားတဲ့ ငါ့အထင်ကြီးမှု့တွေ ပျောက်ဆုံးသွားတာ"
"နင် ဖွင့်ပြောလိုက်လို့ ငြင်းလိုက်တာလားဟယ်" မောင့်မျက်လုံးတွေက အဝေးတစ်နေရာကို ငေးကြည့်နေဆဲ။
"ထား.. ငါ သူ့ကို ဖွင့်မပြောဖြစ်ခဲ့ဘူး.. အခုအချိန်အထိ. ငါ့ကို ထပ်မမေးတော့နဲ့.. ငါ ပြောချင်တာ ငါ့ဘဝအတွက် သူ့ကို မစဉ်းစားမိတော့တာပဲ"
မောင့်ရဲ့  ယတိပြတ် စကားကြောင့် ထားဆက်မမေးဖြစ်။ နင်က အချစ်တစ်ခုကို ဘောင်ခတ်ထားတာလား မောင်ရယ်.. တွေးရင်း ထားသက်ပြင်းချလိုက်မိသည်။

မောင် ပြန်ရောက်လာတဲ့ နေ့က စပြီး မောင် ထားဆီကို နေ့တိုင်း အမြဲ မပျက်မကွက် ရောက်လာခဲ့သည်။ မောင်က ငယ်ငယ်လေးကတည်းက တည်ကြည်သလို အခု ပိုတောင် ရင့်ကျက်လာသည်။ ငါ လေ ကျောင်းပြီးရင် ငါ့မြို့လေးမှာပဲ ဆရာဝန်ပြန်လုပ်တော့မယ်. ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းလေးပေါ့ ဆိုပြီး စိတ်လို လက်ရပြောတတ်သေးသည်။ ထားကတော့ လိမ္မော်ခြံတစ်ခြံ ထပ်ဝယ်ဖို့ စိတ်ကူးထားကြောင်း၊ ဆရာမ ဖြစ်ချင်သည့် အကြောင်း မောင့်ကို ပြောဖြစ်သည်။

"ထား နင်က ယောကျာင်္းလေး သူငယ်ချင်းများတယ်နော်.."

"အင်း သူတို့ ပြောကြတာတော့ ငါက ပွင့်လင်းပြီး ခင်ဖို့ ကောင်းတယ်တဲ့" မောင့် အပြောက မနှစ်မြို့မှန်း သိသော်လည်း ထား ဘယ်လို ရှင်းပြရမည်မှန်းမသိ။

"ငါက ဘယ်သူရယ် အစွဲ မရှိပါဘူး. ငါ နင့်ကို မိတ်ဆက်ပေးတာပဲလေ. ငါတို့ ကျောင်းတုန်းကတည်း သူငယ်ချင်းတွေပဲ ဟာကို. နင်နဲ့ ကျောင်းမတူတာနဲ့ပဲ မခင်ချင်တာလား"

"မဟုတ်ဘူး . ငါ အုတ်ရောရော ကျောက်ရောရော အဖြစ်မခံနိုင်တာ" မောင်က ဘာကို ဒေါသထွက်နေမှန်းမသိ။

"ငါ နင့်ကို မုန်းတယ်.. အရမ်းကို မုန်းပစ်ချင်တယ်"

မောင့် စကားကြားတော့ ထား အံ့သြသွားသည်။ ထားသိပါသည်။ မောင် ထားကို မုန်းပစ်ချင်မှာပေါ့. ထားက မောင့်ရဲ့  ဘောင်ထဲ မဝင်နိုင်တဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ ထားဘဝမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့်သာ နေခဲ့သည်။ ထားက ရိုရိုကျိုးကျိုးမိန်းကလေးတစ်ယောက်မှ မဟုတ်ခဲ့ဘဲ။ ထားမှန်တယ် ထင်ရင် မှန်သည့်အတိုင်း အလျော့မပေး ခေါင်းမာတတ်သော မိန်းကလေးဆိုတော့ မောင်တို့ အသိုင်းအဝိုင်းထဲ ဝင်ဖို့ မလွယ်မှန်း ထားသိပါသည်။ အချစ်တစ်ခုအတွက်တော့ မောင်ရေ.. ငါ့မှာ သတ်မှတ်ချက်တွေ မရှိခဲ့ပေမယ့် ကိုယ်ပိုင် စံတွေနှင့် သတ်မှတ်ထားသော ဘဝတစ်ခုရှိနေခဲ့တာပင်။ ။ ထား စိတ်ထဲက စကားတွေကို မောင် သိနိုင်မည်မဟုတ်တော့။ မောင် ပိုပြီး မသိနိုင်တာက ထား မောင့်အမုန်းတွေကို မလိုချင်ဆုံးဆိုတာကိုပေါ့။ မောင်က ထားရဲ့  မောင် မဟုတ်ခဲ့သော်လည်း မောင် မိန်းကလေးတစ်ယောက်ကို ရွေးချယ်ခဲ့တုန်းက ထား တိတ်တိတ်လေး နေခဲ့ရဖူးသည်ပဲ။ ဒီလိုအဖြစ်တွေကို ထားမလိုချင်တော့ပါ။ မောင် ထားခဲ့မှာစိုးလို့ မောင်နှင့် နီးရာကို ထားမလာနိုင်အောင် ကြိုးစားခဲ့သည်။ ထားစိတ်တွေ အနည်ထိုင်နေခဲ့ပြီ မောင်။

"မောင် .နင်နဲ့ငါ မှာ မုန်းခွင့် မရှိဘူး.. နင်သိလား.. ဘာကြောင့်လဲဆိုတော့ ငါတို့က သူငယ်ချင်းတွေ ဖြစ်နေလို့ပဲ..."

ဒီစကားတစ်ခွန်း အဆုံးမှာတော့ ထား မောင့်ကို လှည့်မကြည့်ဖြစ်တော့။ မောင် မကြားဖြစ်တော့မယ့် စကားတွေက ထားရင်ထဲမှာ..
နင့်အမုန်းတွေကို မပိုင်ဆိုင်ရဖို့ ငါ နင့်ရဲ့  သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်လေးမှာပဲ နေပါရစေတော့။
နင် ငါ့အဝေးထွက်သွားရင်လည်း တိတ်တိတ်လေးပဲ လွမ်းနေမယ် သူငယ်ချင်းရေ...
နင် ငါ့အနားရောက်လာရင်လည်း ငါ နင်ပျော်နေတာကို တိတ်တိတ်လေးပဲ ငေးကြည့်နေချင်တယ် သူငယ်ချင်းရေ..
ငါ နင့်ကို သတ်မှတ်ချက်တွေ မပါခဲ့ဘဲ ဖြူဖြူစင်စင်လေးပဲ ချစ်ခဲ့ပါတယ်. သူငယ်ချင်းရယ်..

Monday, December 6, 2010

အတ္တတို့ စီးဆင်းရာ....

သူမကို ကျွန်တော် သိပ်မုန်းပါသည်။ သူမကို ကျွန်တော် သိပ်ချစ်ခဲ့ဖူးသလို သိပ်လည်း မုန်းပါသည်။ ထိုသူမတွင် လှောင်ပြုံးတတ်သော နှုတ်ခမ်းတစ်စုံနှင့် စူးရှတောက်ပ၍ ရယ်သွမ်းတတ်သော မျက်ဝန်းတစ်စုံရှိသည်။ ထိုအရာတွေကပင် ကျွန်တော့်ရင်ထဲရှိသော အချစ်များစွာကို အမုန်းအဖြစ် အသွင်ကူးပြောင်းသွားစေနိုင်ခြင်းဖြစ်သည်။ နှိုင်းယှဉ်ခြင်းတွေမှာ သူမရဲ့  အကြည့်၊ အပြုံးတွေသည် ကျွန်တော်ရဲ့ မပြည့်စုံခြင်း၊ သိမ်ငယ်ခြင်းတွေကို ခပ်ပြင်းပြင်းထိုးနှက်လိုက်သလို။ ဆယ်ကျော်သက် အရွယ် ကျွန်တော့ရဲ့ ပထမဆုံး အိပ်မက်တွေမှာ သူမဟာ ကျွန်တော့အတွက် နတ်သမီး ဖြစ်သလို နတ်ဆိုးတစ်ပါးလည်း ဖြစ်ပါသည်။

ဆယ်စုနှစ် အလွန်....
ကောင်းကင်ကြီးရဲ့  အောက်မှာ မကုန်ဆုံးနိုင်သေးတဲ့ ရေစက်ကြောင့် သူမနှင့် ကျွန်တော် ပြန်ဆုံဖြစ်ခဲ့သည်။ သူမ...... အပြုံးချိုချို ၊ အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကျွန်တော့ကို တရင်းတနှီးစကားတွေ ပြောနေခဲ့သည်။ ပထမဦးဆုံး တအံတသြဖြစ်မိသော်လည်း လက်ရှိအနေအထားအရ ကျွန်တော်သည် ဟိုးတချိန်က ကျွန်တော် မဟုတ်တော့ပြီပဲ။ နေရာတစ်နေရာအတွက် နှစ်ပေါင်းများစွာသော ကြိုးစားမှု့ရဲ့  အသီးအပွင့်တွေကို ကျွန်တော် စားသုံးနိုင်ခဲ့ပြီ။ ဒီအတွက် သူမရဲ့ ပြောင်းလဲခြင်းတွေကို ကျွန်တော် မအံ့သြတော့။ကျွန်တော်နှင့် သူမ ညတိုင်း၊ မနက်တိုင်း စကားတွေပြောခဲ့ကြဖူးသည်။ သူမရဲ့  ပြောင်းလဲခြင်းအတွက် ပို၍ပင် စက်ဆုပ်ရွံရှာလာမိသည်။ ကျွန်တော်ပေးခဲ့ဖူးသော အချစ်တွေအတွက်၊ ကျွန်တော့ကို အထင်သေးခဲ့ဖူးသော ပြစ်ဒဏ်တွေကို သူမ ပြန်လည်ပေးဆပ်ရလိမ့်ဦးမည်။ ထိုအတွေးတွေနှင့်ပင် ချစ်ခြင်းတရားမှာ မပျော်ဝင်ဖို့ ကိုယ့်ကိုကိုယ် အပြန်ပြန်အလှန်လှန် သတိပေးရင်းသူမအနားသို့ ကျွန်တော်ချည်းကပ်လာခဲ့သည်။

မေတ္တာတရားရဲ့  အတိမ်အနက်တွေကို မျှဝေခံစားရင်း ကျွန်တော်က သူမရဲ့  မနက်ဖြန်တွေကို ပိုင်ဆိုင်သူ ဖြစ်ခဲ့ရသည်။ သူမအပေါ် တိမ်းညွှတ်မိတိုင်း ကျွန်တော် အဝေးဆုံးကို ထွက်ပြေးနိုင်အောင် ကြိုးစားခဲ့သည်။ ကျွန်တော်တို့ ချစ်သက်တမ်းတွင် သူမစိတ်ချမ်းသာသည်မှာ ဘယ်နှစ်ရက်မှ မရှိခဲ့ပါ။ သူမ ကျွန်တော့ အတွက် မျက်ရည် အကြိမ်ကြိမ်ကျဖူးခဲ့သည်။ သို့ပေမယ့် သူမ ကျွန်တော့ဆီက ဂရုစိုက်မှု့တစုံတရာက လွဲ၍ ဘာကိုမှ မတောင်းဆိုဖူးခဲ့။ တခါတရံ ကျွန်တော်ကိုယ်တိုင် သူမအတွက် နာကျင်စွာ ခံစားရသော်လည်း ဥပက္ခာသာ ပြုခဲ့သည်။ သူမဆီက အမုန်းတစုံတရာမရှိဘဲ အဆုံးသတ်ကို လှပဖို့ ကျွန်တော် အကြိမ်ကြိမ်စဉ်းစား၊ ကျွန်တော် နာကျင်ခဲ့ဖူးသလို သူမလည်း အချစ်တစ်ခုအတွက် ရူးသွပ်လိုက်စမ်း။ အတွေးထဲမှာ ပျော်ဝင်၊ သူမရဲ့  မျက်ရည်တွေကို ကျွန်တော်ကျောခိုင်းခဲ့တော့သည်။

သူမနှင့် လမ်းခွဲအပြီး ငါးနှစ်တာကာလကို ကျော်လွန်ပြီးတဲ့နောက်မှာတော့ မမျှော်လင့်ဘဲ သူမရဲ့  သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တော့ ကျွန်တော်နှင့် လမ်းခွဲပြီး သူမ အလုပ်ကိုသာ အာရုံစူးစိုက်ခဲ့ပြီး အခု လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ရပ်တည်နေနိုင်ပြီ ဖြစ်ကြောင်း၊ သူမ တော်ကြောင်း၊ စိတ်ထားကောင်းကြောင်း ချီးမွမ်းခန်းတွေ ဖွင့်နေတော့သည်။ ဒါတွေ ကျွန်တော် စိတ်မဝင်စားပါ။ သူမသည် သူတပါးအား လွှမ်းမိုးနိုင်သူ ဖြစ်ကြောင်း ကျွန်တော် သိပြီးသားပင်။ ကျွန်တော့အတွက် သူမ မည်မျှခံစားရသည်လဲ။ ကျွန်တော် ဒါကိုပဲသိချင်နေခဲ့သည်။ ကျွန်တော် မနှစ်သက်ခဲ့သော သူမအတွက် ကျွန်တော် စိတ်ညစ်နေမည် စိုးရိမ်သောကြောင့် သူမ သံယောဇဉ်တွေ နိဂုံးချုပ်ခဲ့ကြောင်း ကြားရသောအခါ ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော်က သူမကို သိပ်ချစ်ရဲ့  သားနဲ့ ထားခဲ့ရတယ်ဆိုတာကိုသာ သူမကို အသိပေးခဲ့ခြင်းဖြစ်သည်။ သူမသည် ကျွန်တော့ စိတ်ကို ဘယ်လောက်အထိတောင် မြင်နေခဲ့ပါသလဲ။ ထို့အပြင် သူမရဲ့ မိဘနှစ်ပါးက ကျွန်တော့ကို မကြည်ဖြူခဲ့ဘူးဆိုတဲ့ အကြောင်း သူမဘာကြောင့် အသိမပေးခဲ့ရတာလဲ။ ကျွန်တော့လိုလူမျိုးကို ဘယ်သမီးရှင်တွေကမှ မငြင်းနိင်သော အနေအထားဟု ကိုယ့်ကိုကိုယ် ယုံကြည်နေသော ကျွန်တော်၊ ဒေါသ၊ မွန်းကျပ်မှု့တွေနဲ့ ကျွန်တော့ရင်ထဲ ဆို့နင့်လာသည်။

အဝေးတစ်နေရာကို သူမငေးပြီး တခါတခါ ကျွန်တော်နားမလည်နိုင်တဲ့ စကားလုံးမျိုးတွေ သူမပြောနေတတ်တာကိုလည်း ကျွန်တော် အမှု့မဲ့ အမှတ်မဲ့။ ကျွန်တော် ထင်နေသည်က သူမသည် နိမ့်ပါးသည့် အချိန်မှ စ၍ အရာရာကို အကောင်းမြင်တတ်လာခဲ့သည်ဟု။ တကယ်တော့ သူမသည် ကျွန်တော်ထင်မြင်ထားသလို ဘယ်တုန်းကမှ မနိမ့်ကျခဲ့တာကို အခုမှ ကျွန်တော်သိခွင့်ရခဲ့သည်။ ကျွန်တော့်ထက် အစစအရာရာသာသောသူများ သူမဘေးနားမှာ ရှိသော်လည်း သူမသည် ကျွန်တော်ထက်မသာ၍သာ မရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု တဖက်သတ် သူမကို အထင်သေးစွာ တွေးမိခဲ့သည်။

အခုတော့ သူမ........
သူမရဲ့  ပြောင်းလဲခြင်းက တကယ်ကို ရင့်ကျက်တည်ငြိမ်၍ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း နားလည်လာခဲ့ရသည်။ အရာရာသည်လည်း နှောင်းခဲ့ပြီ။ ကျွန်တော့ရဲ့  သူမအပေါ်ထားရှိသော လိပ်ပြာတစ်စုံသည် မသန့်ရှင်းခဲ့ပါ။ ကိုယ့်လိပ်ပြာကို ကိုယ်ပြန်ရှက်ရွံ့နေရသည့် ကျွန်တော့ အဖြစ်။ အတ္တနဲ့ မာနဖြင့်သာ ပြည့်နှက်နေသော ကျွန်တော့ရဲ့ ချစ်ခြင်းက သူမမေတ္တာတရားကို မနှိုင်းယှဉ်သာခဲ့ပြီ။ တချိန်က သူမရဲ့  မျက်ဝန်းတွေ၊ ကျွန်တော့်ရဲ့  မာနတွေ၊ ယောကျာင်္းမဆန်သော လုပ်ရပ်အတွက် သူမ လှောင်ပြုံးနေခဲ့မလား။ သွားပြီ။ ကျွန်တော် ကြိုးစားခဲ့သမျှ ကျွန်တော် တစ်သက်လုံးမမေ့နိုင်တော့မည့် သူမ။ သေရာပါ ဒဏ်ရာတချို့ကို သူမ ချစ်ခြင်းက ပေးအပ်ခဲ့ပြီ။ ကျွန်တော် သိလိုက်ရသည့် အချိန်မှာလည်း အရာအားလုံး နှောင်းခဲ့ပြီ။ အား......... နာကျင်စွာ ရင်ထဲမှာ အော်ဟစ်လိုက်ရင်း..........အခုအချိန်အထိ သူမ ရှေ့မှာ ကျွန်တော်ကျရှုံးနေတုန်းပါပဲ။

Thursday, November 4, 2010

အချစ်သက်သက်များ....

