Monday, September 5, 2011

လှပသောကောင်းကင်

ကောင်းသောနေ့ပါ ကလေးရေ...

ကောင်းသော နေ့ပါ ကလေးရေ....
ငါအချစ်တွေ မပွင့်တဲ့ လမ်းမှာ..
အဆင်ပြေပါရဲ့ လား....
အမှတ်တမဲ့ ပျိုးထားမိတဲ့ သံယောဇဉ်တွေကို...
ဒီအရုဏ်ဦးမှာ တမ်းတနေမိသေးရဲ့ .....

မပန်တတ်တဲ့ ကေသာဦးအတွက်..
ပန်းတွေ ပျိုး.. မင်းအရိပ်မှာ ငါ့စိတ်တွေ ခြေရာပျောက်လို့...
မင်း မရှိတော့တဲ့ နယ်မြေအဟောင်းမှာ...
စပယ်တွေ ဝေ... အလွမ်းတွေကတော့ ကြွေကြွေ မသွားဘူး.. ကလေးရေ...

လွမ်းခွင့် မရှိတော့ဘူးလား...
သေချာအောင် ဒီမေးခွန်းမှာ အဖြေပါရဲ့ လား ကလေးရေ...
အိပ်မက်ချိုချိုတွေက တသက်တာ..
အိပ်တန်းတက်ကုန်ကြပြီ ထင်ရဲ့ ...
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ကလေးရယ်....
ဒီလိုပါပဲ ...လွမ်းတယ်...

***ဇူးငယ်***

Tuesday, July 12, 2011

..... လွဲရင်.....

ချစ်တယ်ဆိုတာ..
ပီပီပြင်ပြင်ချစ်တတ်ဖို့..
ဘယ်လောက် ရင်းနှီးပေးဆပ်ရသလဲ..
မချစ်တော့တာကလွဲရင်.. ငါ မမုန်းတတ်ခဲ့ပါဘူး...

ငါတို့ ခဏခဏဖူးဖြစ်တဲ့ ဘုရားမှာ..
ငါတို့ တောင်းဆုချင်း.. တူခဲ့ဖူးလား...
ချစ်သူရေ.. ညီမျှတဲ့ အချစ်ဆိုတာ..
ငါနဲ့ နင် လွဲမှားစွာ ရှာခဲ့တဲ့ အားထုတ်မှု့တစ်ခုပဲ....

တချိန်တုန်းကပေါ့...
ငါဟာ အလွဲတွေနဲ့ ပြည့်နေတဲ့..
စာမျက်နှာတစ်ခုဆိုရင်တောင်...
နင်က အလွဲတွေနဲ့ ကျေနပ်နေမယ့်သူ...တဲ့..
အခုတော့ နင့်အမှားအတွက်..
ငါ့အိပ်မက်တွေ တစ်ဘ၀စာ ပျက်စီးသွားခဲ့တာက လွဲရင်...

မပြောဘဲလည်း ကြားနေတဲ့
နှုတ်ဆက်သံတွေကိုလည်း...
မတားဖြစ်ခဲ့တော့ဘူး...
ဒီလိုနဲ့ နင်နဲ့ငါ.. ဝေး... ဝေးသွားကြတာ..
ငါ ကြည့်လိုက်တဲ့ ရပ်ဝန်းမှာ...
နင့်မျက်ဝန်းတွေ ပျောက်ဆုံးသွားကတည်းကပေါ့...

အခုတော့...
ငါတို့အတူ မလျှောက်ဖြစ်ခဲ့တဲ့လမ်းတွေမှာ..
ငါ မသိတော့တဲ့ နင့်ရဲ့  အကြောင်းတွေနဲ့...
ငါ မရှိတော့တဲ့ နင့်ရဲ့  နေ့ရက်တွေအတွက်...
နင်လည်း နင့်ဘ၀နဲ့ နင်..
နေသားကျနေပြီ ထင်ပါရဲ့ ......ကွယ်...

***ဇူးငယ်***

Thursday, June 16, 2011

ငါ မသိလိုက်တဲ့ ကဗျာ..

ကံက ဆိုးမယ် ပြင်ရုံရှိပါသေးတယ်...
ငါတို့ကြားမှာ ရွာခဲ့တဲ့မိုး က
ရွာရန် ရွာနှုန်း တစ်ရာ အပြည့်နဲ့....
မယုံကြည်ဘူး သိနေပေမယ့် ငါ ရှင်းပြချင်သေးတယ်..
မလာတော့ဘူး သိပေမယ့် ငါ စောင့်ချင်နေသေးတယ်...
ငါ့ရဲ့  အပြုံးတွေဟာ ...
နင်မသိလိုက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်သလို...
နင့်မျက်လုံးထဲက အမုန်းတွေကလည်း...
ငါ မသိလိုက်တဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်..

***ဇူးငယ်***

Wednesday, March 9, 2011

လမင်းသို့ တမ်းချင်း...

