တီးမယ်

Tuesday, March 20, 2012

မိုးရွာမယ်ဆိုတာ ကြိုသိခဲ့ရင်...မိုးကာ အင်္ကျီ ဒါမှမဟုတ် ထီးယူလာတာပေါ့...

ဆုံးရှုံးမယ်မှန်း ကြိုသိခဲ့ရင်...အဲလောက် ပင်ပန်းခံပြီး မကြိုးစားပါဘူး....

နင် ငါ့ကို မချစ်ဘူးဆိုတာ ကြိုသိခဲ့ရင်...ရူးသွပ်စွာ နင့်ကို မချစ်ခဲ့ပါဘူး....

နာကျင်မယ်မှန်း ကြိုသိခဲ့ရင်... မစွန့်စားပါဘူး....

ဘာကြောင့်လူတွေက အရာအားလုံးကို ကြိုပြီး မသိကြရတာလဲ....
တကယ်လို့သာကြိုသိခဲ့ရင် အရာအားလုံး အဆင်ပြေမှာပဲနော်....အသည်းကွဲတယ်ဆိုတာလဲ ရှိမယ်မထင်ဘူး.... သွေးပျက်တယ်ဆိုတဲ့ စကားလုံးလဲ ကြားရမှာမဟုတ်ဘူး...

ဒါဆိုရင် ကြိုပြီး မသိဘူးဆိုတဲ့ အရာ က ရော ဘာလဲ.... တကယ်တော့ ဒါဟာ ကျွန်တော်တို့အားလုံး ကြိုမသိတဲ့ ကံကြမ္မာပါပဲ...
မိုးရွာမယ်ဆိုတာ ကြိုသိခဲ့ရင်...မိုးကာ အင်္ကျီ ဒါမှမဟုတ် ထီးယူလာတာပေါ့...

ဆုံးရှုံးမယ်မှန်း ကြိုသိခဲ့ရင်...အဲလောက် ပင်ပန်းခံပြီး မကြိုးစားပါဘူး....

နင် ငါ့ကို မချစ်ဘူးဆိုတာ ကြိုသိခဲ့ရင်...ရူးသွပ်စွာ နင့်ကို မချစ်ခဲ့ပါဘူး....

နာကျင်မယ်မှန်း ကြိုသိခဲ့ရင်... မစွန့်စားပါဘူး....

ဘာကြောင့်လူတွေက အရာအားလုံးကို ကြိုပြီး မသိကြရတာလဲ....
တကယ်လို့သာကြိုသိခဲ့ရင် အရာအားလုံး အဆင်ပြေမှာပဲနော်....အသည်းကွဲတယ်ဆိုတာလဲ ရှိမယ်မထင်ဘူး.... သွေးပျက်တယ်ဆိုတဲ့ စကားလုံးလဲ ကြားရမှာမဟုတ်ဘူး...

ဒါဆိုရင် ကြိုပြီး မသိဘူးဆိုတဲ့ အရာ က ရော ဘာလဲ.... တကယ်တော့ ဒါဟာ ကျွန်တော်တို့အားလုံး ကြိုမသိတဲ့ ကံကြမ္မာပါပဲ...