"မမကို အရမ်း ချစ်တယ်"

စာရှင်းပြနေရာမှ လဲ့နှင်း တအံ့တသြ မော့ကြည့်ဖြစ်သည်။ လဲ့နှင်းမျက်လုံးတွေနှင့် ရင်မဆိုင်ရဲစွာပဲ ရဲရဲ ခေါင်းကို ငုံ့သွားသည်။

"စာကိုပဲ စိတ်ဝင်စားစမ်းပါ ရဲရဲ ရယ်။ ဒီစာမေးပွဲက မင်းဘဝအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာပဲ အာရုံစိုက်ထား"

ဆူသလိုမျိုး ပြောလိုက်တော့ ရဲရဲ မဝံရဲစွာ ပြောလာပြန်သည်။

"ဒီစာမေးပွဲအောင်လို့ ကျွန်တော် ပညာတော်သင်သွားရင် မမနဲ့ ခွဲရမှာမို့ ကျွန်တော် ကြိုပြောထားတာပါ။ ဘာပဲဖြစ်ဖြစ် မမကို အချစ်သက်သက်နဲ့ ကျွန်တော် ချစ်တာပါ"

"အချစ်သက်သက်..." လဲ့နှင်း နှုတ်ဖျားမှ ရေရွတ်နေမိသည်။ ဒီအချိန်မှာပဲ ရဲရဲ မေမေ အန်တီမိုးက "သမီးရေ... သမီးဖေဖေ မျက်စိလည်ပြီး လာကြိုတယ်." အင်း ဖေဖေ လမ်းကြုံလို့ ဝင်လာတာနဲ့ တူတယ် ဒီနေ့မှ ထူးထူးဆန်းဆန်း။ ဘာပဲဖြစ်ဖြစ် လဲ့နှင်းအတွက် ထွက်ပေါက်တစ်ခု ရသွားတာတော့ အမှန်။

ကားမှန်ကနေ အပြင်ကို ငေးကြည့်နေရင်း ရဲရဲ ပြောတဲ့ "အချစ်သက်သက်" ဆိုတဲ့ စကားကို ပြန်ကြားယောင်နေမိသည်။ တချိန်တုန်းက လဲ့နှင်းသည်လည်း အချစ်သက်သက် ဆိုတဲ့ စကားကို ရူးရူးမိုက်မိုက်ကို သုံးဖူးခဲ့သည်ကို ကိုကိုလောက် ဘယ်သူမှ သိကြမည်မဟုတ်။ ကိုကိုသည် ရဲရဲတို့လိုပင် လဲ့နှင်းတို့နှင့် မိသားစုချင်းရင်းနှီးကြတာပဲ။ လဲ့နှင်းထက် (၇)နှစ်ကြီးသော ကိုကိုက လဲ့နှင်း ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာခဲ့ရတာ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အဖြူရောင်တွေလည်း မဖြူစင်နိုင်တော့။ မှတ်မှတ်ရရ ကိုကို လဲ့နှင်း ပထမနှစ်စာမေးပွဲအပြီးမှာပဲ 'တစ်သက်တာ အတွက် လက်တွဲပါရစေ" ဆိုတဲ့ စကားနှင့် လဲ့နှင်းကို ဖွင့်ပြောခဲ့သည်။

"ညီမလေးကို ကိုကို နှလုံးသားနဲ့ ချစ်ပြီး ဦးနှောက်နှင့် ဆုံးဖြတ်ခဲ့တာပါ"

"ဦးနှောက်နှင့်... " လဲ့နှင်း မေးတော့ ကိုကိုက ခေါင်းငြိမ့်သည်။ ကိုကို့ကို ကြည့်နေရင်း ဒီစကားကို လဲ့နှင်းရင်ထဲမှာ မနှစ်မြို့။ လဲ့နှင်းက အချစ်သက်သက်ကိုသာ လိုချင်ခဲ့သည်။ လဲ့နှင်းရဲ့ မိဘအသိုင်းအဝိုင်း၊ ပညာရေး၊ အိုး အစစအရာရာ ကိုကို တွက်ပြီး ရွေးချယ်ခဲ့တာလား။ တကယ်လို့များ ဒါတွေ မပြည့်စုံခဲ့ရင်ရော ကိုကို လဲ့နှင်းကို ချစ်ပါ့မလား။ နှုတ်က ဖွင့်မမေးပေမယ့် ကိုကိုကို့တော့ စိမ်းစိမ်းကားကားကြည့်ဖြစ်သည်။ မေးရန်လည်း မလိုဟုတော့ လဲ့နှင်းထင်သည်။ ဘာကြောင့်လဲဆိုတော့ လဲ့နှင်း ကိုကို့ ကို အကို တစ်ယောက်လိုထက် ပိုမချစ်နိုင်တာ အသေချာဆုံးမို့။

"ညီမလေးမှာ ချစ်သူရှိတယ် ကိုကို၊ ဒီမှာတော့ မဟုတ်ဘူး"

ကိုကို့မျက်နှာ နီမြန်းစွာနဲ့ပဲ "ဘယ်သူလဲဆိုတာ ကိုကို သိပြီ ညီမလေး၊ ကိုကို့က ဘယ်နေရာမှ မယှဉ်နိုင်လို့လဲ။ ကိုကို့ထက် ဘယ်နေရာမှာများ သာနေလို့လဲ၊ ညီမလေးကို ကိုကိုထက် သာတဲ့သူနဲ့ပဲ သဘောတူချင်တယ်"

နှစ်အိမ်တစ်အိမ်ဖြစ်နေသော ကိုကိုနှင့် လဲ့နှင်း။ လဲ့နှင်းချစ်သူဘယ်သူဆိုတာ သိလိမ့်မည်ပေါ့။ ဒါပေမယ့် ပြိုင်ဖက်တစ်ယောက်မို့ ဒီလိုမျိုး ပိုမပြောသင့်ဟု လဲ့နှင်း ခံယူသည်။

"ကိုကိုနဲ့ ညီမလေးက (၇)နှစ် ကွာတယ်လေ။ သူနဲ့ ညီမလေးနဲ့က သက်တူရွယ်တူတွေ။ ညီမလေးတို့ ကိုကို့အသက်လောက် ရောက်ရင် ဘာတွေဖြစ်နေပြီလဲ သိမှ မသိနိုင်တာ။ နောက်ပြီး ကိုကိုလို ဈေးတွက် တွက်ပြီး ချစ်တာ မဟုတ်ဘူး။ သူက ညီမလေးကို အချစ်သက်သက်နှင့် ချစ်တာ။ နောက်ပြီး ညီမလေးရွေးချယ်ထားတာလည်း ကလေကချေ မဟုတ်ဘူး ။ အခုအချိန် ဘာ သာလဲလို့ မေးရင်တော့ ခံစားမှု့သာတယ်လို့ပဲ ညီမလေးဖက်က ဖြေရမှာပဲ"

"အရာရာကို ခံစားမှု့ ရင်ခုန်သံကို ဦးစားပေးရင် မှားတတ်တယ် ညီမလေးရဲ့ . ကိုကို ပြောတာတွေကို ညီမလေး တစ်နေ့သိလာမှာပါ"

ကိုကို လဲ့နှင်း ဘာကို မကျေမနပ်ဖြစ်နေသည်ကို လဲ့နှင်းစကားကြောင့် သိသွားသည်ထင်သည်။ ဘယ်လိုပဲ ပြောပြော ကိုကိုနှင့်လဲ့နှင်းကြားက အသက်အရွယ်ကြောင့် အတွေးအခေါ်ကွာဟသည်လားတော့ မပြောတတ်။ ကိုကိုက အသိတရားလို့ ပြောချိန်မှာတော့ ဆယ်ကျော်သက်အရွယ် လဲ့နှင်းကတော့ အချစ်သက်သက်ဆိုတာကို တန်ဖိုးထားလို့။ ဒီလိုနဲ့ ကိုကိုလည်း အိမ်ကို အလာကျဲသွားသလို လဲ့နှင်းလည်း ကျောင်းကိစ္စတွေနှင့် မအားလပ်တော့။ ကိုကိုနှင့် ပဋိပက္ခတွေ တဖြည်းဖြည်း မေ့လျော့သွားပေမယ့် လဲ့နှင်းနှင့် လဲ့နှင်းချစ်သူကြားက ကွာဟမှု့တွေ တနေ့တခြားပြင်းထန်လာခဲ့သည်။ အချစ်တစ်ခုကလွဲရင် တိုက်ဆိုင်မှု့ မရှိလောက်အောင် သဘောထားခံယူမှု ကွဲလွဲတာတွေက လဲ့နှင်းဆုံးဖြတ်ချက်ကို ပြတ်သားစေခဲ့ပြီ။ အချစ်ဆိုတာကို အချိန်ကာလတစ်ခုရင်းပြီး ချစ်ခဲ့တဲ့အတွက် လဲ့နှင်း နောင်တ မရသလို လမ်းခွဲမှု့အတွက်လည်း တွေဝေခြင်းမရှိခဲ့။ အရာရာက အရင်အတိုင်း ပုံမှန်လည်ပတ်သွားရုံသာ။ ခံစားချက်တွေတော့ ခဏတာ ယိုင်လဲသွားပေမပေါ့။

"သမီး ဘာတွေ တွေးနေတာလဲ. ငြိမ်လှချည်လား. ဟိုမှာ အာကာတောင် ရောက်နေတယ် ထင်တယ်"

ဖေဖေ့အပြောကြောင့် ခြံထဲလှမ်းကြည့်မိတော့ ကိုကို့ကားကို တွေ့ရသည်။ အိမ်ရှေ့မှာ ကားသံကြောင့် မေမေနှင့် ကိုကို ထွက်လာသည်။ လဲ့နှင်း ကားပေါ်က ဆင်းတော့ မေမေက "သမီးကိုကို ပိုမချောလားဘူးလား" ကိုကိုကတော့ မေမေ့အပြောမှာ ရယ်လို့။ လဲ့နှင်းသာ အူကြောင်ကြောင်နှင့် နားမလည်နိုင်။

"အာကာ မင်း မင်္ဂလာဆောင်တော့မှာမလား။ ငါ မင်း အဖေနဲ့တွေ့လာပြီးပြီ"

ဖေဖေ့အပြောကြောင့် ကိုကိုက ပြုံး၍ ခေါင်းငြိမ့်သည်။ မေမေကပင် သမီး သတို့သမီးက ဘယ်သူလဲ သွားကြည့်ပါဦးဆိုတော့ လဲ့နှင်းလည်း ဧည့်ခန်းထဲ အဝင် တွေ့လိုက်ရသည်က ကိုကို့ သူငယ်ချင်း မမသီရိ။ မမကတော့ ရှက်ပြုံးပြုံးလို့။ ကိုကိုနှင့် မမက ငယ်ငယ်လေးကတည်းက သူငယ်ချင်းအရင်းကြီးတွေ။ ပြောစရာမလိုလောက်အောင် နားလည်နိုင်တဲ့သူတွေ။ မမက လဲ့နှင်းကို သတို့သမီးအရံလုပ်စေချင်တယ်ဆိုတော့ လဲ့နှင်းလည်း မငြင်းရက်။ ကိုကိုကတော့ "ညီမလေးဆန္ဒ ပြည့်ဝသွားတာပေါ့" ဟုသာပြောသည်။ ကိုကို့ကို လဲ့နှင်း ဒုတိယအကြိမ် ငြင်းစဉ်က "ကိုကို့ဘဝအတွက် သတို့သမီးအဖြစ်တော့ မဖြစ်နိုင်ဘူး.. အခွင့်ရှိရင် သတို့သမီးအရံတော့ လုပ်ပေးမှာပါ" ဟု ပြောခဲ့သည်ကို ကိုကို အမှတ်ရနေသေးသည် ထင်သည်။

ကိုကိုနှင့် မမ မင်္ဂလာပွဲက ခြိမ့်ခြိမ့်သဲသဲ။ အသွင်တူပြီး ဝါသနာတူသော သူတွေဖြစ်တဲ့ အပြင် သူငယ်ချင်းတွေကလည်း နှစ်ဦးစလုံးနှင့် သိတဲ့သူတွေ ဖြစ်လို့ စကြနောက်ကြနှင့် ပျော်စရာကောင်းလှသည်။ ပွဲလည်း အပြီး ပင်ပန်းလို့ ထိုင်နေတာ မမ နောက်က ရောက်လာသည်ကိုပင် မသိ။ ဘာတွေတွေးနေလဲဆိုတော့မှ ခေါင်းမော့ကြည့်ဖြစ်သည်။ ကိုကို့သူငယ်ချင်းတွေကတော့ "အားကျနေပြီလား ညီမလေး" လို့သာ စနောက်နေကြသည်။ လဲ့နှင်းလည်း ရယ်ရင်း

"လဲ့နှင်း အခု ဆယ်ကျော်သက် မဟုတ်တော့ပါဘူး။ စဉ်းစားရတော့မှာပေါ့လေ။ အချစ်ဆိုတာကို အခြေခံပြီး ဦးနှောက်နဲ့ ဆုံးဖြတ်လက်ခံနိုင်မယ့်သူကို ရွေးချယ်မလားလို့ စဉ်းစားနေလို့ပါ... "

အားလုံးက လဲ့နှင်း စကားကြောင့် ဘာရယ်မဟုတ် ရယ်မောနေကြပေမယ့် လဲ့နှင်း ကျောခိုင်းရပ်နေတဲ့ ကိုကိုကတော့ ခံစားမှု့နဲ့ အသိတရားကို ယှဉ်တွဲဆုံးဖြတ်လာနိုင်မယ့် ညီမလေးအတွက် ပြုံးနေလိမ့်မယ်ဆိုတာ....