အမေ...
ခလုတ်ထိလို့တော့ မဟုတ်ခဲ့ပါဘူး ...
ကျွန်တော့အတွက် အားတစ်ခုဖြစ်စေတဲ့
အမည်နာမလေး တစ်ခုပါ.. ..

အမေ...
မကျေနပ်တိုင်း တစ်က ပြန် စရင်း...
ကျွန်တော်ကလေ...
ဟောဒီ ရင်ဘတ် အဟောင်းကြီးနဲ့ ဘ၀မှာ
အမြဲတမ်း တစ်ပြီး ... အသစ်ဖြစ်နေရတဲ့ ကောင်...

အမေ...
"ဆန်ရေ" ဆိုတဲ့ ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုနိုင်ဖို့...
ခေတ်ကာလရဲ့  ရေစီးနဲ့ အမေနဲ့ ဝေးရာ ကျွန်တော် မျောရပြန်ပေါ့..
သံပတ်ပေးထားတဲ့ အသိတရားတွေနဲ့...
ကျွန်တော်က ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ...
ကျွန်တော် မပျော်ပေမယ့် မငိုပါဘူး အမေ...

အမေ..
ဘ၀ခရီးက တလမ်းသွားပါပဲ...
စိုင်းထီးဆိုင် သီချင်းထဲမှာ ကျွန်တော်ကြားဖူးတယ်...
အခါခါ ပြန်လှည့်ချင်တဲ့ သားက
အမေ့ကိုတော့ အရှူံးတွေ ချမပြချင်ခဲ့ဘူး..

အမေ...
ငွေ့ရည်ဖွဲ့နေတဲ့ အမေ့ မျက်ဝန်းလို..
ကျွန်တော့ ရင်မှာလည်း စိုထိုင်းဆတွေ သိပ်သည်းလို့...
ဥသြသံ .. ဆယ်နှစ်ရာသီ သာနေတဲ့ အရပ်မှာတောင်..
ကျွန်တော်က လွမ်းခွင့် မရှိဘူးတဲ့ ....

အမေ..
ဒီနေ့.. သာယာပါရဲ့ လား... ရာသီဥတုအပါအ၀င်
အမေရော.. ကျွန်တော်ရော...ကျွန်တော့် အိတ်ကပ်လေးရောပေါ့....
ဘ၀က နေသာထိုင်သာ မရှိသေးရင်တောင်မှ...
နေမညိုခင် အချိန်လေးမှာတော့...
အမေ့သား ကျွန်တော်လေ..... အမေ့ဆီ ပြန်ရောက်ချင်လှပြီ...

***ဇူး***
(၉.၃.၂၀၁၁)
.

Thursday, February 17, 2011

နွေဦးရောက်ရင်....

နွေဦးရောက်ရင်...
ဥသြနဲ့အတူ ကဗျာတပုဒ်... ဆိုမယ်...
ငါမသိခဲ့တဲ့ မင်းဘာသာစကားတွေကို နားလည်ဖို့လည်း ကြိုးစားရမယ်...

နွေဦးရောက်ရင်...
ဟိုတချိန်က ငါတို့ လွှတ်တင်ခဲ့ဖူးတဲ့ ကောင်းကင်ကြီးကို ... မော့ကြည့်မယ်....
မြေနီလမ်းလေးက ငယ်အိပ်မက်ဟောင်းတချို့ကို ပြန်ရှာမယ်...

နွေဦးရောက်ရင်...
စိုထိုင်းစ များတဲ့ရာသီတွေထဲက အတွေးတွေကို.... ရိတ်သိမ်းရမယ်...
ခပ်ဝေးဝေးက အရာတွေအတွက် လက်တကမ်းမှာ ပျောက်ဆုံးသွားရခြင်းကို အမှတ်ရစေမယ်....

နွေဦးရောက်ရင်....
သြော်... အမှတ်တရ... မမေ့မလျော့နဲ့... မင်းကိုလည်း အမှာပါးရဦးမယ်...
"နွေဦး..... အဲဒီနွေဦးရောက်ရင် .. ငါ့ကို သတိရပေးပါ....လို့."

Tuesday, December 28, 2010

ငါ့ရဲ့  ၂၀၁၀...

၂၀၁၀ ကို စာရင်း ချုပ်မိတော့မှ....
စိတ်ကူးနဲ့ လက်တွေ့က တော်တော် ကွာဟနေသလို....

ဇရာရဲ့ သမိုင်းက
အရေပြားပေါ်မှာ ချရေးတယ်...
၂၄ နာရီကို အာရုံပြုရင်း....
မသိမသာနဲ့ သုံးရာသီကို ငါမေ့လျော့ဖြစ်တော့...

သီးသန့်ဖြစ်တည်မှု့ကလည်း...
ဥတုရာသီနဲ့ ကင်းကွာနေသလို...
သင်္ခါရ သဘောတရားမှာ....
ငါ့ သံယောဇဉ်ကြိုးလေးတစ်ချောင်း ပါသွားတယ်...