Monday, March 19, 2012

တစ်ခါတစ်လေတော့လည်း အချစ်ဆိုတာ

“ဟော ဟိုမှာလာနေပြီ အင်္ကျီအ၀ါလေးနဲ့ တွေ့လား? ငါပြောတာက အဲဒီကောင်မလေးကိုပဲ
သူ့နံမည်က သက်နွယ်တဲ့ ဘယ်လိုလဲ”
 ကောင်မလေးကို မေးငေါ့ပြရင်း သီရီကို မေးလိုက်တယ်။
“အင်း မဆိုးပါဘူး။ နင်က အဲဒီကောင်မလေးကို တကယ်ကြွေနေတာလား?”
သီရီက ကျွန်တော့်ရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း မေးတယ်။
“ဟုတ်တယ်ဟ။ ငါသူ့ကို တကယ်ကိုကြွေနေတာ၊ ဒါပေမယ့် သူက ငါကြွေနေမှန်းတောင်
သိပုံမပေါ်ဘူး။ နင်ငါ့ကို ကူညီပေးပါဟာ သူက နင်တို့အတန်းထဲကပဲဟာကို”
“ငါက နင့်ကို ဘယ်လိုကူညီပေးရမှာလဲ? နင့်အစား အဲဒီကောင်မလေးကို
ရည်းစားစကားပြောပေးရမှာလား?”
“ဟာ! သီရီကလည်း အဲဒီလို မဟုတ်ဘူးလေ။ နင်ကလည်း အ တဲ့နေရာကျတော့ အ ပြန်ပြီ။”
“နင်ကလည်း ငါမှ မသိတာကို”
သီရီပုံစံက တကယ်ပဲ မသိတဲ့ ပုံစံမျိုးပင်။
“ငါဆိုလိုတာက ဒီလိုမျိုးလေ။ သူက နင်တို့အတန်းထဲကဆိုတော့ နင်သူနဲ့
ရင်းနှီးအောင်လုပ် ပြီးရင် ငါ့ကိုသူနဲ့ မိတ်ဆက်ပေးလေ။ ကျန်တဲ့
အပိုင်းကတော့ ငါ့ဘာသာ ငါကြည့်ပြီး စီစဉ်မယ်။”
သီရီက ကျွန်တော်ပြောတာကို နားထောင်ပြီး ဘယ်လိုအမည်တပ်ရမှန်းမသိတဲ့
အကြည့်တစ်မျိုးနဲ့ ကျွန်တော့် မျက်လုံးကို သေချာစိုက်ကြည့်ရင်း
“နင်တကယ်ပဲ အဲဒီကောင်မလေးကို စိတ်ဝင်စားရင် ငါကူညီပါ့မယ်၊ ဒါပေမယ့်
ငါ့ကို အချိန်ပေးဦးနော်။ ငါက သူနဲ့ သူငယ်ချင်းဖြစ်အောင်
အရင်လုပ်ရဦးမယ်လေ”
“အေးပါ ငါသိပါတယ်ဟ ဒါပေမယ့် သိပ်တော့ မကြာစေနဲ့နော် သိလား။ အားကိုးပါတယ်
သူငယ်ချင်းရယ် ငါ့မှာ အကူအညီတောင်းစရာ နင်ပဲရှိလို့ပါ”
သီရီကတော့ ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ ကျွန်တော်တို့
နှစ်ယောက် ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ ထွက်လာခဲ့ကြတယ်။ အဲဒီနေ့က
အိမ်ပြန်လမ်းတစ်လျှောက်လုံး ကျွန်တော့်ကို သီရီ ဘာစကားမှမပြောခဲ့ဘူး။
       တကယ်တော့ သီရီက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း။ တစ်နည်းပြောရရင်
သီရီက ကျွန်တော့်ရဲ့ အနိုင်ကျင့်ဖော် အနိုင်ကျင့်ဖက်။ ကျွန်တော့်အပေါ်ကို
အနစ်နာခံသူကို ပြပါဆိုရင် ရွေးနေစရာမလိုပါဘူး ကျွန်တော် သီရီကိုပဲ
ပြမိမှာပဲ။ အဲဒီလောက်ထိ သီရီက ကျွန်တော့်အပေါ်ကို ကောင်းခဲ့ပါတယ်။
ဒါပေမယ့် သီရီနဲ့ကျွန်တော်က ကလေးဘ၀ထဲက သူငယ်ချင်းဖြစ်ခဲ့ကြတာတော့
မဟုတ်ပါဘူး။ သီရီ ၈တန်းနှစ်ကမှ ကျောင်းပြောင်းပြီး
ကျွန်တော်တို့ကျောင်းကို ရောက်လာခဲ့တယ်။ အဲဒီတုန်းက သီရီပုံစံက
သိပ်ကိုရီိစရာကောင်းတယ်။ ခန္ဓာကိုယ်က အရမ်းဝပြီး မျက်နှာမှာလည်း
ဝက်ခြံတွေနဲ့ ပြည့်နှက်နေတာပဲ။ တခြားမိန်းကလေးတွေက အလှအပကို