Monday, October 18, 2010

"တခြမ်းပဲ့ ကောင်းကင်"

"သွန်း၊ အိမ်ထောင်ကျသွားပြီလား"

သားလေးလက်ကို ဆွဲထားသော ကျွန်မကို ကြည့်ရင်း မောင်မေးလိုက်ခြင်းရယ်။ မောင်မို့ မေးရက်လိုက်တာလို့ ကျွန်မ တွေးလိုက်မိသည်။ ကျွန်မ ဘဝမှာ နောက်အိမ်ထောင်ဆိုတာ မရှိစေရပါဘူး။ ကျွန်မရဲ့ ချစ်ခြင်းမေတ္တာတွေအတွက်၊ ကျွန်မ သားလေးအတွက်ရောပဲပေါ့။ ကျွန်မခေါင်းခါတော့ မောင် မဝေခွဲနိုင်စွာ ကျွန်မကို ကြည့်သည်။ စကားတစ်ခွန်းမှ ပြောပြ ရှင်းပြစရာမလိုလောက်အောင် သားက မောင်နှင့်တူလွန်းနေသည်။

"ဘာလို့ မပြောပြခဲ့တာလဲ သွန်း" မောင်အံ့သြတကြီး ပြောတော့ ကျွန်မ ပြုံးလိုက်မိသည်။
တွဲလက်တစ်စုံအတွက် ဖြုတ်ပေးလိုက်ရတဲ့ လက်တွေမှာ နှောင်တွယ်စရာရှိနေခဲ့မှန်းကို မောင်မသိခဲ့သလို ကျွန်မလည်း မသိခဲ့ပါဘူး။ သိခဲ့ရင်လည်း သံယောဇဉ်ကြိုးတစ်စနဲ့ ပြတ်သွားတဲ့ ကြိုးတွေကိုလည်း မနှောင်ထုံးချင်တော့။ "အစကတော့ ရိုးရိုး၊ နောက်တော့ တစ်မျိုးတိုး" ဆိုတဲ့ ပြောင်းလဲခြင်းတွေနဲ့ ကျွန်မရဲ့  ယုံကြည်စိတ်ချမှု့  အပေါ် နင်းလျှောက်သွားတဲ့ ခြေရာတွေကို အချိန်လွန်မှ သိခဲ့ရတဲ့ အတွက် ကျွန်မ ဘဝတစ်သက်လုံး ပေးဆပ်ခဲ့ရတာ မလွန်လွန်းဘူးလားလို့ ကံကြမ္မာကို အပြစ်တင်ရမလား။ မောင့်ကို အပြစ်တင်ရမလား။ မောင် လက်တွဲခဲ့တဲ့ တခြားတစ်ယောက်ကို အပြစ်တင်ရမလားလေ။

"အကို့ ဆုံးဖြတ်ချက်တွေ တွေဝေမှာစိုးလို့ပါ" လို့ ကျွန်မ မောင်နှင့် ချစ်သူဘဝမဖြစ်ခင်က ခေါ်သည့်အတိုင်း ပြန်လည်သုံးနှုန်းလိုက်တော့ မောင် ကျွန်မကို ကြည့်ရင်း သက်ပြင်းရှိုက်သည်။ ကျွန်မထက်ကြီးသော မောင့်ကို ကျွန်မ ဘယ်လိုအားကိုးတွယ်တာခဲ့သည် ၊ မိဘမဲ့ ဖြစ်သော ကျွန်မက မောင့်ကို အကိုလို၊ ချစ်သူလို ၊ ခင်ပွန်းသည်လို အားကိုးချစ်ခဲ့သည်ဆိုတာ မောင် အသိဆုံးဖြစ်လိမ့်မည်။ တစ်ကောင်ကြွက်ဖြစ်ခဲ့သော ကျွန်မဘဝမှာ မောင်ထားခဲ့တဲ့ အခါလည်း တစ်ကောင်ကြွက်ဖြစ်သွားရုံ အပြင် မပိုပါဘူးလို့ မောင်စဉ်းစားခဲ့လေသလား။

"ကျွန်မ တစ်ကောင်ကြွက် မဟုတ်တော့ဘူး အကိုရဲ့ ၊ ကျွန်မကို အဖော်ပြုဖို့ သားလေး ရှိနေခဲ့ပြီ" ကျွန်မ ပြုံးပြီးပြောဖြစ်တော့ မောင် ကျွန်မကို သနားသလို ကြည့်နေသည်။ ဟိုးအရင်အချိန်တွေဆို မောင် သနားရင် ခေါင်းလေးတိုးပြီး ချွဲတတ်တဲ့ သွန်းမဟုတ်တော့ပါဘူး။ ကျွန်မက သားလေးအတွက် အရာရာကို ရင်ဆိုင်ရမယ့် မိခင်ကောင်း ဖြစ်နေပါပြီ။ အိမ်ထောင်ပြိုကွဲသွားသော တစ်ခုလပ် အမျိုးသမီးတစ်ယောက်အတွက် အားပေးနှစ်သိမ့်ခြင်းတွေ၊ ယောကျာင်္းတစ်ချို့ရဲ့ သွေးတိုးစမ်းတဲ့ စိတ်ဓာတ်တွေကနေ မယိုင်မလဲအောင် ကာကွယ်ပေးခဲ့တဲ့ သားလေးက ကျွန်မဘဝရဲ့  တွန်းအားလေးတစ်ခုပေါ့။

"အကိုရော ကလေးရနေပြီလား" ကျွန်မ အမေးကို မောင် မလုံလဲစွာ ဖြေသည်။
"သူက ကလေးမရနိုင်ဘူး သွန်းရယ်.. " မောင့်အဖြေကို စိတ်မကောင်းဖြစ်စွာနဲ့ ကျွန်မ ငြိမ်နေမိသည်။ ပြီးမှ သားလေးကို မောင်နှင့် မိတ်ဆက်ပေးဖို့ သတိရမိသည်။

" သား၊ ဒါ သားသား ဖေဖေ" ကျွန်မ သားအဖနှစ်ယောက်ကို မိတ်ဆက်ပေးတော့ သားက ဖေဖေဟု ပြုံးရွှင်စွာ ခေါ်လိုက်သည်။ မောင်ကတော့ ဝမ်းနည်းမှု့ကြောင့်လား၊ ကြည်နူးမှု့ကြောင့်လား မသိ မျက်ရည်တွေ ဝဲလို့ နေသည်။ သားက မနာကြည်း၊ မတွန့်ဆုတ်စွာ ခေါ်ဆိုခြင်းကြောင့်

"မောင် အဲလေ အကိုက သွန်း အကို့ကို နာကြည်းပြီး ကလေးကိုတောင် မခေါ်ခိုင်းလောက်ဘူးထင်နေတာ"

"လူကြီးတွေ ရဲ့  ဆုံးဖြတ်ချက်တစ်ခုနဲ့ သွန်း သားလေးကို သံသရာ အဆက်ဆက်တော့ အပြစ်မဖြစ်စေရပါဘူး။ ဖခင်နဲ့ အတူနေလို့ မဖြစ်တဲ့ အကြောင်းနဲ့ သားမှာ အဖေဆိုတာ ရှိတဲ့ အကြောင်းကို သွန်း သားနားလည်အောင် သင်ထားပေးပါတယ်"

ကျွန်မရဲ့ အရိပ်အခြေကို ကြည့်ပြီး မောင်က အရေးဆိုလာပြန်သည်။

"သားကို စောင့်ရှောက်ခွင့် အကို့ကို ပေးပါလား၊ဟို.. သွန်းရင်ခွင်ထဲက ဆွဲထုတ်သွားတာမျိုး မဆိုလိုပါဘူး။ သားဆီကို အမြဲလာကြည့်ခွင့်ပေါ့"

မောင့်စကားဆုံးတော့ ကျွန်မ စဉ်းစားရပြီ။ တကယ်ဆို မောင်နှင့် ကျွန်မက မဆိုင်သင့်တော့။ ကျွန်မ စိုးရိမ်ပူလောင်ခဲ့သလို မောင့်ဇနီးသည်လည်း တချိန်က ဇနီးဟောင်းဆီ မောင် ယိုင်သွားမလားဟု စိုးရိမ်လိမ့်မည်။ ကျွန်မဘဝနေသားကျလို့ နေပါပြီ။ ပူလောင်ခြင်းတွေနဲ့လည်း မပျော်ဝင်ချင်တော့။ ကျွန်မရဲ့  ပူလောင်ခြင်းတွေ ထပ်ဖြစ်လာဦးမည်ဆိုရင်တောင် ကျွန်မရဲ့ သားလေးအတွက်သာ။ မောင်သည်လည်း မောင့်ရဲ့  လက်ရှိအိမ်ထောင်ဖက်နှင့် သားသမီးမရနိုင်သည်ကလွဲရင် ပြည့်စုံအောင်မြင်သော ဇနီးမောင်နှံဘဝမှာ ပျော်ရွှင်နေသည်ပဲ။

"သွန်းတို့ကြားမှာ အကြောင်းတရားမှ မရှိတော့တာပဲ အကို။ အကျိုးတရားဆက်ဖြစ်စရာ မရှိတော့ပါဘူး" မောင့်ကို အရိုးရှင်းဆုံး ပြောဖြစ်လိုက်သည်။

"သားလေးက သွန်းတို့ကြားက အကြောင်းတရားဆိုခဲ့ရင်တောင် အကျိုးဆက်ကို သားကို မခံစားစေချင်ဘူး၊ သားလေးမွေးမလာခင်ကတည်းက သားအတွက် ကောင်းကင်က တခြမ်းပဲ ရှိခဲ့တာပါ အကို။ ဒီကောင်းကင်တခြမ်းက သားဘဝကို အတောက်ပဆုံး ထွန်းလင်းအောင် စွမ်းဆောင်မှာပါ . သူ့အတွက် ကောင်းကင်တခြမ်းပျောက်ဆုံးခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်မျိုး မပေးပါနဲ့တော့"

ကျွန်မစကားဆုံးတော့ မောင် သက်ပြင်းချသည်။ ဟန်ဆောင်ခြင်းလည်း မဟုတ်တော့သော ကျွန်မရဲ့  မောင့်အပေါ်ခံစားမှု့များက ချစ်ခဲ့ဖူးသည်ဟုသာ အသိလေးတစ်ခုသာ။ မောင်နှင့် နှုတ်ဆက်လမ်းခွဲတော့ ဆည်းဆာတောင် ရောက်လုပြီ။ သားလက်ကို တွဲရင်း ဆည်းဆာရဲ့ ကောင်းကင်ကို မော့ကြည့်ရင်း "သားဘဝမှာ ကောင်းကင်တခြမ်းနဲ့ လင်းခဲ့ရလို့ မေမေ စိတ်မကောင်းပါဘူး"ဟုသာ သားမသိအောင် တိုးတိုးလေးပဲ တောင်းပန်နေမိတော့သည်။

Sunday, October 3, 2010

တောင်းဆုကြွေ.......

မောင်

သူမနှုတ်ခမ်းဖျားဆီမှ ဖွဖွလေးတိုးထွက်လာသည်။ မောင်… မောင် ကိုယ်တိုင်မသိခဲ့သော ဒီနာမည်လေးကို သူမ မြတ်မြတ်နိုးနိုးခေါ်နေမိသည်။ တကယ်တော့ မောင်ထားရစ်ခဲ့သည့် အချိန်မှ စ၍ သူမ မောင့်ကို မောင်ဟု ခေါ်ခဲ့တာပါ။ သူမ တန်ဖိုးထားမြတ်နိုးစွာ ခေါ်ခဲ့သည် အမည်နာမလေးတစ်ခုကို မောင်ကိုယ်တိုင် သိမသွားခဲ့ဟု ဝမ်းနည်းစွာလည်း တွေးနေမိသည်။

နာရီသံ တစ်ချက်ချက်
စက္ကန့်လေးများရွေ့လျားမှု့နှင့် အတူ သူမ လိုက်ပါ ရေတွက်နေမိသည်။ နေ့တစ်နေ့ရဲ့ နောက်ဆုံးနှုတ်ဆက်ထွက်ခွာချိန်နှင့် မနက်ခင်းတစ်ခုသို့ ချည်းနင်းဝင်ရောက်မယ့် ဒီစက္ကန့်အပြောင်းအလဲလေးကိုပဲ သူမ တစုံတရာ အတွေးတွေနှင့် ငံ့လင့်နေတော့သည်။ ဟိုးလွန်လေပြီးသောနှစ် ဒီလိုအချိန် ည (၁၂) နာရီ မတိုင်ခင်လေးမှာပဲ သူမ မောင့်အတွက် Birthday wish လုပ်ဖို့ ဖုန်းကို ကိုင်ရင်း စောင့်စားနေခဲ့ဖူးသည်။ သို့သော် သူမ မျှော်လင့်သလို သူမ ပထမဦးဆုံး မဖြစ်ခဲ့။ မောင့်အနား တစုံတယောက် ရောက်နှင့်နေခဲ့သည်။ အဲဒီညမှာပင် မောင် မလိုချင်ခဲ့သော တစုံတယောက်အတွက် သူမကို လာနိုင်မလားလို့ မောင်တောင်းဆိုခဲ့ဖူးသည်။

ည သန်းခေါင်အချိန်မှာ မိန်းကလေးတစ်ယောက်အနေနှင့်၊ သူငယ်ချင်းတစ်ယောက်အနေနှင့် သူမ မောင့်ဆီ သွားဖို့ အသိစိတ်အရ၊ အခြေအနေအရ မောင့်ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့။ မောင်နှင့် တစုံတယောက်ကြားမှာပဲ သူမ တစ်ယောက်တည်း မောင့်မွေးနေ့ကို ဆုတောင်းပေးခဲ့သည်။ မောင် ဖုန်းပြန်ခေါ်ပြီး ငါ့ဘဝအတွက် နင့်ကို လိုအပ်တယ် လို့ သူမကို ပြောတော့ သူမ အပျော်ရွှင်ဆုံး ဖြစ်ခဲ့ရဖူးသည်။ မောင့်ရဲ့ လိုအပ်ခြင်းက မောင် မချစ်မနှစ်သက်သော တစုံတယောက်ရဲ့ ချည်နှောင်မှု့ကို ရှောင်ရှားလို၍လား။ သူမ မသိခဲ့ပါ။ သိလည်း မသိချင်ခဲ့။ မောင်နှင့်ပတ်သက်လျှင် ချစ်ခြင်းမေတ္တာကိုသာ သိပြီး ဘယ်အရာမှ သူမ မသိချင်လောက်အောင်ကို သူမ ညံ့ဖျင်းခဲ့ပါသည်။

တကယ်တော့ မောင်ရယ်.. သူမသည် ဘာကိုမဆို ခံစားမှု့ကို လွယ်လွယ်နှင့် လိုက်လျောခဲ့သော မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘဲ။ အချစ်ရေးနှင့် ပတ်သက်လျှင် ဘယ်သူ့ကိုမှ မယုံကြည်တတ်သော၊ ဆန့်ကျင်ဘက်များရဲ့ ချစ်ရေးဆိုခြင်းသည် လိမ်ညာမှု့တစ်ခုသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေတတ်သော သူမ။ အရာရာကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပါးစွာနေတတ်သော သူမ။ ကြောက်စရာကောင်းလောက်အောင် မခံစားတတ်သူလို့ အပြောခံခဲ့ရဖူးသူ သူမသည် မောင်နှင့်တော့ ခြားနားစွာနှင့်ပဲ။ ယုံကြည်မှု့နှင့် သူငယ်ချင်းဆိုတဲ့ အသိအောက်မှာ သူမရဲ့ နှလုံးသားကို သူမ မညာခဲ့။ ထို့ကြောင့် မောင့်အတွက် အဆင်သင့်ဖြစ်နေခဲ့သော သူမ ခံစားမှု့တွေကို ဟန်မဆောင်ဘဲ ရင်ခုန်သံတွေကိုသာ အတည်ပြုခဲ့တော့သည်။

ပထမအကြိမ် မောင့်ဘဝအတွက် မောင်လျှောက်ချင်သည့်လမ်းကို ပြောခဲ့စဉ်က သူမ မငြင်းခဲ့။ မောင်က ပျံသန်းချင်ရင် ထိုအတောင်ပံတွေ ရှင်သန်စေဖို့ သူမနှလုံးသားကို စတေးခံဝံခဲ့သည်။ မောင် အမြင့်ဆုံးကိုသာ ပျံသန်းသွားနိုင်ပါစေတော့ရယ် သူမတောင်းဆုပြုခဲ့တော့သည်၊ ပန်းမပန်တတ်သော သူမအတွက် မောင်က သူမအတွက် ရည်စူးခဲ့ဖူးသော တစ်ပွင့်တည်းသော ပန်းတစ်ပွင့်။ တကယ်တော့ မောင်က ဘုရားတင်မယ့်ပန်းဟု သူမတင်စားတော့ မောင်ရယ်ခဲ့ဖူးသည်ကို သူမ အခုထိ သတိတရရှိနေသေးသည်။ အရာရာကို မခံစားတတ်အောင်၊ မေ့တတ်အောင်ကျင့်ခဲ့သော သူမသည် မောင်နှင့်ပတ်သက်လျှင် အရာရာကို အမှတ်ရနေတတ်မြဲ။ မောင့်အတွက် အရာရာကို စွန့်လွှတ်နိုင်ဖို့ သူမ ကြိုးစားမိသည်။ တချိန် မောင်ထားသွားမည့် မောင့်ရဲ့ အနာဂတ်ခရီးအတွက် ပါရမီဖြည့်ဖက်ကောင်းအဖြစ်သာ သူမ တောင့်တမိတော့သည်။ မောင့်ရဲ့ ဝေးကွာခဲ့သော ခြေလှမ်းများအတွက် သူမ နားလည်မှု့တွေနဲ့ အသားကျအောင် ကြိုးစားခဲ့ဖူးသည်။