ဒီနှစ်ထဲ.. ကကြီးနဲ့ ယပက်လက်ကြား နေမိသူမို့...
ငါ.. အပြစ်ရှိခဲ့လား...ကွယ်...
မမှားခဲ့ပေမယ့် .. မှန်ခဲ့ရဲ့လားလို့...
မှတ်ချက်တွေ မပေးတော့နဲ့...
ငါက သံသရာမှာ အယူခံမဝင်ချင်သူမို့....

၂၀၁၀ ရေ...
လျှောက်လမ်းတွေမှာ...
ခရီးကတော့ တော်တော်ပေါက်ခဲ့ပြီ ထင်ပါရဲ့..
နှစ်သစ်ကို ကြိုဆိုဖို့တော့...
ငါ... အပြုံးနဲ့ အတူ .. လေပြေကို စောင့်နေရစ်မယ်.......

Saturday, October 30, 2010

အဲဒီပြဿဒါးမှာ အိပ်မက်ပြာတွေကို မျှားခဲ့မယ်.....

အိမ်မက်ပြာပြာတွေကို မက်မက်စက်စက် ရှိုက်ခွင့်ရတဲ့ အခိုက်..
အဲဒီလမ်းဟောင်းလေးထဲ ကြွေကျခဲ့ဖူးတဲ့ ခြေရာတချို့တဝက်ကိုပဲ ကျွန်မ ကောက်ဖြစ်ခဲ့တော့တယ်....
သက်တန့်တွေ မိုးထားတဲ့ ကောင်းကင်မှာ စီးမျောပျော်ဝင်ဖို့...
အဲဒီ့ လေပြေနုတစ်ချက်နဲ့တင် ဘဝတစ်သက်စာ ပါသွားတယ်ဆိုတာ ဘယ်သူများ သိမှာပါလိမ့်။

ကိုယ့်ကြိုး ကိုယ်တပ်ပြီး ညှိမရတဲ့ သံစဉ်တချို့ကို သောတအာရုံနဲ့ မခံစားဖြစ်တော့တာလည်း ကြာနေခဲ့ပြီ...
ဟော... အပြုံးတွေ .. အပြုံးတွေ... မျက်တောင်တခတ်မှာပဲ.. ရင်ခွင်တစ်ခုလုံး ပြာဖြစ်သွားပြန်တယ်..
စောဒက တက်သံတွေပဲ နားထဲလျှံတော့... ချိုင့် ချိုင့်ဝင်သွားတဲ့ ဟောဒီရင်ဘတ်က နာလိုက်တာ....
ဆင်ကိုသတ် ၊ အစွယ်ကို ဖြတ်လို့ ဆင်ရုပ်ထုမှာတဲ့လား... ကျွန်မ မယုံချင်တော့ဘူး ..

သတ်မှတ်ချက်တွေကို ဖောက်ထွင်းဖို့.... တိုက်စားခံလိုက်ရတဲ့ ကမ်းပါးတွေအစား ကျွန်မ မြစ်ကိုပဲ နှုတ်ပိတ်ခဲ့လိုက်တယ်
အကြည်ညိုပျက်သွားတဲ့ တစုံတရာအတွက်... တခါတရံတော့လည်း ခြေချော်လက်ချော် အဆိပ်တက်နေရဦးမယ်....
တကယ်တော့ကွယ်...
တိတ်တိတ်ဆိတ်ဆိတ် ကျဆုံးရတယ် ဆိုတာမှာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်အောင် ရူးသွပ်ဖို့တော့ လိုမှာပေါ့...
ကဲ.. ပြောရင်းဆိုရင်း ... အဲဒီ ပြဿဒါးမှာမှ အိမ်မက်ပြာပြာတွေကို ကျွန်မ နှလုံးသားစစ်စစ်နဲ့ မျှားခွင့်ရတော့မယ်...

Thursday, October 7, 2010

ကျောခြင်းကပ်... စာမျက်နှာ....