ခုံမင်နေကြချိန်မှာ သီရီကတော့ အလှအပထက် အရသာရှိတဲ့ ဟန်ဘာဂါတစ်လုံးကိုပဲ
ပိုပြီးမက်မောလေ့ရှိတဲ့ မိန်းကလေးမျိုးပါ။ သီရီမှာ ယောကျာ်းလေးတွေ
ကြိုက်လောက်တဲ့ အချက်မပြောနဲ့၊ ရွက်ကြမ်းရေကျိုဆိုတဲ့ မျက်နှာမျိုးတောင်
မပိုင်ဆိုင်ပါဘူး။ ကျွန်တော်တို့ကျောင်းမှာ အကျင့်တစ်ခုရှိတယ်။ အဲဒါကတော့
အသစ်ရောက်လာတဲ့သူကို ကျောင်းမှာရှိတဲ့ အထာခပ်ကြီးကြီး ကျောင်းသား၊
ကျောင်းသူတချို့က တစ်နည်းမဟုတ်တစ်နည်း ပညာပြတာပါပဲ။
ကျွန်တော်တို့ကျောင်းမှာ ပိုက်ဆံရှိတဲ့မိဘတွေရဲ့ သားသမီးတွေများတာမို့
ဂုဏ်ခြင်း၊ အလှအပခြင်းတွေက အပြိုင်အဆိုင်ပါပဲ။ ရုပ်ဆိုးတဲ့သူဆိုရင်
အပေါင်းအသင်းမလုပ်ချင်ကြတာမို့ ကျောင်းမှာရှိတဲ့ ကျောင်းသား၊
ကျောင်းသူတွေကြားမှာ သီရီတစ်ယောက် တော်တော်ကို ဒုက္ခရောက်ခဲ့ရတယ်။
ကျွန်တော်ကလည်း အဲဒီလို ဂုဏ်တွေ အလှအပတွေ ပြိုင်ဆိုင်တာကို
သိပ်မုန်းတဲ့သူ ဆိုတော့ စာသင်ခန်းထဲမှာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ
တစ်ယောက်တည်း အေးဆေးပဲ နေခဲ့တယ်။ ခပ်ချောချောကျောင်းသူတွေကြားမှာ
အနှိမ်ခံရတဲ့ သီရီကို ကြည့်ရင်းနဲ့ ကျွန်တော်သနားလာခဲ့တယ်။
ဘ၀ပေးကုသိုလ်ကြောင့် မလှမပဖြစ်နေပေမယ့် သီရီပုံစံက ကြည့်လိုက်ရုံနဲ့
လူကုန်ထံအသိုင်းအ၀ိုင်းကမှန်း သိသာပါတယ်။ တစ်နေ့တော့
ကျွန်တော်နေမကောင်းဖြစ်လို့ တစ်ပတ်လောက်ကျောင်းပျက်လိုက်
ရတယ်။
ကျောင်းပြန်တက်တော့ ကျွန်တော့်မှာ ကျောင်းပျက်တုန်းက စာတွေကူးဖို့အတွက်
စာအုပ်ငှားဖို့ သူငယ်ချင်းမရှိခဲ့ဘူး။ ဘယ်သူနဲ့မှ
အပေါင်းအသင်းမလုပ်ချင်တဲ့ ကျွန်တော့်ကို စာအုပ်ငှားမယ့် သူငယ်ချင်းမရှိတာ
အဆန်းတော့ မဟုတ်ပါဘူး။ တစ်ပတ်လုံးလုံးကျောင်းပျက်ထားတာမို့
ဘယ်သင်ခန်းစာတွေရောက်နေမှန်း မသိဘဲ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျွန်တော့်ကို သီရီက ကူညီခဲ့ပါတယ်။ ကျောင်းပျက်ရက်က သင်ခဲ့တဲ့
စာတွေကိုလည်း ကျွန်တော့်ကို ကူပြီး ကူးပေးတာမျိုးတွေ လုပ်ပေးခဲ့ပါတယ်။
အဲဒီအချိန်ကတည်းကစပြီး သီရီနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်ခဲ့ပါတယ်။
       ဆယ်တန်းအောင်တော့ သီရီက ဒီဇိုင်းကို ၀ါသနာပါတာကြောင့် ကျောင်းဆက်မတက်ဘဲ
သင်တန်းတွေတက်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်ကတော့
ကျောင်းကိုပဲဆက်တက်ခဲ့တယ်။ ဒီလိုနဲ့ သီရီက သူဝါသနာပါတဲ့ပညာရပ်မှာ
တော်တော်ကိုထူးချွန်လာပြီး နံမည်တစ်လုံး နည်းနည်းရလာခဲ့တယ်။
အဲဒီအချိန်မှာ ထူးချွန်နေပြီဖြစ်တဲ့ ပညာရပ်ကို ထပ်ပြီး
လေ့လာချင်သေးတဲ့အတွက် နိုင်ငံခြားမှာ သွားသင်ဖို့ သီရီ ကျွန်တော့်ကို
အကူအညီတောင်းခဲ့တယ်။  အဲဒါက သီရီ ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်လို့