မောင့်တွင် မိန်းကလေးတစ်ယောက်ကို တမြတ်တနိုး ကာလကြာမြင့်စွာ ချစ်ခဲ့ဖူးသည်ဟု မောင် ဖွင့်ဟ ဝန်ခံစဉ်က သူမနှလုံးသားတွေ မွန်းကျပ်နေခဲ့သည်။ ထိုမိန်းကလေးနှင့် နောက်တစ်ကြိမ် ဆုံဆည်းခဲ့လျှင် ဆိုသည့် မေးခွန်းကို သူမမေးခဲ့စဉ်က မောင်က မသေချာသေးဘူး လို့ ပြတ်ပြတ်သားသား ပြောခဲ့ဖူးသည်။ သူမ ခံစားချက်တွေကို မောင် မကြည့်၍ မသိခဲ့လေသလား။ ထိုစဉ်က သူမမျက်နှာကို အထူးသဖြင့် သူမ မျက်ဝန်းတွေကို မောင် မကြည့်နေခဲ့၍လည်း မသိတာ ဖြစ်နိုင်ပါသည်။ လက်ရှိ ချစ်သူတစ်ယောက်အနေနှင့် နှိုင်းယှဉ်ခြင်း မခံရလောက်အောင် သိမ်ငယ်သွားသည့် အဖြစ်တွေနှင့် သူမ၊ အရှူံးတွေနှင့်။ လျော့လွန်းတဲ့ ကြိုးတစ်စအတွက် တန်ဖိုးလျော့တွက်ခံရသည်ကိုလည်း သူမ ခေါင်းငုံနေခဲ့ဖူးသည်။

သာမာန်အခြေအနေတစ်ခုဆိုလျှင် မောင့်ကို စိတ်ဆိုးစိတ်ကောက်မိမည် ဖြစ်သော်လည်း သူမ ကြေကွဲစွာနှင့်ပဲ မောင့်ကို တိတ်တိတ်လေးသာ ငေးကြည့်နေဖူးသည်။ မောင်သိပ်ချစ်သော မိန်းကလေးတစ်ယောက်ကို ယှဉ်ပြိုင်ဖို့၊ မနာလိုဝန်တို ဖြစ်ဖို့ သူမ ယောင်၍မျှပင် မစဉ်းစားဖူး။ မိန်းကလေးဖြစ်သော သူမသည် မောင်နှင့် ပတ်သက်လျှင် သဝန်တိုမှု့ရှိသည်မှန်သော်လည်း မောင်သိပ်ချစ်သောမိန်းကလေးကို သူမ အပြစ်မမြင်ခဲ့။ ထိုအရာသည် သူမ အချစ်အတွက် ရူးသွပ်သည်လား။ ဘယ်လိုပဲ ဆိုစေဦးတော့။ မောင့်အတွက် သူမ ချစ်ခြင်းသည် မနာကျင်စေလို။ ဝမ်းနည်းခြင်း မိုးစက်တွေကို သယ်ဆောင်သွားမည့် မိုးစက်တင်လေလိုသာ ဖြစ်ပါစေလို့။

ချစ်သူတို့ သဘာဝ စိတ်ကောက်မှု့လေးသာ ရှိခဲ့ဖူးသော သူမနှင့် မောင့်ရဲ့ ချစ်ခြင်းတွင် အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ၊ မောင် အဆက်အသွယ် ဖြတ်တောက်သွားခဲ့သည်။ အကြိမ်ကြိမ် ဖုန်းခေါ်သော်လည်း အဖြေတစ်စုံတရာမရ၊ ယောက်ယက်ခတ်သွားတဲ့ နှလုံးသားနှင့်သာ မောင့်ကို စောင့်ဆိုင်းနေခဲ့ဖူးသည်။ နေ့ရက်တွေ ကြာရှည်လာသော အခါမှ မောင်ပို့လိုက်သော message စာတန်းလေးက သူမနံပါတ်မဟုတ်သော သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းဆီသို့။ မောင်သိပ်ချစ်သော မိန်းကလေးနှင့် မောင်တို့ ပြန်ဆုံသည်ဆိုသော စာသားလေး။ အစီအစဉ်တကျရှိလွန်းလှိသော ကံကြမ္မာတရားသည် သူမကို မျက်နှာသာ မပေးခဲ့။ တိုက်ဆိုင်မှု့များက သူမနှလုံးသားကို ဖဲ့ချွေလိုက်သလို။ ထိုနေ့တွင်မှ သူမဖုန်းပျက်သွား၍ သူငယ်ချင်းဖုန်းကို ယူဆောင်လာခဲ့မိသော သူမရဲ့ ထူးထူးခြားခြား ကံဆိုးမှု့။

ဒုတိယအကြိမ် မောင် နှစ်ရှည်လများ သိပ်ချစ်ခဲ့ဖူးသော ထိုမိန်းကလေးအတွက် သူမကို ဝေးစေခဲ့ဖူးတာကိုလည်း ဝမ်းနည်းစွာနဲ့ သူမ နောက်ဆုတ်ပေးခဲ့ဖူးသည်။ သူမရဲ့  မျက်ရည်တွေနှင့် မောင့်ကို မချည်နှောင်ထားရက်ခဲ့။ လွမ်းတာကို နာတာနဲ့ ဖြေလိုက်ပါဆိုတဲ့ သမားရိုးကျဆန်သော လူပြောသူပြောများတဲ့ စကားတွေနဲ့ မောင့်ကို နာကြည်းလို့မရခဲ့။ ခွင့်လွှတ်ခြင်းတွေနှင့်ပင် သူမ စိတ်တွေကို အနည်ထိုင်အောင် ကြိုးစားရင်း မောင့်ကို အပြစ်မတင်ရက်ခဲ့။ ချစ်မိသည့် သူမနှလုံးသားကပင် အပြစ်ရှိခဲ့သည် မဟုတ်ပါလား။ မျှော်လင့်ခြင်းတွေကို ဆုပ်ကိုင်ရင်း တစ်နေ့ မောင် ပြန်လာမလားလို့ သူမ ရူးသွပ်စွာ စောင့်စားနေခဲ့ဖူးသည်။ အသည်းကွဲ၍ ယိုင်နဲ့သွားသော စိတ်တွေကို သူမ အလုပ်ထဲ နှစ်ထားရင်း။ သီအိုရီတွေမှားခဲ့သော သူမတို့ ပုစ္ဆာ ဆက်တွက်ခွင့်မရှိတော့ပေမယ့် သူမ ခေါင်းမာစွာနဲ့ပဲ။

တခါတလေ မောင်တစ်ယောက် သူမကို ယောင်ယမ်း၍ သတိရလေမလားရယ်လို့ သူမ ရူးရူးမိုက်မိုက် တွေးနေခဲ့ဖူးသည်။ လွမ်းလိုက်တာရယ်လို့ မောင်နှင့် သူမ အကြောင်းတွေ တွေးပြီး ငိုခဲ့ဖူးသည့် ညတွေ မရေတွက်နိုင်ခဲ့။ သူမရဲ့  နေ့စဉ်မှတ်တမ်းတွေမှာ မောင့်ကို တမ်းတတတ်သည့် လွမ်းဆွတ်ခြင်းက မပျက်မကွက်ရှိနေခဲ့သည်။ တစ်နေ့ မမျှော်လင့်ဘဲ မောင် ဖုန်းဆက်လာခဲ့သည်။ ဖြစ်ခဲ့ဖူးသည့် အကြောင်းတွေကို သူမဖက်ကလည်း မမေးခဲ့သလို မောင်ကလည်း မသိသလို နေခဲ့သည်။ ဟန်ဆောင်ပြောနေရင်းနဲ့ပဲ သူမနာကျင်ခြင်းတွေကို မောင်မသိစေခဲ့။ မာယာများသူလို မဟုတ်ပေမယ့် မောင် အနေခက်စေမည်ဆိုလျှင် သူမ ခံစားချက်တွေကို မောင်မမြင်အောင် သူမ ဟန်ဆောင်ကောင်းသူ ဖြစ်ချင်ပါသည်။ စကားတွေ ဟိုရောက်၊ ဒီရောက်နှင့် နှစ်ဦးသား ဖုန်းချ အပြီးမှာတော့ သူမသာ သက်ပြင်းရှည်တွေနှင့် ညဉ့်နက်ခဲ့ဖူးသည်။

တကယ်ကို မမျှော်လင့်ဘဲ မောင်က တွေ့ချင်သည်ဆို၍ သူမ စိုးရွံစွာ လာခဲ့မိသည်။ မောင်တကယ်ဆုံးဖြတ်နိုင်သည့်နေ့ ရောက်လျှင် သူမကို အသိပေးလိမ့်မည်ဟု သူမ သိထားသည်ပဲ။ မောင့်ရဲ့ ရွေးချယ်ခြင်းက သူမ မဟုတ်ခဲ့လျှင် သူမ မည်သို့ရင်ဆိုင်ရမည်နည်း။ တကယ်တော့ အရွေးချယ်ခံဘဝဆိုတာကို သူမ မုန်းလှပါသည်။ သူမ မတွေးချင်တော့။ အကောင်းဆုံးကိုလည်း မတွေးရဲခဲ့သလို အဆိုးဆုံးအတွက်လည်း သူမ အသင့်ဖြစ်မနေခဲ့။ စိုးရိမ်စိတ်တွေနဲ့ မောင်နှင့် ချိန်းသည့်နေရာရောက်တော့ မောင့်ကို မတွေ့၍ သူမ အားငယ်စွာ။ ဖုန်းခေါ်၍လည်း မရ။ စိုးရွံ့စွာ ဟိုကြည့်၊ ဒီကြည့် နှင့် သူမ ရှာဖွေကြည့်တော့ မောင့်ကို အများသုံးဖုန်းနားတွင် တွေ့လိုက်ရသည်။ မောင့်ဖုန်း battery ကုန်သွား၍ မောင် သူမဆီ ဖုန်းဆက်ဖို့ ပြင်နေခြင်းရယ်။ သူမကတော့ အဆင်မပြေတာတွေကို သတိမပြုမိလောက်အောင် ပျော်ရွှင်နေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ မောင်နှင့် တခြားတစ်ယောက် အတူတွဲပြီးမလာခဲ့ခြင်းသည်ကပင် သူမ စိတ်သက်သာရာ ရခဲ့သည်။

မောင်က ကို သဲအနားမှာ ရှိနေဖို့ မတောင်းဆိုသင့်တော့ပါဘူး လို့ ဆိုခဲ့စဉ်က သူမ ကလေးတစ်ယောက်လို မောင့်ရင်ခွင်မှာ ငိုခဲ့ဖူးသည်။ မောင်ပြန်လာခြင်းသည်ကပင် သူမဘဝအတွက် အလင်း။ မောင့်ကို ဆုံးရှူံးသွားမှာ သူမ အကြောက်ဆုံးအရာပါ။ မောင့်ရဲ့ စကားတွေကို အကြွင်းမဲ့ ယုံကြည်ပြီး စကားနာထိုးဖို့ မေ့လောက်အောင် သူမ မောင့်ကို ချစ်ပါသည်။ သူမရဲ့ သံသယစကားတွေနှင့် မောင့်ကို အနိင်မယူလိုပါ။ မောင်နှင့်သူမ ပျော်ရွှင်ခြင်းတွေကို ဘယ်အရာနှင့်မှ မဖျက်ဆီးရက်။ မချစ်တတ်သော သူမဘဝတွင် မောင့်ကို ဒီလောက်ထိ ချစ်ခဲ့လိမ့်မည်ဟု ကိုယ်ကိုယ်ကို ပင် မယုံကြည်နိုင်လောက်အောင် သူမ မောင့်ကို ချစ်ခဲ့ပါသည်။ ဒီချစ်ခြင်းတရားတစ်ခုတည်းနဲ့ မောင့်လက်ကို တွဲပြီး အရာအားလုံးကို ရင်ဆိုင်ဖို့ သူမ အသင့်ဖြစ်နေခဲ့သည်။

ချစ်သူဝတ္ထရား ပျက်ကွက်လာသော မောင်၊ တစ်နေ့တစ်ခါမျှပင် ဖုန်းခေါ်ရန်ပင် မေ့လျော့နေတတ်သော မောင့်ကို သူမ စိတ်ကောက်နေမိသော်လည်း စိတ်ဆိုးပြေမြန်သော သူမကပင် မောင့်ကို ပြန်ချော့ခဲ့ပါသည်။ သို့သော် မောင့်ကို သူမ သံသယစိတ်ထား၍ မရခဲ့။ သူမရဲ့ မောင့်အပေါ်ထားသော ယုံကြည်မှု့။ မောင်စိတ်ညစ်နေသည်ကို သိသော်လည်း ဘယ်လိုမေးမေး ပြောပြမည်မဟုတ်သော မောင့်အကြောင်းသိပြီးသားမို့ သူမ ဘာကိုမှ မမေးဖြစ်ခဲ့။ တကယ်တော့ မောင့်ကို သူမ ဥပက္ခာပြုထားခြင်းမဟုတ်ခဲ့ပါ်။ တချိန် ပြဿနာတွေ ပြီးရင် ပြောပြမည်ဟုသာ ဆိုခဲ့သော မောင့်ကို သူမ အတင်းအကြပ်မမေးရက်ခဲ့ခြင်းရယ်ပါ။ မုန်တိုင်းပြီး၍ လေပြည်လာမည့် အချိန်ကို စောင့်စားဆုတောင်းနေရင်းပင် သူမ တစ်ယောက်တည်း မောင်ရဲ့ စွန့်ပစ်ခြင်းမှာ မုန်တိုင်းကျခဲ့ရတော့သည်။

တတိယအကြိမ် သူမအတွက် မောင့်မှာ အရိပ်မရှိဘူးလို့ မောင်ပို့လာတဲ့ message စာတန်းလေးကို ကြည့်ရင်း သူမ အမြင်အာရုံတွေ ဝေဝါးလာခဲ့သည်။ အကြောင်းပြချက်မရှိ ထားခဲ့ရက်သော မောင့်ကို သူမ ဘာမှ မပြောချင်တော့ပါ။ အလုပ်ကနေ နေမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နှင့် သူမ လူတွေနှင့် ဝေးရာအရပ်သို့။ ခြေလှမ်းတွေ တရွေ့ရွေ့ ။ ခြေကျင်ခရီးအနေနှင့် ဝေးကွာလွန်းသည်ဟု သူမ ထင်မှတ်ခဲ့သော အလုပ်နှင့် အိမ် အကွာအဝေးမှာ သူမ မည်သို့မည်ပုံပြန်ရောက်လာမှန်းပင် မသိခဲ့။ အိမ်အပြန်လမ်းတလျှောက် စိတ်တွေက ကြေကွဲစွာ လွင့်မျောနေဆဲ။ တကယ်တော့ မောင့်ဆီက မေတ္တာအရိပ်တွေကိုသာ လိုလားတောင့်တခဲ့သော သူမ။ မောင့်မေတ္တာအရိပ်ထက် မောင် အထီးကျန်သောအခါ၊ မောင် မောပန်းလာသောအခါ သူမရဲ့ အရိပ်တွေနှင့် အေးချမ်းစေချင်မိသည့် သူမရဲ့ မေတ္တာတရားအကြောင်း ပြောခဲ့လျှင် မောင် ဟားတိုက်ရယ်လိမ့်မည်လား။

(၃) ကြိမ်မြောက် မောင့်ရဲ့ စွန့်ခွာခြင်းမှာတော့ သူမ မောင့်အတွက် တစုံတရာကို ဆုံးဖြတ်ပေးရတော့မည်။ မောင် မချစ်မနှစ်သက်ခဲ့သော သူမအတွက် မောင် ပင်ပန်းနေလိမ့်မည်။ အနေရခက်ခြင်း ၊ အားနာခြင်းတွေနှင့် သူငယ်ချင်းဖြစ်ခဲ့ဖူးသော သူမအပေါ် မောင့်ဆုံးဖြတ်ချက်တွေ တွေဝေနေတော့မည်။ သို့သော် လမ်းခွဲခြင်းကို အလွယ်တကူ လက်ခံနိုင်လောက်အောင် သူ့မ နှလုံးသား မမာကျောခဲ့။ သူမရဲ့ အချစ်စစ်နှင့် မောင့်အပေါ် ချစ်ခဲ့ကြောင်းကို မောင်ကိုယ်တိုင်တောင် သိခဲ့ပါ့မလားလေ။ မောင်လျှောက်မည့်လမ်းတွေအတွက် သူမသည် တံတားတစ်စင်းသာ ဖြစ်ချင်ခဲ့ပါသည်။ သူမရဲ့ သတိရခြင်းတွေက မောင့်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့မည်ဆိုလျှင် ထို သတိရခြင်းတွေကို မြေမြုပ်သဂြိုဟ်လိုက်ချင်သည် အထိ မောင့်အတွက် သူမ အလိုက်သိပေးချင်ခဲ့ပါသည်။ သူမစိတ်ဆိုးစဉ် တခါတုန်းက သူမကို မခွဲနိုင်သေးဘူးလို့ ပြောခဲ့ဖူးသော မောင်၊ ခွဲနိုင်တဲ့ အချိန်ရောက်ရှိတော့လည်း ထားခဲ့ရက်သော မောင့်အတွက် ကျန်နေရစ်ဖို့ သူမ အဆင်သင့်ဖြစ်ရမည်ပေါ့။ ဒီလိုနဲ့ နှောင်တွယ်မိတဲ့ နှလုံးသားဆန္ဒတွေကို ကြိတ်မှိတ်မျိုသိပ်ရင်း မောင့်လက်တွေကို ဖြေလွှတ်ပေးခဲ့ပါသည်။ ထို့နောက် မောင်နဲ့ဝေးရာ နေရာသို့သာ သူမ ပြေးထွက်ခဲ့ပါတော့သည်။