ဒါဟာ.. ကျိန်စာ တစ်ပုဒ်မဟုတ်ခဲ့ပါဘူး... ချစ်သူ.........
တွဲထားတဲ့ လက်ကို ဆုပ်ကိုင်ထားမိတဲ့ခဏ......
ငါတို့ ရင်ခွင်တွေ တဒင်္ဂ လင်းလက်သွားခဲ့ဖူးတယ်......
မျှော်လင့်ရင်း ထုဆစ်ရတဲ့ မနက်ဖြန်တွေဆီ.... ချစ်သူလှမ်းသွားတော့..........
တော်ရာဆိုပေမယ့်လည်း မပျော်မယ့်အတူ မလိုက်ခဲ့တော့ဘူး....
ခြောက်ခြားဖို့ ကောင်းတဲ့ ပစ္စုပ္ပန်က ခံစားမှု့တွေကလည်း
ခြောက်ခြောက်သွေ့သွေ့နဲ့ နေရာယူထားပြန်တယ်........
မေတ္တာတရားရဲ့  ညီမျှခြင်းတွေ မှားယွင်းတတ်တာ... လက်တွေ့ကျကျသိလာရတဲ့ အခါ....
ဆုတ်ဖြဲခံရတဲ့ နှလုံးသားဒဏ်ရာတချက်နဲ့....
ချစ်သူ.... သံသရာအဆက်ဆက်.... ငါတို့ ... ဆက်မမှားကြရအောင်.....
ကိုယ်စီလျှောက်မယ့်လမ်းတွေအတွက်... ပေါ့.....
အိုကွယ်... ရင်ချင်းအပ်တဲ့ ချစ်သူတွေ မဟုတ်ပေမယ့်...
ငါတို့... ကျောချင်းကပ်..သူငယ်ချင်းတွေ.......ဖြစ်ခွင့်ရှိသေးတယ်မလား.....
အဲဒီနေ့က လှလှပပနဲ့ တော့ ကြွေမကျခဲ့ဘူး..... တိတ်ဆိတ်ခြင်းက မြည်ဟီးနေလို့.....
အဲဒီနောက်ဆုံး........ နောက်ဆုံး ဆိုတဲ့ စာမျက်နှာတွေမှာ... မှ.....
ငါတို့လက်နဲ့ လမ်းခွဲခြင်းကို ပျိုးရင်း.... အတိတ်ကို ကြိတ်မှိတ်မော့သောက်ဖြစ်လိုက်တယ်.....

Thursday, September 9, 2010

နှလုံးသားက ဖျားနာတဲ့ အခါ… ..

နှလုံးသားက ဖျားနာတဲ့ အခါ…
အချိန်အခါမဟုတ်ဘဲ … မျက်ဝန်းတွေက မိုးစွေတယ်ကွယ်….
တိတ်ဆိတ်ခြင်းက မေ့ပျောက်ခြင်းမှ မဟုတ်ခဲ့တာပဲ…..
ဒီလိုပါပဲ… ...ကိုယ့်ကိုကိုယ် သူရဲကောင်းလို့ ထင်တဲ့ ဒဏ္ဍာရီမှာ…
တားခွင့်မရှိတဲ့ မျှော်လင့်ခြင်းတွေ… မပြောဖြစ်တော့မယ့် စကားလုံးတွေ… တိုးလျညှိုးကျလို့….
သူ သွားမယ့် အရိပ်တွေနဲ့..… အို.. ကျွန်မ ကောင်းကင် မှောင်လိုက်တာ….

Saturday, August 28, 2010

ကြွေသွားတဲ့ ရနံ့...

မာယာတွေ မဟုတ်ခဲ့ရပါဘူး.......
ငါထုဆစ်ခဲ့တဲ့ ရနံ့တွေမှာ..... မင်း .....သက်ပြင်းတွေ တိုးတိတ်ခဲ့ရတာ....
စကားလုံးတိုင်းက ကဗျာဖြစ်ခွင့် မရကြတဲ့ အခါ......
ငါမသိတဲ့ ခံစားမှု့တချို့တဝက်နဲ့.... တိမ်ပြာပြာနေ့ရက်တွေ....
မင်းမျှားခဲ့တဲ့ ငါ့အိပ်မက်သက်သက်တွေ.....
တခါတလေတော့လည်း... မျှော်လင့်ခြင်းဆိုတာ ...တိတ်တိတ်လေးကြွေသွားရတဲ့ ပန်းလို....
သံသယ မိုးတွေရွာနေပြီဆို.... ငါ့ကို ထားရစ်ခဲ့ပါ....
ရင်တခင်းမှာ ပျိုးခဲ့တဲ့ သစ္စာတွေ ကျပျောက်တာလောက် ဝမ်းနည်းစရာကောင်းတာ မရှိခဲ့ဘူးလေ....
မခြားနားခဲ့ပေမယ့်...... တိုင်းတာလို့ မရအောင် ငါတို့.... ဝေးခဲ့ဖူးတယ်.....
အဲဒီမနက်ခင်းက မင်း........ မင်း....... ထင်တာထက် ငါ့ရင်မှာ ပိုခါးခဲ့ပါတယ်.......

Saturday, July 31, 2010

မတူညီသောညီမျှခြင်း

အမနှင့် မောင်လေး
ယောကျာ်း နှင့်မိန်းမ
အကြီး နှင့် အငယ်
ပြည်တွင်း နှင့် ပြည်ပ
မတူညီသော ဝါသနာနှင့်
မတူညီသော စိတ်ဝင်စားမှု
အစစ အရာရာမတူညီသော ဘ၀နှစ်ခု။

တူညီသော ခံယူချက်
တိုက်ဆိုင်သော ရည်ရွယ်ချက်တို့နဲ့
စတင်သိခဲ့သော ကျွန်တော်တို့နှစ်ယောက်။

မတူညီသော ဘဝနှစ်ခုမှာ
တူညီသော ပန်းတိုင်ကို ကိုယ်စီလျှောက်လှမ်းရင်း
တစ်ယောက်နှင့် တစ်ယောက် အားပေးကူညီရင်း
ဖြစ်ပေါ်လာသော Junction of Education
အောင်မြင်ပါစေဆုတောင်းရင်း...
မွေးနေ့မှာပျော်ရွင်ပါစေလို့ ဆုတောင်းရင်း...