ကျွန်တော့်ကို သီရီတစ်ခါပြောပြဖူးတယ်။ နိုင်ငံခြားမှာ အလုပ်တစ်ဖက်နဲ့
ပညာသင်ချင်တဲ့ သီရီအတွက် ကျွန်တော်ကူညီပေးခဲ့ပါတယ်။ နိုင်ငံခြားက
ကုမ္မဏီတော်တော်များများက သီရီ ကို လာရောက်အလုပ်လုပ်ဖို့ ဖိတ်ခေါ်ကြပေမယ့်
သီရီ ကတော့ ဘာကြောင့်မှန်းမသိ အားလုံးကို ငြင်းပစ်ပါတယ်။ ကျွန်တော်က
သီရီကို မေးတော့လည်း နိုင်ငံခြားမသွားချင်တော့လို့ပါဆိုတဲ့ စကားကလွဲပြီး
တိကျတဲ့ အဖြေကို မရခဲ့ပါဘူး။ သီရီဘာကြောင့် သူမရဲ့
အခွင့်အရေးကောင်းတွေကို လက်လွှတ်ခဲ့လည်း ကျွန်တော်ဒီနေ့အထိ လုံးဝကို
နားမလည်ခဲ့ပါဘူး။
       ကျွန်တော့်ဘ၀မှာ ကျွန်တော့်အပေါ်ကို ကောင်းတဲ့သူက ကျွန်တော့်မိဘကလွဲရင်
သီရီပါပဲ။ ကျွန်တော် သီရီကို ဘယ်လောက်ပဲ ရစ်ရစ်၊ ဘယ်လောက်ပဲ နှိမ်နှိမ်
သီရီကတော့ အပြုံးတောင် မပျက်ခဲ့ပါ။ ကျွန်တော် မှတ်မိသေးတယ်
ကျွန်တော်တို့နှစ်ယောက် ဆယ်တန်းဖြေပြီး အောင်စရင်းမထွက်သေးတဲ့
အချိန်အတွင်းမှာ သင်တန်းတစ်ခုကို အတူတူကို တက်ခဲ့တဲ့ အချိန်တုန်းကပေါ့။
အလှအပကို ဂရုမစိုက်တတ်တဲ့ သီရီရဲ့ အကျင့်အတိုင်းပဲ ကျွန်တော်နဲ့
အတူသင်တန်းတက်ရင် ဖရိုဖရဲနဲ့ သီရီရဲ့ ပုံစံက သိပ်ကို
ရီစရာကောင်းလွန်းပါတယ်။ မြင်သူတိုင်း စချင်တဲ့စိတ်ဖြစ်အောင်
သီရီရဲ့ပုံစံက တကယ်ပဲ အဲဒီလိုဖြစ်နေတာပါ။ တစ်နေ့တော့
ကျွန်တော်တို့နှစ်ယောက် သင်တန်းကို လမ်းလျှောက်သွားရင်း
ဘေးနားဖြတ်သွားတဲ့ လူတွေတော်တော်များများက သီရီရဲ့ပုံစံကို ကြည့်ပြီး
ပြုံးစိစိနဲ့ လုပ်သွားကြတယ်။ တချို့ဆိုရင် စနောက်ပြောတောင် ပြောသွားတယ်။
ကျွန်တော့်ဘေးကနေ မနားမနေစကားတွေ တစ်ခွန်းပြီးတစ်ခွန်းပြောနေတဲ့
သီရီကတော့ ဘယ်သိပါ့မလဲ။ ကြာလာတော့ ကျွန်တော် တင်းလာခဲ့တယ်။
မိန်းကလေးဖြစ်ပြီး သပ်သပ်ရပ်ရပ် မနေတတ်တဲ့ သီရီကို ဒေါသဖြစ်မိတာတော့
အမှန်ပဲ။ လူတွေရဲ့ မျက်လုံးမှာ ကျွန်တော်တို့နှစ်ယောက်ကို
မလိုက်ဖက်တဲ့စုံတွဲလို့ ယူဆနေတဲ့ မျက်ဝန်းတွေကိုလည်း ကျွန်တော်
သည်းမခံနိုင်တော့တာ အမှန်ပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်လေ ရုပ်မချောမလှရင်တောင်မှ
သပ်သပ်ရပ်ရပ်နေတတ်တဲ့ မိန်းကလေးကိုပဲ စိတ်ဝင်စားကြတာမဟုတ်လား။ အဲဒီနေ့က
မသပ်မရပ်ဖြစ်နေတဲ့ သီရီနဲ့ ကျွန်တော့်ကို တလွဲထင်နေတဲ့ လူတွေကို
မကျေမနပ်ဖြစ်တာလား? မိန်းကလေးဖြစ်ပြီး အလှအပကို စိတ်မ၀င်စားတဲ့ သီရီကိုပဲ
ဒေါသထွက်တာလား မပြောတတ်ဘူး။ ကျွန်တော် သီရီကို အကြောင်းမရှိ
အကြောင်းရှာရစ်ပြီး သင်တန်းမတက်ဘဲ လမ်းတစ်ဝက်နဲ့တင် အိမ်ကို
ပြန်လာခဲ့တယ်။ သီရီကတော့ ကျွန်တော့်ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့