နှင်းပြိုတဲ့ ဆောင်းဒီဇင်ဘာ အဲဒီအချိန်မှ စ၍ ထားခဲ့သော မောင့်အတွက် ဘာရယ်မဟုတ်ပါဘဲ မောင့်ကို တမ်းတစိတ်နှင့် သတိရတိုင်း သူမ ကြယ်လေးတွေ ခေါက်နေခဲ့တာ အခုဆို မောင်ရယ်… ကြယ်လေးတွေတောင် အတော်များနေခဲ့ပြီ။ မောင့်ဆုတောင်းတွေပြည့်စေဖို့ ကြွေချင်တဲ့ ကြယ်တစ်စင်း မောင် မသိတဲ့ အမှောင်ထဲမှာရှိနေခဲ့တယ်ဆိုတာ။ မသိစိတ်က တမ်းတမြဲ ဖြစ်သော မောင့်အကြောင်းတွေ။ အချိန်တွေ ကြာခဲ့ပေမယ့် သူမအာရုံထဲမှာတော့ အရောင်မပြယ်သော သစ္စာတွေနှင့် သူမ ရင်ထဲ မောင် ပျောက်ဆုံးမသွားခဲ့။ သို့ပေမယ့် မောင်ကိုယ်တိုင်မသိခဲ့သော သူမ အကြောင်းတွေ။ မောင် မရှိတော့တဲ့ နေ့စွဲတွေမှာ တခါတရံ လွမ်းဆွတ်ခြင်းတွေနဲ့၊ တခါတရံ အထီးကျန်ခြင်းတွေနဲ့ သူမတစ်ယောက်တည်း။ ဒါတွေကို မောင်တစ်ယောက် သိမှ သိပါလေစ။ သူမနှင့် ပတ်သက်၍ ဘာကိုမှ မောင်သိလိမ့်မည်လည်း မဟုတ်သလို သိချင်လိမ့်မည်လည်း မဟုတ်။ သူမ မေ့ထားသည့်ကြားကပင် မောင့်ရဲ့မွေးနေ့ကို အမှတ်တရလွမ်းဆွတ်နေတတ်မြဲ။
(၁၂) နာရီ ထိုးပြီ။ သူမကတော့
ရက်စွဲ အကူးအပြောင်းလေးကို ထိုင်ကြည့်နေမိရင်း….
မောင့်အတွက် Happy Birthday to You ဟု ခပ်တိုးတိုးလေး ရေရွတ်ဆုတောင်းနေရင်း…………။

Sunday, September 5, 2010

ရင်တွင်း...မီး

"ပချုပ်ဆိုင် ပြတင်းက ခန်းဆီးစ မလို့ ကြည့်လိုက်ရင် ကိုယ့်ရင်ဟာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလားဟင်. xxxxx ....xxx
ထွက်ပြေးလည်း လွတ်ကို မလွတ်ပါ... အနှောင့်အယှက်က ဦးနှောက်ထဲမှာ..."

စိုင်းထီးဆိုင်ရဲ့  "သခင်ဆီ အပြေးပြန်လာမည်" သီချင်းလေးက ပျံလွင့်လို့။ အနှောင့်အယှက် က ဦးနှောက်ထဲမှာ.. သိပ်မှန်တဲ့ စကားပါလားလို့ အိမ့်တွေးလိုက်မိသည်။ အိမ့် ကြိုက်လွန်းသော တို့ဟူးနွေးကိုတောင် ဆက်မစားချင်တော့။ မြူနှင်းမကွဲမီကပင် ဈေးကွဲတတ်သော တောင်ပေါ်ဈေးလေးက ထွက်လာပြီး အိမ့် လမ်းချိုးလေး အတိုင်း ခွဲထွက်လာခဲ့သည်။ ဒီနေ့သည် ကျောင်းပိတ်ရက်မို့ ကျောင်းသွားစရာ မလို။ အိမ့် တစ်ယောက်တည်း ချမ်းစီးလှသော ဆောင်းမနက်ခင်းမှာ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့တော့သည်။ တိုက်ဆိုင်မှု့ ရှိမှ သတိရတတ်တာ မဟုတ်တာဘဲလေ။ အချိန်တွေ ကြာပေမယ့် ၊ သူမသိနိုင်သော တမြေတရေမှာ ရှောင်ပုန်းခဲ့ပေမယ့် သူ အိမ့်ရင်ထဲမှာ ရှိနေဆဲ။ သြော် ထွက်ပြေးလည်း လွတ်ကို မလွတ်ပါဆိုတဲ့ သီချင်းစာသားအတိုင်းသာ။

"နောင်ပိန်ကျေးရွာ"
ရှမ်းပြည်မြောက်ပိုင်းက အေးချမ်းသော ရွာကလေး။ ခရိုင်မြို့ဖြစ်သော ကျောက်မဲမြို့နှင့် မဝေးလှ။ အိမ့်တို့ လစာထုတ်ရက်တွေဆို လိုအပ်တာတွေ ဝယ်ရန်ချမ်းရန် ကျောက်မဲမြို့ လေးကို နေ့ချင်းပြန် ကားနှင့် ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သွားလို့ရသည်။ ရွာကလေးက မကြီးသော်လည်း မသေးလှ။ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းသည်။ တောင်ပေါ်ဒေသကို ချစ်မြတ်နိုးသော အိမ့်အတွက် ဒီနေရာလေးသည် နားခိုချင်စရာ ကောင်းသော အရပ်။ သူမရှိသော သူ့ရဲ့  ကျင်လည်မှု့တွေ ကင်းသော အရပ်လည်း ဖြစ်သည်။ သို့သော် အိမ့်အတွေးတွေက သူနှင့် ဝေးရာသို့ ပြေး၍ မလွတ်သေး။

"ဆရာမ "
ခေါ်သံကြောင့် အိမ့်အတွေးတွေရပ်ပြီး လှည့်ကြည့်မိတော့ အိမ့်တပည့်လေး စိုင်းသီဟ ရဲ့  အဖေ ဦးခမ်းလွမ်နှင့် ဇနီး။
"ဆရာမ ထော်လာဂျီသံ တောင် မကြားဘူး။ အတွေးလွန်နေတယ် ထင်တယ်" ဦးခမ်းလွမ်ရဲ့  အမေးကို အိမ့် ရှက်ရယ်ရယ်လိုက်ရင်း
"ဒီလိုပါပဲ ဦးရဲ့ . ဒါနဲ့ ဘယ်သွားကြမလို့လဲ ဦး"
"တောင်ပေါ်ဘုရားလေ ဆရာမလည်း လိုက်ခဲ့ပါလား ဒီနေ့ ကျောင်းပိတ်ရက်ပဲလေ ဆရာမရဲ့  " အိမ့်ရဲ့  အမေးကို ဒေါ်ဒေါ်ကပဲ ဦးအောင် ဝင်ဖြေလိုက်ရင်း အိမ့်ကို ပျူဌာစွာ ဖိတ်ခေါ်နေသည်။ အိမ့် စိတ်တွေ အတွေးတွေနဲ့ မွန်းကြပ်နေမည့် အတူတူ ဘုရားရိပ်တရားရိပ်အောက်တွင် ခဏတာတော့ အေးချမ်းကောင်းပါလေရဲ့  လို့သာ တွေးမိရင်း အလိုလို ခေါင်းငြိမ့်ပြီးသား ဖြစ်သွားတော့သည်။

ထော်လဂျီ တဂျူန်းဂျူန်းမြည်နေပြီး စီးရသည်မှာလည်း တမျိုး။ ဘုရားသို့ သွားသော လမ်းကလည်း မြေနီလမ်း။ အပြောင်းအလဲမို့ အိမ့် ကြည်နူးသလို ခံစားရသည်။ အိမ့် တို့က ကျောင်းနှင့် နီးသော အဆောင်မှာသာ နေတာကြောင့် ကျောင်းကို လမ်းလျှောက်သွားရုံသာ။ ပတ်ဝန်းကျင်ကို ငေးကြည့်နေသော အိမ့်ကို ဒေါ်ဒေါ်က စကားစသည်။
"အိမ့် တောင်ပေါ်ဘုရား သမိုင်းအကြောင်းသိလား" ဒေါ်ဒေါ်က အားတက်သရော မေးနေသဖြင့် အိမ့် သိသင့်သလောက် သိသော်လည်း "မသိသေးဘူး ဒေါ်ဒေါ်" ဟုသာ ဖြေလိုက်ရသည်။

"အခု ဘုရားတည်ထားတဲ့ နေရာ လယ်ကွက်တွေက မြေးအဘိုးနှစ်ယောက် ပိုင်တာကွဲ့ ။ တစ်ရက်တော့ ကလေးက အပျင်းဖျားတာပြီး အိပ်မက်မက်တယ်။ ဒါပေမယ့် အဘိုးကတော့ ကလေး ကယောင်ခြောက်ခြားဖြစ်ပြီး ပြောတယ် ထင်တာပေါ့ကွယ်။ ကလေး က တနေ့တခြား အပြင်းဖျားတာ ပိုပိုဆိုးလာတယ်။ အဲဒါနဲ့ အဘိုးကလည်း မင်း အိမ်မက်ထဲက အတိုင်း ဘုရားတွေ ရှိတဲ့ နေရာသာ ပြပါတော့ အဘိုးတူးပါ့မယ်ဆိုပြီး ကလေးပြတဲ့ လယ်ကွက်ထဲက နေရာကို တူးလိုက်တာ အခု ရှေးဟောင်းဘုရားတွေ ရတာပါပဲကွယ်.. ကလေးလည်း ပြန်နေကောင်းသွားတယ်။ ဒီနေရာကိုလည်း ဘုရားတည်ဖို့ မြေးအဘိုးက လှူတယ်လေ "

ဒေါ်ဒေါ် ရှင်းပြနေစဉ်မှာပဲ အိမ့်တို့ တောင်ပေါ်ဘုရားကို ရောက်နေပြီ။ ဆရာတော်က ကံကံရဲ့ အကျိုးတရား အကြောင်းကို ဟောအပြီး ကလေးတွေကို မုန့်တွေ ဝေဖို့ ဒေါ်ဒေါ်လည်း အလုပ်ရှုပ်နေပြီ။ အိမ့်လည်း ကူညီလုပ်ကိုင်ပေးပြီး တုံးမောင်းရှိရာဖက်ကို ထွက်လာခဲ့သည်။ တုံးမောင်းရှိရာ အမြင့်ဆုံးဖက်ကနေ အိမ့် ပတ်ဝန်းကျင်ရှုခင်းကို လှမ်းမျှော်ကြည့်နေမိသည်။ သွယ်တန်းနေတဲ့ တောင်တန်း။ တောင်ယာမီးရှို့နေရာမှ မီးခိုးငွေ့တန်း။ မီးခိုးငွေ့တန်းကြောင့် ဆောင်းမြူနှင်းနှင့် မီးခိုးငွေ့က ခွဲခြား၍ ရနေသည်။ တောင်ယာရှင်းထားသဖြင့် မြေကွက်လပ်နီနီများ။ တောင်ယာလှေကားထစ်စိုက်ခင်းတွေ အစီအရီ။ ဘယ်လိုကြည့်ကြည့် မျက်စိပဒသာဖြစ်စရာ။ ပတ်ဝန်းကျင်ကို မိန်းမောစွာကြည့်နေရင်း သဘာဝအလှအပကို မြတ်နိုးသော သူ့ကို အမှတ်မထင် သတိရလိုက်မိသည်။

တကယ်တော့လည်း သူ့ကို လွမ်းလောက်အောင် အိမ့်က သူရဲ့  သက်ဆိုင်သူလည်း မဟုတ်ခဲ့။ ပိုင်ဆိုင်ခွင့်ရဖို့ ဆိုလျှင် ဝေးကွာလွန်းလှသည်။ သို့သော် သူ့နှင့် အိမ့်ကြား ပြောစရာမလိုလောက်အောင် နားလည်ခဲ့သည်။ သူ့မြတ်နိုးမှု့ကိုလည်း သူ့အပြုအမူတွေမှ တဆင့် အိမ့် ဖတ်နိုင်ခဲ့သလို အိမ့်ရဲ့  ကဗျာတွေ ၊ စာတွေမှ တဆင့် သူ့အပေါ်ခံစားမှု့ကိုလည်း သူနားလည်ပါလိမ့်မည်။ သံယောဇဉ်နှောင်ထုံးက မထုံးသော်လည်း နှောင်ခဲ့ပြီ။ မပြတ်သော်လည်း ရှောင်ခဲ့ရပြီ။

"အိမ့်ကို ပြောစရာရှိတယ်ကွယ်။ မမ မောင်လေးအတွက် သဘောတူထားတဲ့ မိန်းကလေး ရှိတယ်။ သူက အိမ့်လောက် မတော်ပါဘူး။ ဒါပေမယ့် သူက မမမောင်လေး အတွက်၊ မမတို့ မိသားစုအတွက်ကတော့ သင့်တော်တဲ့ မိန်းကလေးတစ်ယောက်ပါ။ မမ အိမ့်နဲ့ မောင်လေးကြားက သံယောဇဉ်ကို မြင်ပါတယ်။ အိမ့် နားလည်မှာပါ. မမ မောင်လေးက သားလိမ္မာတစ်ယောက် သိပ်ဖြစ်ချင်တယ်ဆိုတာ"

ပါးနပ်လှသော စကားဝိုင်းမှာ အိမ့် အသည်းနှလုံးသာ ဓားစာခံဖြစ်ပါစေတော့။ အိမ့် ပြုံးလိုက်သည်။ မာနတွေ ဝုန်းကနဲ ထတောက်သွားပေမယ့် အိမ့်အပြုံးမပျက်ခဲ့ပါ။ အကောင်းဆုံးဇာတ်သိမ်းလှဖို့ အတွက် အိမ့် ခံစားချက်တွေကို ကြိုတင်ပြင်ဆင်ခွင့်ပေးနိုင်ဖို့သာ ဆုတောင်းနေမိသည်။ အိမ့်ကလည်း အိမ့်မိသားစုရဲ့  ရတနာတစ်ပါးပါ။ ပွင့်လင်းရိုးသားမှု့နှင့် ရဲတင်းမှု့ ကို ခွဲခြားမမြင်နိုင်ခြင်းကို အိမ့် စိတ်ပျက်လှသည်။ မိန်းကလေးပီသမှု့အတွက် ဘယ်လိုစံချိန်စံညွှန်းတွေနှင့် သတ်မှတ်ထားသည်လည်းဆိုတာတော့ အိမ့် သိချင်နေသေးသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းနှင့် သူနားလည်ထားသော အိမ့် ခံစားချက်တွေနဲ့ ဆန့်ကျင်စွာသာ အိမ့်ပြောဖြစ်ခဲ့တော့ သူနားမလည်စွာ အိမ့်ကို ကြည့်နေခဲ့သည်။ အိမ့်ရင်ထဲမှာ သူမရှိခဲ့ ဟု သူနားလည်ပါစေတော့။ ဒါတွေက အခုတော့လည်း အဝေးက ပုံရိပ်တစ်ခုသာ။

ဟိုးခပ်ဝေးဝေးက မီးခိုးတန်းတွေ တရိပ်ရိပ်တက်လာသည်။ တောင်ယာမီး အားကောင်းနေတယ် ထင်ပါရဲ့ ။ အိမ့်ရင်ထဲက မီးကတော့ အားမကောင်းပေမယ့် ဖွဲမီးလို တငွေ့ငွေ့နဲ့ ကျွမ်းလောင်နေဆဲရယ်။

Monday, August 16, 2010

အနားသတ်လှိုင်း....