26 (အမရဲ့ အသက်) = 26 (ကျွန်တော့်မွေးနေ့)

Monday, June 28, 2010

ပင်လယ်ရဲ့  အကွာအဝေး.....

ရင်တစ်ခုလုံး ကျကွဲတာတောင် ကဗျာတစ်ပုဒ် ဖြစ်မလာခဲ့ဘူး.. ကလေးရေ...
ပင့်သက်တွေကို လွမ်းရင်း ကလေး အိပ်မက်တွေကို ပျိုးစေချင်မိရဲ့ ....
အမှာစကားတွေ... မကြားနိုင်လောက်ရင်.... ကြုံခဲ့ဖူးတဲ့ အတိတ်တွေကို မေ့မပစ်ပါနဲ့....
ဟိုးတချိန်မှာ.... ငါတို့ အရိပ်တွေရှိနေခဲ့တယ်လေ....

ရာသီတွေ နှစ်ပတ်လည်....
တယုတယ မဟုတ်ပေမယ့်... တမြတ်တနိုးရှိခဲ့တဲ့... အဖြူရောင်တွေ...
ကလေးရေ... ငါ့လက်ကို တွဲထားပါ...
စကားတွေမလိုအပ်တော့တဲ့အခါ... ဆုပ်ကိုင်ထားတဲ့ နွေးထွေးမှု့တွေက
အေးစက်မှု့တွေ ကွယ်ပျောက်အောင် ..ထွေးပွေ့လိမ့်မယ်...

အကြည့်ချင်းဆုံမှတော့ မဟုတ်ပါဘူ...
အကွာအဝေးဆိုတာနဲ့... ရင်ချင်းခြားလို့မှ မရခဲ့ဘဲကွယ်...
နိုဝင်ဘာမှာ အလွမ်းတွေ ဆုံးတယ် ဆိုပေမယ့်လည်းလေ...
တစ်ရက်တည်းသော ဇွန်လရဲ့  မနက်ခင်းက ငါ့ကို အမှောင်ချပြန်တယ်...

ကလေးရေ...
ဒီလမ်းတွေ ကြမ်းတဲ့အခါ.... ဒီခလုတ်တွေ စူးတဲ့အခါ...
သင်္ကေတ တချို့မှာ... စိတ်ဓာတ်တွေ မယိမ်းလိုက်ပါနဲ့.....
ရည်ရွယ်ရာ မိုင်ပေါင်းများစွာအတွက်....နင်ထွန်းမယ့် သက်တန့်ကို မျှော်ရင်း
ငါ.....ငါလေ....ရောင်နီကို စောင့်နေပါ့မယ်...

Thursday, June 10, 2010

တံလျှပ်....

ရယူလိုတဲ့ ပေးဆပ်မှု့တွေကြား....
တံလျှပ်ကိုရေထင် ... မေမေရေ...
တကယ်တော့ အလျှံတညီးညီးနဲ့......

ကိုယ်မှန်ရင် ခေါင်းမရွေ့ဘူးတဲ့....
ဒါပေမယ့်လည်း တကိုယ်လုံး အရွှေ့ခံလိုက်ရတဲ့ အခါ...
ဘာမဆို ရင်ထဲမှာ ခါးတယ် မေမေ....

ဆေးခပ်ထားတဲ့ အပြုံးတွေထဲ....
ခွဲခြမ်းစိတ်ဖြာမိတော့ မချိပြုံးတွေ များနေသလားပဲ....
တခါတခါတော့ မေမေပေးတဲ့ အင်အားတွေကို အားနာမိတယ်... မေမေ...

ခံနိုင်ရည်.... အပြောင်းအလဲ....
ကာရန်မှာ ချိုပေမယ့် ...
ထိခတ်လိုက်တဲ့ အတွေ့အကြုံဆိုတာက....
ခံစားချက်တွေအတွက်တော့ မချိလောက်ဘူး.....

သမီး... တစ်နေ့တော့ နားလည်မှာပါ.... လို့ မေမေ ပြောလိုက်သလားလေ...
ဒါဟာ.... ဘဝအတွက်.... ကဗျာတစ်ပုဒ်....သံစဉ်တချို့ ....
စကားလုံးနှစ်လုံးရဲ့  ပုစ္ဆာကိုတောင် သမီး.. ဥာဏ်ရည်မမှီနိုင်ခဲ့လေတော့...
စိတ်မပျက်ပါနဲ့ မေမေ....
အလျှံညီးတဲ့ မီးပင်လယ်မှာ မေမေ့မေတ္တာနဲ့မှ ငြိမ်းချမ်းနိုင်မှာမို့....
ဒီပြန်လမ်းတွေကို ရင်နဲ့ခင်းလို့ လျှောက်ခဲ့ပါ့မယ်......