ကြည့်ပြီး လမ်းလယ်ခေါင်မှာ တစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ညဘက်ကျတော့
ကျွန်တော့်ဆီကို သီရီ ဖုန်းဆက်လာတယ်။ သူ့ကို စိတ်မဆိုးဖို့ ကျွန်တော့်ကို
တောင်းပန်တာပေါ့။ ကျွန်တော်လည်း တော်တော်ကို မကျေမနပ်တာက တစ်ကြောင်း၊
သီရီကို မိန်းကလေး ပီပီသသဖြစ်စေချင်တာ တစ်ကြောင်းနဲ့
သပ်သပ်ရပ်ရပ်လေးနေဖို့ပြောလိုက်တယ်။ အဲဒီအချိန်ကစပြီး သီရီရဲ့ ပုံစံက
အရင်နဲ့ မတူဘဲ ပြောင်းလဲလာတာကို ကျွန်တော်သတိထားမိလာခဲ့တယ်။
       အခုဆိုရင် သီရီက အရင်လို မသပ်မရပ်နဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။
ဘ၀ပေးတဲ့ ကုသိုလ်ကြောင့် မလှမပမျက်နှာကို ပိုင်ဆိုင်ထားရပေမယ့်
ကြည့်ပျော်ရှုပျော် မိန်းကလေးတစ်ယောက်အဖြစ် သီရီ ပြောင်းလဲလာခဲ့တာအမှန်ပဲ။
ကျောင်းတုန်းကလို ၀၀တုတ်တုတ်နဲ့ အစားကိုပဲ ခုံမင်ပြီး ဖရိုဖရဲနေတတ်တဲ့
သီရီ မဟုတ်တော့ဘဲ သွယ်သွယ်လှလှနဲ့ ကြည့်လို့လှတာတော့ အမှန်ပဲ။
ပြောင်းလဲလာတဲ့ သီရီရဲ့ ပုံစံကြောင့် သီရီကို ချည်းကပ်လာတဲ့
ယောကျာ်းလေးတွေ ရှိလာခဲ့တယ်။ ဒါပေမယ့် အားလုံးကို သီရီက
ငြင်းပစ်ခဲ့တာချည်းပဲ။ တစ်ခါတစ်လေ ကျွန်တော်က နောက်ပြောင်ပြီး သီရီရယ်
နင်ရည်းစားလေးတစ်ယောက်လောက် ထားကြည့်ပါလားလို့ ပြောရင် သီရီက
ကျွန်တော့်မျက်လုံးကို စေ့စေ့ကြည့်ပြီး ငါတစ်ယောက်တည်းပဲ နေချင်တယ်လို့
ပြန်ပြောခဲ့တာလည်း အခါခါပါပဲ။ သီရီ တကယ်ပဲ ယောကျာ်းလေးတွေကို
စိတ်မ၀င်စားတာလား? ချစ်တဲ့သူမတွေ့သေးတာလား? ကျွန်တော်ကိုယ်တိုင်တောင်
သေချာမသိတာ အမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့
ခင်မင်မှုသက်တမ်းလေး ၁၀ နှစ်ကျော်လာခဲ့တယ်။ အဲဒီအချိန်ထိ
ကျွန်တော်တို့နှစ်ယောက်လုံး ရည်းစားမထားဖူးကြသေးပါဘူး။
        သီရီနဲ့ ကျွန်တော်က အလုပ်ခြင်းမတူပေမယ့် အမြဲတမ်းလိုလို
တွေ့ဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကလည်း သီရီရဲ့ သင်တန်းတွေ သွားတတ်သလို၊
သီရီကလည်း ကျွန်တော့်ရဲ့ သင်တန်းတွေ ခဏခဏလာတတ်ပါတယ်။ တစ်နေ့တော့
ကျွန်တော် သီရီဆီကို အလုပ်ကိစ္စနဲ့သွားတွေ့ရင်း သက်နွယ်နဲ့
အမှတ်မထင်တွေ့ခဲ့တယ်။ သက်နွယ်ကို တွေ့တွေ့ချင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့
ခံစားမှုကို ကျွန်တော်ခံစားလိုက်ရတယ်။ သက်နွယ်ရဲ့ ပုံစံက
သိပ်ပြီးမရိုးရှင်းပေမယ့် သူမနဲ့ အရမ်းကို လိုက်ဖက်တဲ့ပုံစံမျိုးပါပဲ။
သွက်သွက်လက်လက်နဲ့ မြင်သူတိုင်း ရင်အေးစေမယ့် မျက်နှာတစ်ခုမှာ
ရိုးရှင်းတဲ့ အပြုံးလေးပိုင်ဆိုင်ထားတာက သက်နွယ် ကျွန်တော့်ကို
ဆွဲဆောင်နိုင်တဲ့ အချက်လို့ ကျွန်တော်ထင်မိတယ်။ အဲဒီအတွက်ကြောင့်မို့
ကျွန်တော် သီရီရဲ့ အကူအညီနဲ့ သက်နွယ်အနားကို ချည်းကပ်ဖို့ကြိုးစားခဲ့တယ်။