ရုံးကို ရောက်တာနဲ့ စားပွဲပေါ်မှာရှိသော စာရွက်တစ်ထပ်ကြီးကို ကြည့်ရင်း ပန်းစိတ်ထဲမှာ ဘာတွေလုပ်ရမည်ဆိုတာကို Schedule ဆွဲနေမိသည်။ ဘယ်လောက် အလုပ်များနေသည်မသိ။ မှန်တံခါးကို ခေါက်သံကြားလိုက်မှ ခေါင်းမော့ကြည့်မိလိုက်သည်။

"သြော် .. မြတ်နိုး "
ရေးလက်စ ဘောပင်ကို ချလိုက်ရင်း HR Executive မြတ်နိုးကို လှမ်းနှုတ်ဆက်မိသည်။ မြတ်နိုးနောက်တွင်လည်း လူတစ်ယောက် ကပ်လျက်။ ဝန်ထမ်းအသစ်ကို မြတ်နိုးက မိတ်ဆက်ပေးဖို့ လာသည် ထင်ပါရဲ့ ။ မြတ်နိုးက သူ့ဌာနကနေ အကြောင်းကိစ္စမထူးလျှင် ဘယ်တုန်းကမှ လာတတ်တာမှ မဟုတ်တာ။

"ကိုသူရိန်နိုင်တဲ့။ ဒီနေ့ အသစ်ရောက်လာတဲ့ Operation Manager လေ"

"ဒါကတော့ မပန်းယွန်းအိမ်။ Assistant Finance Manager ပေါ့"

"ဟင်" သူ။ သူ့မျက်ဝန်းတွေက ပန်းရင်ကို ဖောက်ထွင်းပြီး ကြည့်လိုက်သလိုပင်။ နောက်ပြီး သူက ခပ်ဟဟပြုံးရင်း
"ပန်းယွန်း၊ နင် ငါ့ကို မှတ်မိလား "

ပန်းကို အားလုံးက ရင်းရင်းနှီးနှီး ပန်းလို့ ခေါ်ပေမယ့် သူကတော့ အမြဲ ပန်းယွန်းလို့ ခေါ်နေကျ။ ဒီခေါ်သံ၊ ဒီအပြုံးတွေကို ပန်းမမေ့ခဲ့ပါဘူး။ အင်းလို့ သံရှည်ဆွဲပြောလိုက်ရင်း ပန်းရင်ခုန်သံတွေ မြန်နေတယ်ဆိုတာ ပန်းကိုယ်တိုင်က လွဲလို့ ဘယ်သူက သိမှာတဲ့လဲ။ မြတ်နိုးက အသိတွေလားလို့ မေးတော့ သူက ပြုံးလို့ ခေါင်းငြိမ့်သည်။ ပန်းကတော့
"မမတို့က ငယ်သူငယ်ချင်းတွေလေ၊ သူရိန်၊ နင်လည်း တခြားသူတွေနဲ့ မိတ်ဆက်ရဦးမှာ မလား။ သွားတော့လေ။ ငါတို့ နောက်မှ တွေ့မယ်လေ"
အတင်းနှင်လွှတ်လိုက်သလို ဖြစ်သွားပေမယ့် မတတ်နိုင်။ သူ့မျက်ဝန်းတွေအောက်မှာ ပန်း နှလုံးသားတွေ တုန်လှုပ်နေတယ်ဆိုတာ ဘယ်သူမရိပ်မိပါစေနှင့်လို့သာ ပန်းဆုတောင်း ဖြစ်နေခဲ့သည်။

လွန်ခဲ့တဲ့ (၁၀)နှစ်။
ပန်းအနားမှာ သူရှိနေခဲ့သလို သူ့ရဲ့  စာမျက်နှာတွေဟာလည်း ပန်းဖြစ်နေခဲ့ဖူးသည်။ ကျောင်းစာအတူတူကျက်ရင်း စာဖတ်ဝါသနာပါသော သူနှင့်ပန်းက စာအုပ်တန်း အစုံအလင်ကို ခြေတိုအောင် လျှောက်ခဲ့ဖူးသည်။ ပန်းဆိုးတန်း၊ လှည်းတန်း၊ အတူတူထိုင်ခဲ့ဖူးတဲ့ ခုံတန်းတွေ။ ပန်းစိတ်ညစ်တိုင်း သူ့ပုခုံးကို မှီရင်း။ ဘဝအမောတွေ ကြုံလာတိုင်း တို့မမောတော့ပါဘူးဆိုပြီး တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်လို့။ ဘဝလမ်းကြောင်းမှာ မှတ်တိုင်တွေလည်း များခဲ့ဖူးပြီ။ ပန်းတို့ကို ဘယ်သူက သူငယ်ချင်းတွေလို့ ယုံမှာတဲ့လဲ။ အဖြူရောင်တွေက ဒီလောက်နှောင်ဖွဲ့တတ်ခဲ့မယ်မှန်း ပန်းတို့နှစ်ယောက်ကိုယ်တိုင်လည်း မသိခဲ့ပါဘူးလေ။
ကျိန်စာတွေ ပြိုကွဲတဲ့ မနက်ခင်းတစ်ခုမှာတော့ ပန်း သူ့ကို နှုတ်ဆက်ထားခဲ့ရဖူးသည်။ ဖခင်မရှိတော့သော ပန်းအတွက် မေမေ့ရဲ့  မျှော်လင့်ခြင်းတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ပန်း တစ်မြေတစ်နေရာမှာ ပညာတွေ သွားသင်ရဦးမည်။ ပန်းဘဝအတွက်၊ ပန်းအိပ်မက်တွေ အတွက် ပန်းသွားရတော့ နှုတ်ဆိတ်စွာ ကျန်နေတဲ့ သူက ပန်းလက်ကို ဆုပ်ကိုင်ရင်း ဘယ်တော့မှ မမေ့နိုင်သော စကားတစ်ခွန်းကို ပြောခဲ့သည်။
"လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးပါပဲ ပန်းရယ်" တဲ့။
ငိုချင်စိတ်ကို တင်းရင်း "သိပ်မှန်တာပေါ့၊ နင်လည်း ငါ့ကို မေ့သွားဦးမှာပါ" လို့ ပြုံးရယ်ပြီး ပြောခဲ့ရဖူးသည်။ ဒီအချိန်တွေက တကယ်ကို ကြာခဲ့ပြီပဲ။

သံယောဇဉ်ဆိုတာ
ကျိန်စာတစ်ခု ဖြစ်မယ်မှန်း ငါမသိခဲ့ရိုးအမှန်ပါ.....
(ပန်းယွန်းအိမ်)

မမျှော်လင့်သော ပြန်ဆုံဆည်းမှု့ အောက်မှာ ပန်းပျော်လိုက်တာ။ ငါက ကံကြမ္မာရေစက်ဆိုတာကို ယုံတယ်လို့ သူ့ကို ပြောခဲ့ဖူးသလို ကမ္ဘာကြီးက ကျဉ်းလိုက်တာ ဆိုတာကိုလည်း ပန်း ယုံယုံကြည်ကြည် လက်ခံနေမိပြီ။ ဒါပေမယ့် လိုချင်တာကို မရတတ်တဲ့ ပန်းလေ တည်ဆောက်ထားတဲ့ ဘဝ တည်ငြိမ်စ ပြုချိန်မှာပဲ လှိုင်းထန်ခဲ့ရပြန်ပြီလေ။ မထင်မှတ်သော စကားသံအချို့နှင့် ပန်း အိပ်မက်တွေ ပြိုပျက်သွားခဲ့ရတာ။ သူကိုယ်တိုင်က လွဲလို့ မယုံကြည်တတ်တဲ့ ပန်း။ သူ့နှုတ်ဖျားက ထွက်ကျလာသော စကားသံအချို့ကို မယုံကြည်နိုင်လောက်အောင် နာခံနေမိရင်း။ စေ့စပ်ထားသူရှိနေနှင့်ပြီးသော သူနှင့် ပန်းက တံတိုင်းတွေ အလိုလို ခြားပြီးသားပါ။

တစ်ဖက်သတ်တဲ့...
သေဆုံးလိုက်ရတဲ့...မျှော်လင့်ခြင်းတွေ....
နှစ်သိမ့်ညှာတာခြင်းနဲ့.....ငါ့မနက်ခင်းမှာ လ မသာပါနဲ့တော့လေ....
(မြတ်နိုးရိပ်)

"မိန်းကလေးတစ်ယောက်ကို (၇)နှစ်လောက် စွဲစွဲမြဲမြဲ ချစ်ခဲ့ဖူးသော ယောကျာင်္းတစ်ယောက်ဆိုတာ ဒီခေတ်မှာ သိပ်ရှားသွားပါပြီကွာ ငါ ပန်းယွန်းကို ငယ်ငယ်ကတည်းက သိပ်ချစ်ခဲ့တာ"

Speaker ဖွင့်ထားသော ဖုန်းသံတစ်ဖက်မှ နားထောင်နေသော မြတ်နိုး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။ အကိုဝမ်းကွဲကတော့ ဘာမှမတတ်နိုင်တဲ့ အမူအရာနှင့်ပဲ မြတ်နိုးကို သနားစွာ ကြည့်နေခဲ့သည်။ ရဲရင့်တည်ကြည်သော ကိုကို့ကို မိဘတွေ သဘောတူညီမှု့ကြောင့် လက်ခံခဲ့ခြင်းမဟုတ်ဘဲ မြတ်နိုး ရဲ့  ချစ်ခြင်းမေတ္တာတွေ အားလုံးအတွက် လက်တွဲဖော်အဖြစ် မြတ်နိုးလက်ခံခဲ့တာပါ။ မြတ်နိုး အကိုရဲ့  သူငယ်ချင်းဖြစ်သော ကိုကို့တွင် သိပ်ချစ်ခဲ့ရသော ချစ်ဦးသူ ရှိသည်မှန်းလည်း သိပါရဲ့  သံယောဇဉ်ဆိုတာကို လွယ်လွယ်လျော့တွက်ခဲ့မိတဲ့ မြတ်နိုး။ အတိတ်ဆိုတာ အတိတ်မှာပဲ ကျန်ခဲ့မှာပါလို့ ချစ်ခြင်းတွေ ဖုံးပြီး တွေးခဲ့တာ။ အိပ်မက်တွေက နိုးထသင့်ပါပြီ။ စေ့စပ်ထားတဲ့ သူရှိမှန်းလည်း သိပါရဲ့  မချိုးဖောက်သင့်တဲ့ စည်းများအောက်မှာ ကိုကိုတစ်ယောက် မွန်းကြပ်စွာ တည်ရှိနေတော့မယ်ဆိုတာ မြတ်နိုးသိပါရဲ့ ။ ကိုကို ဆုံးဖြတ်ရခက်သော ဆုံးဖြတ်ချက်တစ်ခုကို မြတ်နိုးချပေးရမှာပေါ့။ တကယ်တော့ မြတ်နိုးလိုအပ်တာက ချစ်ခြင်းမေတ္တာတရားပါ။ ကိုကို အနားမှာ ရှိနေပေမယ့် ကိုကို့စိတ်တို့က အဝေးတစ်နေရာ မြတ်နိုးမဟုတ်သော တစ်ယောက်ဆီမှာ။

ကံကြမ္မာ... ညှင်သာလွန်းပါတယ်...
မဆုံးတော့ဘူးထင်မိမှ...
အပြုံးတချက်နဲ့ ရင်ခွဲခံခဲ့ရတယ်.....
(သူရိန်နိုင်)

ကျွန်တော့ဘဝမှာ သိပ်ချစ်သော ချစ်သူတစ်ယောက်ရှိခဲ့ဖူးပြီး ကျွန်တော့ကို သိပ်ချစ်သော ချစ်သူတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။ ကျွန်တော်ချစ်သော ပန်းယွန်းက သူ့ရည်ရွယ်ချက်တွေ အတွက် ပထမတစ်ကြိမ် ထားခဲ့ဖူးသည်။ အချစ်ထက် ပညာရေးက အရေးကြီးနေခဲ့သည်။

"သူရိန်၊ နင် ငါ့ကို ဒီစကားမပြောသင့်တော့ဘူးလေ။ လက်ထပ်ထားတာ မဟုတ်ပေမယ့် နင့်မှာ စောင့်စည်းရမယ့် စည်း ရှိနေခဲ့ပြီ။ ငါ မလိမ်ပါဘူး။ ငယ်ငယ်ကတည်းက သံယောဇဉ်နဲ့ရော ငါ့နှလုံးသားနဲ့ ထပ်တူ နင့်ကို ချစ်ပါတယ်။ ဒါပေမယ့်…."

ပန်း စကားတွေ ရှေ့မဆက်နိုင်တော့။ တခဏတာ တိတ်ဆိတ်သွားခြင်းကလည်း ကမ္ဘာခြားသွားသလို။

"ငါ့ဘဝမှာ တစ် မဟုတ်ရင် ဘာနံပါတ်မှ ရေးထိုးတာ မခံချင်ဘူး။ အချစ်ဆိုတဲ့ အရာနဲ့ အားလုံးရဲ့  သိက္ခာတွေကို မလဲနိုင်ဘူး သူရိန်။ နောက်ပြီးတော့ ငါ သိပ်ချစ်ခဲ့တဲ့ နင်က အဲဒီလို ယောကျာင်္းအဖြစ်နဲ့တော့ ငါ မမြင်ပါရစေနဲ့ဟာ…. အချိန်က အားလုံး ကုစားပေးသွားမှာပါ…"
ပန်းခြေလှမ်းတွေက အဝေးသို့ တလှမ်းချင်း ဝေးကွာသွားခဲ့ပြီ။ ပန်း ငိုနေမလား။ သေချာပါတယ်။ ပန်းရဲ့  ထုံးစံအတိုင်း တစ်နေ့တာ အတွက်တော့ ပန်း ငိုကြွေးနေပါလိမ့်မည်။ ဘဝအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ခံစားမှု့နောက် မလိုက်တတ်တဲ့ ပန်း အရာရာကို ဟန်ဆောင်ကောင်းစွာ တည်ငြိမ်နေပါဦးမယ်ဆိုတာ။

အစိမ်းနုရောင် စာအိတ်လေး။

ကိုကို…
မြတ်နိုး.. ဖေဖေရှိရာကို လိုက်သွားပြီ။ ကိုကိုနဲ့ မမတို့ ထာဝရပျော်ရွှင်ပါစေလို့ မြတ်နိုးဆုတောင်းပေးခဲ့ပါတယ်….

ကျွန်တော် ဆက်မဖတ်ဖြစ်တော့ပါ။ တည်ငြိမ်နေသော ရေပြင်ကို လှိုင်းထန်စေခဲ့ပြီးမှ ငြိမ်သက်အောင် ကျွန်တော် ဆုမတောင်းချင်တော့ပါ။ အစားထိုးမှု့ဆိုတာ သိပ်မုန်းခဲ့သော ကျွန်တော်ကိုယ်တိုင်က မြတ်နိုးကို အသုံးမချရက်။ ပြီးတာတွေ ပြီးပါစေတော့။

အင်းလျားကန်ရေပြင်က လေညင်းရဲ့  သယ်ဆောင်ရာ အတိုင်း တရိပ်ရိပ်။ လက်ထဲမှ ခဲလုံးလေးတစ်လုံးကို အားကုန် လွဲကာ ပစ်ချလိုက်မိသည်။ ဝဲဂယက်တို့က စက်ဝိုင်လေးသဏ္ဍာန် လှိုင်းထန်လို့။ တည်ငြိမ်ဖို့တော့ အချိန်ယူရပေဦးမယ်။ ကျွန်တော်လည်း ကျွန်တော့နှလုံးသားကို တည်ငြိမ်အောင် အချိန်ယူရလိမ့်ဦးမယ်ဆိုတာ သတိရလိုက်ရင်း ကန်ရေပြင်ကို စာနာစွာနဲ့ပဲ ငေးကြည့်နေမိတော့သည်။

Wednesday, July 14, 2010

ပိုင်ဆိုင်ခဲ့ဖူးသော တချို့တဝက်များ....