(အင်း ... စာလာဖတ်တဲ့ သူတွေကို စိတ်ညစ်အောင် လုပ်နေမိပြီလားမသိ။ အသည်းကွဲကဗျာနဲ့ စိတ်ညစ်ညူးစရာတွေပဲ ရေးနေမိသလားလို့ ကိုယ့်ကိုယ်ကိုယ်လည်း စဉ်းစားနေပါတယ်... စိတ်ဖိစီးမှု့များတဲ့ အခိုက် ရေးမိပေမယ့်.. ပျော်ပျော်နေတတ်တဲ့ သူပါလို့ပဲ ပြောပါရစေနော်..း))

Sunday, June 6, 2010

ကြာခဲ့ပြီ...

ရှိနေစေချင်သေးတယ်ဆိုတဲ့ စိတ်တစ်ခုက ဟောင်းခဲ့တာလည်း ကြာခဲ့ပြီ......
မရှိရင် မဖြစ်ဘူးဆိုတဲ့ စကားတစ်ခွန်း......
မရှိရင်လည်း ဘာမှ မဖြစ်ဘူးလို့ သဘောပေါက်လိုက်ရတဲ့အခါ...
အတိတ်တွေနဲ့ ငါ့အရိပ်မှာ နင် မညိုတော့နဲ့........

ကိုယ်ချင်းစာတရားတဲ့...
လှည့်စားတတ်တဲ့ နှုတ်ခမ်းတစ်စုံနဲ့...
ကတိမတည်သူရဲ့  သစ္စာစကားတွေ ကြားလိုက်ရတဲ့အခါ....
ငါ့နှလုံးသားက....တစ်ဘဝလုံးစာ......ခါးတယ်......

အကြောင်းရင်းတွေများလွန်းလို့.. အကြောင်းပြချက်မဲ့တဲ့ အခါ....
ကျောခိုင်းသွားတဲ့ ခြေသံတချို့ကို နားစွင့်မိတဲ့ အခါ......
သင်ခန်းစာတချို့အတွက် ငါ... နင့်ကို သတိရမိတဲ့အခါ.....
သေချာပါတယ်... ငါ့ အိပ်မက်ဟာ... နင် မဖြစ်စေရပါဘူး....

ဘာပဲဖြစ်ဖြစ်ပေါ့လေ...
သံသယတွေနဲ့ ကြည့်နေရတယ်ဆို.. မတွေ့မမြင်ရတာ ပိုကောင်းမယ်....
စကားတွေနဲ့ တိုက်ခိုက်နေရမယ်ဆို....ဘာမှ မပြောဖြစ်လိုက်တာပဲ ပိုကောင်းမယ်...
စိတ်ချင်းမနီးဘူးဆိုရင်... လူချင်းဝေးနေတာက ပိုကောင်းမယ်.....

အတုံ့အလှည့်နဲ့ လောကကြီးမှာ... နင်လက်မခံချင်ဆုံး..ငါ့အရှုံးတွေ ကြုံလာတိုင်း....
မျှဝေခံစားခြင်းဆိုတာ.. နင့််အဘိဓာန်မှာ မရှိမှတော့....
မတွေဝေပါနဲ့....ဝေးကွာခြင်းက ငါတို့ကြားမှာ ပြဌာန်းတယ်....

ငါ ဖြစ်ခွင့်မရတဲ့ ဖိတ်စာ တခြမ်းအတွက်လည်း...
ရင်ဘတ်ချင်းခြားရုံအပြင်...ဘာမှလည်း မထူးပါဘူး....
မလွမ်းသင့်တော့တဲ့ အခြေအနေတစ်ခုမှာ...နင်ပျော်ပါ....
ငါ့အတွက်တော့... ဘယ်စပျစ်သီးကမှ မချဉ်ဖူးခဲ့ပါဘူး....

တွေဝေတဲ့ မျက်ဝန်းတွေက...မပြတ်သားတတ်တဲ့ ပုံရိပ်...
လှည့်မကြည့်နဲ့... ငါက အဲဒီမျက်ဝန်းတွေကို အမုန်းဆုံး...
ကဲပါ... ချစ်ခြင်း မုန်းခြင်းကင်းတဲ့ နှုတ်ခမ်းနဲ့... ငါပြုံးလိုက်တဲ့ အခါတိုင်း...
နင့်နှလုံးသားကိုသာ အချက်ပေးလိုက်ပါ..... အရာအားလုံးပြီးဆုံးခဲ့ပြီလို့.....