ကျွန်တော့်အတွက်ဆိုရင် အမြဲအနစ်နာခံ ကူညီပေးနေတဲ့ သီရီကတော့ ဒီတစ်ခါလည်း
ကျွန်တော့်အတွက် အကောင်းဆုံးဖြည့်စီးပေးခဲ့တယ်။
“သီရီ စားလေ၊ ထည့်စားအားမနာနဲ့”
“အေးပါဟာ ငါစားပါ့မယ် ဒါပေမယ့် ငါ့ကို ဘာကြောင့်ဒီလိုဆိုင်ကို ခေါ်လာပြီး
ထူးထူးခြားခြားကျွေးရတာလဲဟ ဘာလဲ နင်အလုပ်သစ်ရလို့လား? နင်
အလုပ်သစ်လျှောက်တယ်လို့လည်း ငါမကြားမိပါဘူး။”
ဈေးကြီးပြီး အစားအသောက်ကောင်းတဲ့ စားသောက်ဆိုင်မှာ လိုက်ကျွေးတာမို့
သီရီအတွက် ထူးခြားနေတာပေါ့။
“ငါအလုပ်သစ်ရလို့ မဟုတ်ပါဘူး၊ ဘယ်အလုပ်သစ်မှလည်း ငါမလျှောက်ပါဘူး။ အခုဟာက
နင်င့ါကို ကူညီပေးထားတဲ့ သက်နွယ်ကိစ္စလေ ငါဒီနေ့ပဲ သက်နွယ်ဆီက
အဖြေရခဲ့တယ်။ ဒီနေ့ပဲ ငါတို့နှစ်ယောက်ချစ်သူဖြစ်သွားပြီ။ အဲဒါကြောင့်
ငါနင့်ကို ကျေးဇူးတင်လို့ ကျွေးတာပါ။”
စားနေဆဲ သီရီရဲ့ လက်တွေ ရုတ်တရက်တွန့်ဆုတ်သွားတာ ကျွန်တော်သတိထားမိလိုက်တယ်။
“ဒါဆိုရင် သက်နွယ်က နင့်ကို ချစ်တယ်လို့ အဖြေပေးလိုက်ပြီပေါ့ ဟုတ်လား”
သီရီရဲ့ အမေးကို ကျွန်တော် ပျော်ရွှင်မှုတွေ အပြည့်မျက်နှာနဲ့
ခေါင်းငြိမ့်ပြလိုက်တယ်။
“နင့်အတွက် ငါဂုဏ်ယူပါတယ် လင်းထိုက်”
စားနေဆဲ ထမင်းကို လက်စသတ်ရင်း ကျွန်တော့်မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း
သီရီက အဲဒီစကားကိုပြောတယ်။ အဲဒီအချိန်က သီရီရဲ့ မျက်လုံးတွေထဲမှာ
အမည်မသိတဲ့ အကြည့်တစ်မျိုးပါဝင်နေခဲ့တာကို ကျွန်တော်သိနေတယ်။
“စားဦးလေ သီရီ တော်ပြီလား? ”
ကျွန်တော့်အမေးကို သီရီက ခေါင်းငြိမ့်ပြရင်း
“အင်း ငါဝပြီ၊ ရင်ပြည့်သလိုဖြစ်နေလို့ ငါသိပ်မစားနိုင်ဘူး။ နင်က
ငါ့ကိုဒီလိုကျွေးမယ်ဆိုလည်း ကြိုပြောမှပေါ့”
 သီရီ ကြိုးစားပြီးတော့ ပြုံးရှာပါတယ်။ ဒါပေမယ့် အပြုံးကတော့ အသက်မပါဘူးဖြစ်နေတယ်။
“ငါအလုပ်ကိစ္စချိန်းထားတာ ရှိသေးလို့ သွားတော့မယ် လင်းထိုက်”
ပြောရင်း သီရီက ဆိုင်ထဲက ထွက်သွားဖို့ ပြင်လိုက်တယ်။
“ငါနောက်မှဖုန်းဆက်လိုက်မယ် သွားပြီနော်”
ကျွန်တော် စကားပြန်ပြောဖို့ ပြင်နေတုန်းမှာပဲ သီရီကတော့ စားပွဲထပြီး
ဆိုင်အပြင်တောင် ရောက်နှင့်နေပြီ။ အရင်က ဒီလိုမဟုတ်တဲ့ သီရီက
အခုဒီလိုမျိုးလုပ်သွားတော့ ကျွန်တော့်ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့တယ်။
ဆိုင်ရဲ့ စားပွဲမှာ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်နဲ့
ဘယ်လောက်ကြာသွားလဲ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မသိလိုက်ဘူး
သက်နွယ်ဖုန်းဆက်မှပဲ ကျွန်တော် ညနေဘက်မှာ သက်နွယ်နဲ့ ချိန်းထားတာကို
သတိရပြီး ဆိုင်ကနေ အပြေးထွက်ပြီး ကျွန်တော်သိပ်ချစ်တဲ့ ချစ်သူလေး
သက်နွယ်ဆီကို အရောက်သွားခဲ့တယ်။ အဲဒီနေ့က သက်နွယ်နဲ့ ကျွန်တော်တစ်ညနေလုံး