မိုးတွေက တဖွဲဖွဲ.....ရွာနေပြန်တယ်။ ဒီနေရာ.. ဒီအချိန်.. အားလုံးက တိုက်တိုက်ဆိုင်ဆိုင် ဟိုးတချိန်က ရာသီနဲ့ ။
"နှင်း.. ဘာတွေစဉ်းစားနေတာလဲ"

နွယ့်အမေးကို ခေါင်းခါပြီးတော့ ပြုံးပြလိုက်သည်။ နှင်းက အားလုံးထဲမှာ စကားအနည်းဆုံး။ အေးစက်စက်အနိုင်ဆုံးမို့ အားလုံးကလည်း အမှု့မဲ့ အမှတ်မဲ့။

"နှင်း ဒီနေရာလေးက အရင်လို သိပ်ကို ငြိမ်းချမ်းတုန်းပဲ.. " လဲ့လဲ့က ဝင်ပြောတော့ နှင်းစိတ်ထဲမှာ နှင်းကိုယ်နှင်း ပြန်ပြောမိနေသည်။ တကယ်ငြိမ်းချမ်းလို့လား။ နှင်းကတော့ ဒီနေရာရောက်တိုင်း ခံစားရတာ ခါးခါးသီးသီး။ နှင်း ဘဝ အကျဆုံးအချိန်မှာ ဒီလမ်းလေးနဲ့ ပန်းဥယျာဉ်လေးက နိစ္စဓူဝ ဖြတ်သန်းသွားလာခဲ့တဲ့ နေရာလေး။ လေပြင်းတွေ တိုက်နေတဲ့ မိုးသည်းသည်းအောက်မှာ နှင်းမျက်ရည်တွေ လူမမြင်အောင် ဒီနေရာလေးမှာပဲ ငိုခဲ့ဖူးသည်။

ကံကြမ္မာဆိုတာ မျက်လှည့်ဆန်လွန်းလှသည်။ နှင်း နောက်ဆုံးနှစ်တက်နေစဉ်မှာပဲ ဖေဖေနှင့် မေမေက နှင်းကို စိတ်ချစွာ တစ်ယောက်တည်း ထားရစ်ခဲ့တော့သည်။ လောင်းရိပ်အောက်က ပန်းတစ်ပွင့်ဆိုတဲ့ နှင်း။ အားအင်တွေအဖြစ် မာနတရားက တံတိုင်းတစ်ခုဖြစ်ခဲ့လိမ့်မည်။ ကံကြမ္မာဆိုးဆိုတာ အပေါင်းအဖော်နှင့် လာတတ်သည်ဆိုတာ လူကြီးတွေရဲ့  စကားသိပ်မှန်လွန်းသည်ဟု နှင်းတွေးမိသည်။ စိတ်ဓာတ်တွေ ပြိုဆင်းနေတဲ့ အချိန်မှာပဲ သိပ်ချစ်လှပါသည်ဟု ပြောခဲ့ဖူးသော ချစ်သူလည်း နှင်းအနားက ထွက်ပြေးသွားတော့သည်။

"လောကမှာ မရှိမဖြစ် မိဘတောင် မရှိတော့တဲ့ အခါ ဖြစ်သေးတာပဲ။ မလိုတော့ပါဘူးဟာ"
"(၅)နှစ်တာ နင်တဖက်သက်ချစ်ခဲ့ရတဲ့ မိန်းကလေးဟာ ငါ ဖြစ်ခွင့်မရလို့လည်း ငါ ဝမ်းမနည်းခဲ့ပါဘူး။ ငါတို့ရဲ့  ကံကြမ္မာတွေပေါ့"
နောက်ဆုံးစကား အဖြစ် မျက်ရည်တွေကို ထိန်းရင်း နှင်း သူ့ကို အားပေးခဲ့ဖူးသည်။ မချစ်လို့ မုန်းကြကြေးဆိုရင် နှင်းငြင်းဆိုပါမည်။ သူနှင့် နှင်းက အခင်မင်ဆုံးဖြစ်ခဲ့ဖူးသော သူငယ်ချင်းတွေ အဖြစ်သို့သာ။ ရှက်ရွံ့အားနာနေသော သူက နှင်းကို ကြည့်ပြီး
"ငါ့ကို လိုက်မပို့ပါတော့နဲ့လား"
"ငါတို့က သူငယ်ချင်းတွေပဲ၊ သူငယ်ချင်းဆိုတာ အားနာစရာမှ မလိုတာ" လို့သာ ဆိုရင်း သူ့ချစ်သူရှိရာ သွားမည့် တချိန်က နှင်းချစ်သူကိုသာ နှင်းအပြုံးမပျက် လိုက်ပို့နှုတ်ဆက်ခဲ့တော့သည်။ ရထားကြီးထွက်လို့သွားတဲ့အချိန် သူလည်း နှင်းနှလုံးသားထဲက အပြီး ထွက်ခွာသွားခဲ့ပြီ။

"ချိန်းထားတဲ့ အချိန်လည်း နီးပြီ။ ငါတို့ ဆိုင်လေးမှာပဲ သွားထိုင်ကြရအောင်လေ" လဲ့လဲ့ကဆိုတော့ နွယ်က နှင်းကို စိတ်မသက်သာစွာနှင့် မေးသည်။
"နှင်း အဆင်ပြေရဲ့လား.. သူတို့နဲ့ တွေ့ဖို့"
နှင်း စကားမစရသေးခင်မှာပဲ လဲလဲ့က
"ဘာလို့ အဆင်မပြေရမှာလဲ၊ စိတ်ထဲက ချစ်ရတဲ့သူရှိတယ်လဲပြောသေးတယ်၊ နှင်းကို ချစ်တယ်ပြောပြီး သက်သက် အသုံးချတာလေ၊ ငါကတော့ ကြည့်လို့ကိုမရဘူး၊ မလွမ်းလောက်ပါဘူးဟာ"

နှင်းကတော့ လဲ့လဲ့ကို ကြည့်ရင်း ပြုံးမိသည်။ တကယ်တော့ လဲ့လဲ့နှင့် နွယ်လေးက နှင်း တက္ကသိုလ်တက်စဉ်ကတည်းက အတူတူ။ နှင်းမိဘတွေ ဆုံးသွားတော့ အဆောင်မှာ မနေတော့ဘဲ တစ်ကောင်ကြွက်ဖြစ်နေသော နှင်းအတွက် နှင်းအိမ်မှာပဲ အတူနေကြသည်။ နယ်က သူတို့မိဘတွေဆီကို ပြန်လျှင် နှင်းတို့သုံးယောက်အတူ။ သူတို့နေထိုင်ရာ မြို့တွေကလည်း မတူတာမို့ မိဘတွေဆီကို အလှည့်ကျဆီ ပြန်ကြရသည်။ အဲဒီလောက်ထိ နှင်းတို့သုံးယောက်က မခွဲခဲ့။ သံယောဇဉ်တွေ ရစ်တွယ်ရာမို့ လဲ့လဲ့က ကလေးဆန်သူပီပီ စိတ်ထဲ ရှိသည့်အတိုင်း ပြောနေတော့သည်။

"နွယ်. ငါ ဘာမှ မဖြစ်ဘူး..လဲ့လဲ့သာ ကြည့်ထိန်း.. သူက စိတ်တိုပြီး ဝင်ပြောမှ ငါ အရှက်ကွဲမှာ."
နှင်းနည်းနည်း လှန့်လိုက်တော့မှ လဲ့လဲ့ ဇက်ကလေးပုသွားတော့သည်။ လဲ့လဲ့ကို ကြည့်ပြီး နှင်းနှင့် နွယ်မှာ တသောသောရယ်ဖြစ်ကြသည်။ ထိုစဉ်
"နွယ်"
ခေါ်သံကြောင့် သုံးယောက်သား လှည့်ကြည့်ဖြစ်ကြသည်။ သြော် ဟိုတချိန်က သူတောင် တော်တော်ရင့်ကျက်နေသည့် အသွင်သဏ္ဍာန်နှင့်။ ဘေးနားမှာတော့ သူနှင့် လက်ထပ်မည့် မဒီလောင်းလေး။ နှင်းစိတ်ထဲမှာတော့ သူငယ်ချင်းတစ်ယောက်လိုတောင် နှင်းကို မခေါ်နိုင်တော့ပါလားလို့ စိတ်မကောင်းဖြစ်မိသည်။ နှင်းကိုတော့ အပြစ်ပြုထားမိသူမို့ မခေါ်ဝံ့ဘူးထင်ပါရဲ့ ။ ပွင့်ပွင့်လင်းလင်းနှင့် ဘုဘောက်ပြောတတ်သော လဲ့လဲ့ကိုလည်း ကြောက်သည်ထင်သည်။ အတွေးတွေနဲ့ နှင်း ငေးကြည့်နေချိန် နွယ်က တံတောင်နှင့် တွတ်မှ သတိရသွားမိသည်။

"ထိုင်လေ..နင့်ကောင်မလေးလည်း ငါတို့ကိုလည်း မိတ်ဆက်ပေးပါဦး... နွယ်ပြောမှ ငါတို့လည်း နင်လက်ထပ်တော့မယ်ဆိုတာ သိတာ . ငါတို့ကို ဖိတ်စာပေးဦးလေ.. " လော်ကွတ်စကားကို အားလုံးထက်အရင် နှင်းက ပြောဖြစ်တော့ နွယ်ကတော့ အရိပ်အခြေပဲ ကြည့်လို့နေသည်။

"ဒါလေ ငါ့သတို့သမီးလောင်း ရွှေရည် "
ဖိတ်စာကမ်းပေးတာကို ယူလိုက်ရင်း အားလုံးရဲ့  ခေါင်းငြိမ့်ပြီး ပြုံးအပြမှာ လဲ့လဲ့ကလည်း အားကျမခံ လောကွတ်ပျူဌာစွာနဲ့

"ရွှေရည်ကို သူ့က သိပ်ချစ်တာ သိလား ရွှေရည်ရဲ့ ၊ ဟိုး အရင် ကျောင်းတက်ကတည်းက တိတ်တခိုးချစ်ခဲ့ရတာ ငါးနှစ်ငါးမိုးတောင် ကြာတာတဲ့. ရွှေရည်သိတဲ့အချိန်မှာ သူချစ်တာက တော်တော်ကြာနေပြီ၊ ရွှေရည် အရမ်းကံကောင်းတာပဲ"

နှင်း သူ့ကို ကြည့်တော့ မျက်စိမျက်နှာပျက်လို့။ တခုခုတော့ မှားနေပြီဆိုတာ နှင်းသိသည်။ သူကတော့ အထစ်ထစ်အငေါ့ငေါ့နဲ့။ "သူက မိုးမဟုတ်ဘူး လဲ့လဲ့" စကားတွေက တိမ်ဝင်သွားသည်။ ရွှေရည့်မျက်နှာလေးကတော့ ပြိုတော့မည့် မိုးနှယ်။

"အဟား... နင်တို့ကလေ ကျောင်းတုန်းက အကျင့်တွေ မပျောက်သေးဘူး။ လဲ့လဲ့ အကြောင်းသိရဲ့ သားနဲ့ သူက အစအနောက်သန်တာနဲ့ နင်ကပါ သံယောင်လိုက်ပြီးနောက်တုန်း။ ကျောင်းတုန်းက အကျင့်တွေကို ဖျောက်တော့။ ရွှေရည် ငိုတော့မယ်"

နှင်းရဲ့  ဟာသလုပ်ပစ်လိုက်မှု့ကို နွယ်၊ လဲ့လဲ့နှင့် သူကတော့ မအူမလည်နှင့် သံယောင်လိုက်လို့။ ရွှေရည်မျက်နှာလေးလည်း ပြန်လည်ဝင်းပသွားပြီး ရယ်နေသည်။

"နှင်းက အရမ်းခင်ဖို့ ကောင်းတယ်လို့ သူ အမြဲပြောပါတယ် နှင်းရဲ့ ".... ရွှေရည့် စကားဆုံးတော့ နှင်း ပြုံးမိသည်။ ဟုတ်ပါတယ်။ သူသိပ်ချစ်တယ်လို့ တချိန်က ပြောခဲ့ဖူးသည့် အခင်ဆုံးတစ်ယောက်ပေပဲလို့ နှင်းတွေးလိုက်သည်။ သူကတော့ အနေရခက်စွာ မျက်နှာကိုလွဲပြီး စကားကိုပါ လမ်းကြောင်းပြောင်းအောင် ကြိုးစားနေသည်။ သူ့ကို နားလည်စွာနဲ့ပဲ စကားဝိုင်းတောက်လျှောက် နှင်း ဦးဆောင်ပြောဖြစ်နေသည်။ လမ်းခွဲကြတော့ ရွှေရည်က "နှင်းတို့ ဆက်ဆက်လာခဲ့နော်" လို့သာ သေချာမှာနေသည်။

အပြန်လမ်းမှာတော့ နှင်း စကားတွေတိတ်ဆိတ်လို့ .. ဟန်ဆောင်မှု့တွေကြားမှ ရုန်းထွက်လိုက်ရလို့ အင်အားချိနဲ့နေသလို။ တိတ်ဆိတ်နေသော နှင်းကို အနှောင့်အယှက်မပေးချင်လို့ ထင်ရဲ့။ နှင်းကို ဘာမှ မပြောပေမယ့် နွယ်က လဲ့လဲ့ကို ရန်တွေ့နေသည်။ အလိုက်မသိရပါ့မလားလို့သာ အပြစ်တင်နေတော့သည်။
"ငါက ဘယ်သိပါ့မလဲ.. နှင်းကိုတောင် ထားပြီး ကောက်ကောက်ပါသွားရတဲ့ သူ့ငယ်ချစ်ဦးပဲ ထင်တာပေါ့။ ငါက အကောင်းနဲ့လည်း ဝင်ပြောရသေးတယ်.. " လဲ့လဲ့ကတော့ နွယ့်အပြစ်တင်မှု့ကို ရယ်ပြီးလည်းရယ်၊ ရှင်းလည်း ရှင်းလုပ်နေတော့သည်။

"နှင်း... တိတ်လှချည့်လား၊ ငါက နင်အဆင်ပြေပါ့မလားလို့ စိတ်ပူနေတာ၊ အဲဒီအချိန်တုံးက နင်ပဲ ဦးဆောင်ပြီး စကားပြောနေတာ နင်ဟန်ဆောင်နေတာ ငါတို့ အားလုံးသိတာပေါ့" နွယ်ကတော့ စကားအေးအေးနဲ့ စလာပြီ။
"အေးလေ.. ဟိုကောင်ဆို ပိုသိဦးမယ်... သူ့ချစ်သူဟောင်းအကြောင်းကို" လဲ့လဲ့က ငေါ့တော့တော့ ဝင်ပြောတော့ နှင်းမလုံလဲစွာ ဘေးဘီကို လှမ်းကြည့်မိသည်။
"နင်အဲလိုလုပ်။ နင်က အခုအချိန်အထိ တန်းတန်းစွဲနေတာလို့ ထင်နေမှာပေါ့ဟ" လဲ့လဲ့ရဲ့  အပြောကို တခါမှ အပြစ်မဆိုဖူးသော နွယ်ကတောင် "ငါလည်း အဲလိုထင်မှာကိုတော့ စိုးရိမ်တယ် နှင်း" လို့ ဝင်ပြောတော့သည်။

"ငါသူ့ကို ချစ်နေသေးတယ်လို့ နင်တို့ ထင်နေတယ်မလား။ ငါ့စိတ်ထဲက သူဆိုတာ ငါသူ့ကို လိုက်ပို့ဖူးတဲ့ ညနေက ဘူတာမှာကတည်းက ကျန်ခဲ့တာ ကြာလှပြီ... ငါ ဒီညမှာ ဘာလို့ အကောင်းဆုံး နေပြခဲ့လဲ။ ရွှေရည့်ကြောင့်ပဲ။ နင်တို့ ယုံချင်မှ ယုံမယ်။ ငါနဲ့ သူချစ်သူဖြစ်နေတုန်းက သူ့စိတ်ထဲမှာ သိပ်ချစ်ရတဲ့သူရှိနေတယ်ဆိုတာ သိလိုက်ရတော့ ငါ ဘယ်လောက်ခံစားခဲ့ရလဲ.. ငါ မညာပါဘူး... အရမ်းဆိုတာထက်ကို ပိုပြီး ခံစားခဲ့ရတာ.. ငါတို့လမ်းခွဲမှု့မှာလည်း မပြတ်သားမှာစိုးလို့ ငါ နောက်ဆုတ်ပေးခဲ့တာ. ရည်းစားဘဝဆိုတာ ပြတ်ဖို့လွယ်ပါတယ်. အခုက ရွှေရည်နဲ့ လက်ထပ်တော့မှာလေ. သူတစ်သက်လုံးချစ်မြတ်နိုးရမယ့် ယောကျာင်္းတစ်ယောက်အတွက် ခံစားနေရမှာ ငါစိုးတယ်..."