Sunday, May 23, 2010

အလွမ်းပုံပြင်...

အဖြူနဲ့ အနက်ဟာ အရောင်မဟုတ်ဘူးလို့... နင်ငြင်းဆိုတဲ့အခါ...

ငါကတော့ နင့်ရဲ့  စာမျက်နှာမှာ အရောင်မဲ့....

တကယ်ပါ...

သက်ရောက်အားနဲ့ နှိုင်းယှဉ်လိုက်တိုင်း... ငါညှို့မှိုင်းနေခဲ့တာ....

ဖြစ်သင့်လို့ ဆိုတဲ့ စကားတစ်ခွန်းတော့ မသုံးလိုက်နဲ့….

တံတိုင်းတွေ ခြားလို့တော့ မဟုတ်ခဲ့ဘူး….

နင့် ကျောအခိုင်းမှာ… ဝေးကွာသွားခဲ့တာ.. ဘဝတစ်သက်စာ…

ဒီတိမ်တွေ လွင့်နေတိုင်း ငါ့ကောင်းကင်က

နင်ခြွေချခဲ့တဲ့ နေ့ရက်တွေအတွက်… ခပ်ဖွဖွ နာကျင်နေသေးသတဲ့….

နင့်တိမ်တိုက်တွေ ငါ့ကို အမှောင်ကျစေတဲ့ အခါ….

နင့်အိပ်မက်တွေ ငါ့အတွက် ရင့်သီးစေတဲ့ အခါ...

နင့်မုတ်သုန်က ငါ့ကို ရွာကျစေတဲ့ အခါ….

ထိခတ်တဲ့ ငါ့ရင်တခင်းလုံးနဲ့… ခပ်ရဲရဲပဲ ငါပြုံးပေးပါ့မယ်……….

ဒီလိုနဲ့.… ကာလအပိုင်းအခြားတစ်ခုမှာ စကားတွေဆိတ်သုန်း…

ငါ့နှလုံးသား ဆန္ဒကို…. ငါပြန်ကြားယောင်နေတုန်း………

အလွမ်းရောင်တွေ စွန်းထင်းတဲ့ မှတ်တမ်းတချို့အတွက်….

အဲဒီအတိတ်က ပုံပြင်တစ်ပုဒ်ကိုပဲ အကြိမ်ကြိမ် ချရေးဖြစ်ခဲ့တော့တယ်….

Wednesday, May 5, 2010

ကိုယ့်အတွက် ကိုယ်တိုင်ရေးကဗျာ...

ကိုယ့်လမ်း ကိုယ်ဖောက်...
ကိုယ့်အရိပ်...ကိုယ်ပျောက်နေမလား....
ကိုယ့်ခရီး ကိုယ်လျှောက်...
ကိုယ့်အတိတ် ... ကိုယ်ကြောက်နေရမတဲ့လား....

မုန်းတယ်...
ရကန်ကဗျာတွေကို... မုန်းတယ်.....
နိစ္စဓူဝပုံစံခွက်ကို မုန်းတယ်.....
တစ်နေ့တော့ ဆိုတဲ့ မျှော်လင့်ချက်ကို.. မုန်းတယ်....
လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့.. အိမ်မက်တချို့ကို မုန်း... မုန်းတယ်....

တခုတ်တရနဲ့ ငါ မျှားခဲ့တဲ့... နေ့ရက်တွေ...
ပစ္စလက္ခတ်နဲ့ မျောခဲ့..........
အသိတရားအချို့ကို ပေးပါ.....
ငါ့မိုးသောက်ယံတွေကို ရဲဆေးတင်ချင်လို့......

ဝိုးတဝါးကြားမိလိုက်တယ်....
တွေးကြောက်လို့တော့ မဖြစ်သေးဘူး....တဲ့...
စိုးထိတ်လို့လည်းမဖြစ်သေးဘူး.....တဲ့....
သြော်....ကိုယ့်အရိပ်.. ကိုယ့်အတိတ်နဲ့...
ကိုယ့်သမိုင်း....ကိုယ်ရေးရဦးမယ်လေ.....

(စာမေးပွဲနားနီးလို့ ကိုယ့်ကိုယ်ကို ရဲဆေးတင်ရင်း .. စာမကျက်ဘဲ ကဗျာရေးမိပါတယ်...)

Monday, April 26, 2010

ချစ်သူခါချခဲ့တဲ့ ချွေးတစ်စက်

ရင်နှင့်ရင်းလို့....ချစ်ခဲ့မှန်းလည်း သိပါရဲ့ ....
ညီမလေးရေ.... လရောင်အောက်က...
ဒီချစ်ခြင်းတွေ.... မီးမောင်းထိုးခဲ့ရမယ်လို့ မထင်ခဲ့မိဘူး....

ခပ်လွယ်လွယ်မသုံးခဲ့တာ.... သိရဲ့  နဲ့....
ရှားရှားပါးပါးမေတ္တာတရားက.... ဘဝအောက်မှာ...
ပြားပြားဝပ်ဆင်းလို့....