အတူတူအချိန်ဖြုန်းပြီး ည၇နာရီလောက်မှ သက်နွယ်ကို အိမ်ပြန်ပို့ပေးပြီး
ကျွန်တော့်အိမ်ကို ပြန်ခဲ့တယ်။ အိမ်အပြန်လမ်းတစ်လျှောက်လုံး သာမက
အဲဒီညတစ်ညလုံးပါ ကျွန်တော့်အတွေးထဲမှာ သက်နွယ်တစ်ယောက်ပဲ
စိုးမိုးနေခဲ့တယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သက်နွယ်ကို သိပ်ချစ်တယ်။ သက်နွယ်က
ကျွန်တော့်ဘ၀ရဲ့ အချစ်ဦးလည်းဖြစ်သလို၊ ကျွန်တော့်ရဲ့
လက်တွဲဖော်အဖြစ်လည်း ကျွန်တော်ရည်ရွယ်ခဲ့တယ်။ ကျွန်တော်နဲ့
သက်နွယ်တွဲသွားရင် ကျွန်တော်တို့နှစ်ယောက်ကို အားကျပြီး ကြည့်ရတဲ့
လူတွေရဲ့ မျက်လုံးတွေကို ကျွန်တော်ကျေနပ်သလို၊
ဒီလိုရုပ်ရည်ချောမောလှပခြင်းနဲ့ ပြည့်စုံတဲ့သက်နွယ်ရဲ့
ချစ်သူဖြစ်ခွင့်ရတာကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော်ဂုဏ်ယူမိတယ်။
အချိန်တိုင်း အမြဲတမ်း သွက်သွက်လက်လက်နဲ့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့
အလှတရားကို လက်ကိုင်ထားနိုင်တဲ့ သက်နွယ်ကို ကျွန်တော်ချစ်မိတာ
ကျွန်တော်မမှားဘူးလို့ ကိုယ့်ကိုကိုယ်ထင်ခဲ့မိတယ်။
ကျွန်တော်နဲ့ သက်နွယ် ချစ်သူဖြစ်ခဲ့ပေမယ့်လည်း သီရီနဲ့ ကျွန်တော်
အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ အရင်လိုပဲ ခင်သလို၊ အရင်လိုပဲ သီရီနဲ့
ကျွန်တော်မကြာခဏဆိုသလို သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ရိုးရိုးသားသားတွေ့ဖြစ်ကြတုန်းပဲ။ တွေ့ဖြစ်ကြတိုင်းလည်း အရင်လို
တစ်ယောက်တည်းမဟုတ်တဲ့ ကျွန်တော်က ကျွန်တော်သိပ်ချစ်တဲ့
သက်နွယ်အကြောင်းတွေကို အပ်ကြောင်းထပ်မက သီရီကို ပြောပြပြီးရင်ဖွင့်တယ်။
အဲဒီလိုအချိန်တိုင်း သီရီက ကျွန်တော့်ခံစားချက်တွေကို နားထောင်ပေးပြီး
ကျွန်တော့်ကို အမည်မသိတဲ့ မျက်လုံးမျိုးနဲ့ ကြည့်လေ့ရှိတယ်။ အဲဒါက
ဘယ်လိုအကြည့်မျိုးလဲဆိုတာ ကျွန်တော်မသိပေမယ့် အဲဒီအကြည့်ကတစ်ဆင့်
ဝမ်းနည်းနေတယ်ဆိုတဲ့ အငွေ့အသက်ကို ကျွန်တော်ဖတ်မိတာ အမှန်ပဲ။ အေးလေ
သီရီဘက်က ကြည့်ရင် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ ကျွန်တော်က
ချစ်သူရှိနေပြီဆိုတော့ သီရီလည်း ကျွန်တော့်ကို အားကျမှာပေါ့လို့
လွယ်လွယ်ပဲ တွေးခဲ့မိတယ်။ ဘယ်အချိန်၊ ဘယ်နေရာပဲဖြစ်ဖြစ် ကျွန်တော်ကို
တွေ့ရင် အမြဲတမ်း တက်တက်ကြွကြွနဲ့ ခေါ်ပြောနှုတ်ဆက်နေကြ သီရီက ကျွန်တော်နဲ့
သက်နွယ် လျှောက်သွားရင်း အမှတ်တမဲ့ သီရီနဲ့တွေ့တဲ့အခါ
မမြင်ချင်ယောင်ဆောင်ပြီး ကျွန်တော့်ကို မခေါ်ဘဲ တခြားဘက်ကို
လှည့်ထွက်သွားတာမျိုး ကျွန်တော်ခဏခဏကြုံဖူးတယ်။ အကြောင်းကတော့
ကျွန်တော်တို့နှစ်ယောက်ကို အနှောင့်အယှက်မပေးချင်တဲ့ သဘောပါပဲ။ သီရီက