သက်ပြင်းကို ချရင်း နှင်း စကားတွေ ရှေ့မဆက်ဖြစ်တော့။ ရင်ထဲမှာတော့ နွယ်နှင့်လဲ့လဲ့ကို အမြင်ရှင်းအောင် ပြောပြချင်နေသေးသည်။ နှင်းဘဝမှာ အရာရာကို တချို့တဝက်နှင့်ပဲ ပိုင်ဆိုင်ခဲ့ရဖူးပါသည်။ မိဘမေတ္တာကို အပြည့်အဝရရှိခဲ့သော်လည်း ဘဝပေးအကျိုးကပင် နှင်းကို ဒဏ်ခတ်ခဲ့သည်။ မျှော်လင့်ခြင်း တချို့တဝက်၊ ယုံကြည်မှု့တချို့တဝက်၊ ကုန်ကုန်ပြောရရင် ရရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာတောင် တချို့တဝက်။ ဘာတွေပဲ နှင်းအတွက် တချို့တဝက်ဖြစ်နေပါစေ။ အနည်းဆုံးအနေနဲ့ နှင်းပေးနိုင်သည်က သူတစ်ပါးအပေါ် စိတ်ထားပြည့်ပြည့်ဝဝပေးနိုင်ခြင်းပင်။ ဒါလေးတော့ ပြည့်ဝပါရစေလို့ သူငယ်ချင်းတွေကို စိတ်ထဲကပင် နှင်းပြောနေမိတော့သည်။

Thursday, June 24, 2010

ဒွိဟ.........

နွေ..
အညာနွေကတော့ ကျွတ်ကျွတ်ကျဲ ပူနေတုန်းပါပဲ။ ထနောင်းပင်တွေနဲ့ တမာပင်တွေကတော့ ဒီနွေ... နဲ့ ဒီအရပ်မှာ ကြံ့ကြံ့ခံ ဝေနေဆဲ။ တံလျှပ် နဲ့ ဖုန်တထောင်းထောင်းထနေတဲ့ ဒီမြေနီလမ်းလေးအတိုင်း ကျွန်မ လျှောက်လာခဲ့တယ်။ အရင်တုန်းက ပေ (၁၂၀) ကျယ်တဲ့ ခြံဝန်းကြီးမှာ ကလေးတစ်သိုက် ဆော့ကစားနေတာ မျက်စိထဲ ပြန်မြင်ယောင်နေမိတယ်။ ဒါက ကျွန်မတို့ ငယ်ငယ်တုန်းက ကစားဖော် မောင်နှမတွေ ဆုံဆည်းရာ။ အခုတော့ ပေနှစ်ဆယ် ခြံဝန်းလေးက မျက်စိမျက်နှာငယ်နေရတဲ့ ကလေးငယ်လို။ နှစ်တွေလည်း ကြာ၊ အသက်အရွယ်တွေလည်း ကြီး။ အရင်တုန်းကထက်တောင် အညာနွေက ပိုပူနေသလားလို့ ခံစားမိတယ်။

"လေးငယ်......."
ခေါ်သံကြောင့် မကျည်းပင်အောက် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း ဆေးလိပ်သောက်နေတဲ့ အဖွားအိုပေါက်စပုံစံလေးနှင့် အမျိုးသမီးကြီးတစ်ဦးက ခေါင်းလှည့်လို့ကြည့်တယ်။ ပိန်ပါးသော ကိုယ်လုံးလေးနှင့် မလိုက်ဖက်လှအောင် ပါးရေတွန့်နေသော မျက်နှာလေးက အပြုံးတွေ ဝေဆာလို့။

"ဟယ်... ငြိမ်း"

"လေးငယ် .. ငြိမ်းကို မှတ်မိသားပဲ"

"မမေ့ပါဘူး ငြိမ်းရယ်. ငြိမ်းက ချောလာလိုက်တာ.."

"ထင်လို့ပါ လေးငယ်ရယ်.. ဒါနဲ့ လေးလေးကော.. " ကျွန်မ အိမ်လေးကို လှမ်းကြည့်ရင်း မေးတော့ လေးငယ်က

"ထုံးစံအတိုင်း လက်ဖက်ရည်ဆိုင် ရောက်နေတယ်လေ ငြိမ်းရဲ့  .." ပြောလည်း ပြော၊ ကျွန်မကိုလည်း ဆွဲခေါ်ရင်း လေးငယ်ခြေလှမ်းတွေက အိမ်လေးဆီသို့။

တကယ်တော့ လေးငယ်နှင့် ငြိမ်းတို့က ဘာမှ မတော်စပ်သလောက် အမျိုးဝေးသည်။ ဒါပေမယ့် လေးငယ်ရဲ့  ဖော်ရွေပျူဌာသော စိတ်၊ ကျွန်မတို့ ကြား နားလည်နိုင်လွန်းသော စိတ်တွေ ကြောင့်လား မသိ။ ကျွန်မတို့ သိပ်ရင်းနှီးခဲ့သည်။ ဘဝမှာ ရွေးချယ်စရာ မရှိတဲ့ လမ်းတွေ ကြုံလာတိုင်း ကျွန်မ လေးငယ်ကို သတိရတတ်သည်။ ဒီတစ်ခေါက်လည်း ကျွန်မရဲ့  ဒွဟလမ်းတွေအတွက် ခဏရပ်တန့်ပြီး အားမွေးရဦးမည်။

........................................................................................................................................................

ထောင်ဗူးဝ...
ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာ လာတွေ့ရတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ပူပင်သောကတွေက ဘယ်အပူမီးနှင့်မှ မယှဉ်နိုင်။ ရိုးအလှသော တောသူတောင်သားမို့ နိုင်ငံရေး အရှုပ်အရှင်းဆိုတာလည်း ယောင်လို့တောင် နားလည်ခဲ့သည်မဟုတ်။ ခင်ပွန်းသည်က ကွန်မြူနစ်မို့ နိုင်ငံရေးအမှု့နှင့်။ ဘာကို ကွန်မြူနစ်လို့ ခေါ်သည်လဲ မသိ။ ကိုယ်ဝန်ကလည်း နေ့စေ့လစေ့နှင့်မို့ အပူကြားထဲ ထောင်ဗူးဝ ရှေ့မှာ မီးဖွားရပြန်သည်။ အဲဒီကလေးလေးကတော့ တချိန်မှာ ကျွန်မရဲ့  လေးငယ်ဖြစ်လာမည့်သူ။ ဘဝအစမှာကတည်းက လေးငယ်မှာ ရွေးချယ်ခွင့်မရှိခဲ့။ ဖခင်ဖြစ်သူ ထောင်ထဲမှာပင် ဆုံးသွားလေတော့ လေးငယ် မြင်တောင် မမြင်ဖူးခဲ့။ ဒီအကြောင်းတွေ ပြောပြတိုင်း

"ငြိမ်းရယ်. လေးငယ်ဘဝမှာ အဖေရှိပေမယ့် မမြင်ဖူးလိုက်ရပါဘူး... အမေကတော့ ပြောတယ်. ဖမ်းသွားတုန်းက ၅ ညဆိုလားပဲ့။ ၅ ည မကပါဘူး သမီးရယ်တဲ့"

ငြိမ်း ရုတ်တရက်မို့ ကြောင်သွားသည်။ နောက်တော့မှ...

"လေးငယ်ရယ်.. အဲဒါ နိုင်ငံရေးအမှု့ ပုဒ်မကို ခေါ်တာပါ..ဘယ်က ၅ ညတည်း ခေါ်သွားရတာ ဟုတ်ရမှာလဲ.."

လေးငယ် (၅)နှစ်သမီးမှာ လေးငယ်မေမေက လောကကြီးမှာ လေးငယ်ကို စိတ်ချလက်ချနဲ့ ထားခဲ့ပြန်သည်။ အဒေါ်တွေရဲ့  စောင့်ရှောက်မှု့နဲ့ လေးငယ် ကြီးပြင်းလာပြန်သည်။ လေးငယ် ဆယ်နှစ်သမီးအရွယ်ရောက်မှာတော့ နစ်သထက်နစ်လာသော စီးပွားရေးအခြေအနေကြောင့် တာဝန်မယူနိုင်တော့။ ဒီလိုနှင့်ပဲ လေးလေးတို့ အိမ်မှာ အိမ်အကူအဖြစ်ရောက်ခဲ့ရပြန်သည်။ လေးငယ်လည်း အတန်းပညာ ဆက်မတက်နိုင်တော့။ လေးလေးတို့က မြို့မျက်နှာဖုံး။ ချမ်းသာကြွယ်ဝလွန်းတော့ လေးလေး ကျောင်းဆက်မတက်ချင်ဘူးဆိုတော့လည်း မိဘတွေက အလိုလိုက်ခဲ့သည်။ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုတဲ့ သဘောအတိုင်း လေးငယ်လည်း လေးလေးနှင့် အကြောင်းပါတော့သည်။

"သူဌေးသားနဲ့ အိမ်ဖော်ဆိုတဲ့ ဇာတ်လမ်းက ဟိုးခေတ်မှာ ကျန်ခဲ့ပြီပေါ့ .. ငြိမ်းရယ်.. အခုခေတ်မှာတော့ ဖြစ်ခဲပါတယ်. အဲဒီတုန်းက ရွှေပင်နားတော့ ရွှေကျေးပေါ့ ဒါပေမယ့် ဆွေမျိုးတွေအားလုံးရဲ့  အရိပ်အောက်မှာ လေးငယ်က နင်းပြားပါပဲ"

" လေးငယ်ကလည်း. လေးလေးက လေးငယ်ကိုတော့ချစ်သား... လေးငယ်မှာ ကလေး (၈)ယောက်ရတာပဲ ကြည့်လေ..." ကျွန်မ နောက်တော့ လေးငယ်က
"ဒီကောင်မလေးကတော့" ဆိုပြီး ရယ်နေသည်။ တကယ်လည်း လေးလေးက လေးငယ်ကို ချစ်ပါသည်။ သို့သော် အိမ်ထောင်တစ်ခုကို တာဝန်ယူဖို့ မပြောနဲ့။ သူကိုယ်သူတောင် ရပ်တည်နိုင်သူမဟုတ်ခဲ့။

"အိမ်ထောင်သည်ဖြစ်လာတော့ ချစ်နေရုံနဲ့ မပြီးဘူးလေ ငြိမ်းရယ်. မိဘတွေ ချမ်းသာတုန်းကတော့ ဒါတွေ ဘယ်ပူမလဲ. စည်းစိမ်ဥစ္စာဆိုတာ နေ့မြင်၊ ညပျောက်ပဲလေ. ရန်သူမျိုးငါးပါးဆိုတာလည်း ပြောလို့ ရတာ မဟုတ်ဘူး. ဆန်စက်၊ ဆီစက်တွေကို အစိုးရက ပြည်သူပိုင် သိမ်းတော့ အားလုံး မွဲပြာသွားတာပဲ. အဲဒီအချိန်တုန်းက ငြိမ်းကို မွေးဦးမယ် မထင်ဘူး... အဲဒါကြောင့် လေးငယ်က ဘယ်သူ့မှ မခိုးနိုင်တဲ့ ပညာအမွေကို ပေးချင်တာ. ဘယ်လောက်ပဲ ပေးပါစေဦးတော့. လိုချင်မှရတာ ငြိမ်းရဲ့ . သားသမီးတွေက မလိုချင်ခဲ့ဘူး. လေးငယ် သားသမီးကံလည်း မကောင်းခဲ့ပါဘူး."

လေးငယ်က အတိတ်အကြောင်းတွေ ပြောတိုင်း မျက်လုံးတွေက မှုန်မှုန်ရီရီ။ စိတ်တွေလည်း အဝေးတစ်နေရာ ရောက်သွားသည်ထင့်။ လေးငယ်ရဲ့  ဘဝအတွေ့အကြုံပြောတိုင်း နောက်ဆုံး လေးငယ် အဆုံးသတ်တတ်တဲ့ စကားက လေးငယ်ဘဝမှာ ရွေးချယ်ခွင့် ဆိုတာ မရှိခဲ့ပါဘူးဆိုတာပါပဲ။ ကျွန်မ အဲဒီစကားကြားတိုင်း ရင်ထဲမှာ နင့်ခနဲ။ ဘဝအစကတည်းက လေးငယ်မှာ ရွေးချယ်ခွင့် မရှိခဲ့တာ အခုအချိန်အထိ။ သားသမီးတွေက အတောင်စုံတော့ ပျံသန်းသွားကြပြီ။ ကြွေးသစ်ကို ချဖို့ ပြင်ဆင်ရင်း ကြွေးဟောင်းကိုလည်း မေ့လျော့ခဲ့ကြပြီ။ ရှိရင်း လက်ငုတ်လက်ရင်းဖြစ်တဲ့ ဒီခြံလေးကို ဖဲ့ ဖဲ့ ရောင်းလာရသည်က အခုဆို သိပ်မကျန်လှတော့။ လေးငယ်ကို ကြည့်ရင်း ဘဝရဲ့  နေဝင်ချိန်တွေကို ကျွန်မ မမှန်းဆရဲ။ လေးငယ်ကတော့ ဘာတွေဖြစ်လာလာ့ ရင်ဆိုင်ဖို့အားတွေ ရှိနေသလို။ မိသားစုစီးပွားကို မိန်းမသားဖြစ်ပေမယ့် တာဝန်ယူ ဖြေရှင်းခဲ့တဲ့၊ သားသမီးတွေကို ကျွေးမွေးပြုစု ပညာသင်ပေးခဲ့တဲ့ အထိ လေးငယ်တာဝန်ယူနိုင်ခဲ့သည်။

"လေးငယ်. ဘဝရဲ့  အဲလို အချိန်တွေမှာ လေးငယ် ဘယ်လိုအင်အားနဲ့ ရပ်တည်ခဲ့သလဲ.. " ကျွန်မမေးခွန်းအဆုံးမှာတော့ လေးငယ်ပြုံးသည်။

"ငြိမ်း. လူမှာလေ အခက်အခဲဖြစ်လာရင် ဖြေရှင်းတတ်တဲ့ လမ်းတွေက အလိုလို ရှိလာတယ်. ဘဝရဲ့  ခွန်အားတွေလို့လည်း ပြောလို့ရတာပေါ့.. ကိုယ့်ကို မှီခိုနေတဲ့ သူတွေရဲ့  မျက်နှာကို ကြည့်ပြီး ပစ်မချသွားရက်ဘူး။ အဲဒီတာဝန်ယူတတ်တဲ့ စိတ်ကပဲ မောင်းနှင်သွားတာပဲ နေမယ်.. လေးငယ် စီကာပတ်ကုန်းတော့ မပြောတတ်ဘူး. အရမ်းဖိစီးမှု့များတဲ့ အချိန်မှာ စိတ်ကိုတော့ ခဏ အနားပေးဖို့လိုတယ်..."

လေးငယ်ပြောခဲ့သလိုပဲ။ ကျွန်မလည်း စိတ်တွေ ခဏတော့ အနားယူရဦးမယ်။ အလိုဆန္ဒတွေ နောက်ကို လိုက်လွန်းတဲ့အခါ၊ ကျွန်မရဲ့  အိမ်မက်တွေကပဲ လိုတာထက်ပိုပြီး ကျွန်မကို စိတ်ပင်ပန်းစေတဲ့အခါ ရွေးချယ်စရာလမ်းတွေ အများကြီးကြားမှာ ကျွန်မ မကြာခဏ လမ်းပျောက်တတ်ခဲ့သည်။ ရွေးချယ်စရာလမ်း မရှိတဲ့အချိန်တွေကျရင်လည်း ကျွန်မ စိတ်တွေအနိမ့်ဆုံးကို ကျဆင်းနေတတ်သည်။ လောကဓံတရားကို ရင်ဆိုင်ဖို့ ကျွန်မ သတ္တိတွေ မွေးရဦးမည်။ ရွေးချယ်စရာ ရှိသည်ဖြစ်စေ. မရှိသည်ဖြစ်စေပေါ့...ဖြစ်သင့်ဖြစ်ထိုက်သော လမ်းတွေမှာ ကျွန်မ အတွက် မနက်ဖြန်ပေါင်းများစွာက ခွန်အားတွေ ပေးလိမ့်မယ်လို့သာ ယုံကြည်ထားရင်း။

No comments:

Post a Comment