မတားရက်သူနဲ့ မထားရက်သူရဲ့ ....
ဂန္တဝင်မဆန်တဲ့ ခေတ်အဆက်ဆက် ပုံပြင်တွေ......
ကိုယ်တိုင်ကြုံမှ ရင်ခွဲခံရတယ်...ညီမလေးရယ်...

နှလုံးသားအာဟာရ....
ချို့ချို့တဲ့တဲ့ ဘဝတွေအတွက်.... ငတ်မွတ်ခေါင်းပါးနေခဲ့ရတယ်...
ဘယ်လိုအာဟာရမျိုးအတွက်တော့ မသိဘူး...
ချွေးမသိပ်နိုင်တဲ့ နေ့ရက်တွေမှာ...
ဘာပဲဖြစ်ဖြစ်......
ညီမလေးရေ... မင်းမှန်ပါတယ်........

Sunday, April 18, 2010

တေးသွား...

တောင်ပံခတ်သံတွေ... ဟိုးပင်လယ်ဆီက ကြားရတယ်...
အိပ်တန်းပြန်ငှက်တွေ... လမ်းပျောက်တဲ့ည....
မျက်ရည်မြစ်ရဲ့ ရေစီးနှုန်းဟာ...
အိမ်လွမ်းသူအတွက် ... စိုးရိမ်မှတ်ကျော်လွန်နေခဲ့....

စုန်ရေ..ဆန်ရေ...တွေ...
ဝဲဂယက်ရဲ့  ဗဟိုမှာ... တဖြည်းဖြည်းနစ်ဆင်း.....
သောင်မတင်.. ရေမကျဘဝတွေ.....
ကမ်းပျောက်နေတာလည်း အတော်ကြာခဲ့ပေါ့.....

အိမ်မက်တွေကို ပျိုးရမယ့်လက်က
ခွဲခွာခြင်းတဲ့လား....
နရီသံတွေ မြန်နေသလား...
လောကမာယာတောမှာတော့...
ငါ့ရင်ခုန်သံတွေ....... ပိုမြန်နေပါလိမ့်မယ်......

ထုံထိုင်းနေတဲ့ စိတ်တချို့က....
ရင့်ကျက်လာတဲ့ အချိန်အတိုင်းအတာတစ်ခုရဲ့  မှော်ကြိုး....
ပြုစားနေတဲ့ ခေတ်ရေစီးမှာတော့....
မျှော်နေသူနဲ့ ပေါ်မလာသူတို့ရဲ့  တေးသွား....
ငါသီဆိုဖို့တော့ မဝံ့ခဲ့ဘူး.....

Monday, March 22, 2010

အတိတ်မြို့ 

အကြင်နာတွေ လက်သိပ်ထိုးလို့
မြေစမ်းခရမ်းပျိုးပြီးမှ.....
ကန်လန်ကာ ချလိုက်ရတဲ့ နိဒါန်း........

လားရာတူခဲ့ပေမယ့်....
အသွားအပြန်ဆိုတာလည်း မညီမျှလေတော့....
ထားခဲ့လိုက်တော့..... ဟိုးအတိတ်တွေကို....
နာကြည်းစရာမှ မဟုတ်ခဲ့ဘဲ...
နာကျင်စရာတော့ ကောင်းပါလိမ့်မယ်.....

တည်ဆောက်ခဲ့သမျှ.. သက္ကရာဇ်တွေ.....
မှုန်မှိုင်းသွားတဲ့ မျက်ဝန်းညိုညိုတွေ....
အနားသတ်ထားတဲ့ ခံစားမှု့ ခပ်စိမ်းစိမ်းတွေ...
ချစ်သူ... မင်းမသိတဲ့.... တချို့... တချို့....တွေ...

အတ္တတွေ ပျိုးလက်တဲ့ အချိန်ခဏလေးမှာပဲ.....
ဘယ်သူမှ မသိလိုက်ဘဲ... ဘယ်သူမှလည်း မဖျက်ပါဘဲ....
တိတ်တိတ်ဆိတ်ဆိတ်နဲ့..... ငါ့မြို့လေး... ပျက်ခဲ့ရတယ်.....

Thursday, March 4, 2010

ငါ့နွေဦး....

ရာသီတွေ ထုပ်ပိုးတော့...
နွေဦးကလည်း အလျင်စလို........
အင်းလေ... ကြိုတင်အကြောင်းကြားစရာမှ မလိုခဲ့တာဘဲ...
ဒီလိုနဲ့..ကောင်းကင်ပြာပြာအောက်က
ငါ့နွေဦးမနက်ခင်းလည်း...........
ဥသြရဲ့  နွေကြိုအဖျားဆွတ်သံမှာ.....
အလွမ်းတွေနဲ့ ဣနြေ္ဒ မရလိုက်ဘူး.......

No comments:

Post a Comment