အဲဒီလောက်ထိ ကျွန်တော့်အပေါ်ကို အလိုက်သိပေးခဲ့ဖူးတဲ့
သူငယ်ချင်းကောင်းပါပဲ။ ဒီကမ္ဘာမှာ ကျွန်တော့်အကြောင်းကိုသိတာ
ကျွန်တော်ပြီးရင် သီရီဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။
ကျွန်တော့်ချစ်သူဖြစ်တဲ့ သက်နွယ်မသိတဲ့ ကျွန်တော့်အကြောင်းတွေကိုတောင်
ဒီလိုနဲ့ ကျွန်တော်တို့ ချစ်သူဖြစ်တာ ၆လ ကျော်လာခဲ့တယ်။
အချိန်နည်းနည်းလေး ကြာလာတော့ သက်နွယ်အကြောင်းကို ကျွန်တော်ပိုပြီး
သိလာခဲ့ရတယ်။ နဂိုက သွက်သွက်လက်လက်နဲ့ ထက်မြက်မှုကြောင့် သက်နွယ်မှာ
အပေါင်းအသင်းများမှန်း ကျွန်တော်သိခဲ့ပေမယ့် အချိန်ကြာလာတော့ သက်နွယ်က
အချစ်ရေးမှာ ဆရာတစ်ဆူဖြစ်နေမှန်း တော်တော်ကို နောက်ကျမှ
ကျွန်တော်သိလိုက်ရတယ်။
အဲဒီနေ့က ကျွန်တော် အလုပ်ကိစ္စနဲ့ နယ်ဘက်ကို သွားဖို့ ကိစ္စဖြစ်လာတယ်။
အလုပ်ကိစ္စနဲ့ ခရီးသွားတာကတော့ မကြာခဏဆိုသလို သွားနေကြမို့
ကျွန်တော့်အတွက် အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သိပ်မဝေးတဲ့ခရီးတွေသွားတိုင်း
ကျွန်တော့်ကားနဲ့ ကျွန်တော်ပဲ သွားလေ့ရှိတယ်။ အခုတော့ ကျွန်တော့်ကားက
အင်ဂျင်ချထားတာမို့ ကျွန်တော့်ကားနဲ့သွားဖို့ မဖြစ်နိုင်၊ သွားရမှာကလည်း
သိပ်မဝေးဘဲ ကိုယ်တိုင်ကိုယ်ကျမောင်းသွားရင် နေ့ချင်းပြန်လို့ရတဲ့
ခရီးမျိုးဖြစ်လို့ ကျွန်တော်ကိုယ်တိုင်ပဲကားမောင်းပြီး သွားချင်တယ်။
အဲဒီအတွက်ကြောင့်လည်း ကျွန်တော့်ရဲ့ သူငယ်ချင်း သီရီကို
နှိပ်စက်ရပြန်တယ်။ ကျွန်တော့်ဘေးနားမှာ သီရီရှိရင် ကျွန်တော့်အတွက်
အရာရာက အဆင်ပြေသလိုပါပဲ။ ဒီလိုနဲ့ သီရီ ကားကို ယူပြီး ကျွန်တော်
ခရီးသွားခဲ့တယ်။ အလုပ်ကိစ္စက တော်တော်နဲ့ မပြီးပြတ်သေးတာမို့
ညနေစောင်းလောက်မှ ပြန်ခဲ့ရတယ်။ အပြန်လမ်းမှာ မိုးကလည်း သည်းကြီးမဲကြီးကို
ရွာနေတော့ အရင်လို ကားကို အရှိန်ပြင်းပြင်းနဲ့ မမောင်းနိုင်ခဲ့ဘူး။
ဂရုစိုက်မောင်းနေတဲ့ကြားကပဲ ရုတ်တရက်ကားက ထိုးရပ်သွားတယ်။
ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကားကို မောင်းရုံပဲမောင်းတတ်တယ်။
ပြင်ဖို့ဆိုတာ ဝေးလို့ ကားဘိန်းတောင် မလဲတတ်တဲ့ အဖြစ်။ မိုးကလည်း
သည်းကြီးမဲကြီးရွာနေတဲ့မို့ ကားအပြင်ဘက်ကိုလည်း ထွက်လို့မရ၊
ကားစက်ပူနေလို့များလားလို့ စိတ်ထဲထင်ပြီး ခဏလေး
စက်ကိုအေးအောင်စောင့်ကြည့်ရင်း ကားစက်ကို ပြန်နှိုးကြည့်တယ်။ ဒါပေမယ့်
မရဘူး။ ၊ အကူအညီတောင်းစရာဆိုလို့ ဘာအရိပ်အရောင်မှ မတွေ့ရဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးက မိုးသံ၊ လေသံတွေ ဖုံးလွှမ်းလို့၊ ဒီနေ့
သက်နွယ်ရှိုးပွဲသွားမယ်လို့ ပြောတယ်။ ကျွန်တော်က အလုပ်ကိစ္စရှိလို့
ဒီနေ့တော့ သက်နွယ်သူငယ်ချင်းတစ်အုပ်စုနဲ့ သွားလိမ့်မယ်။ နာရီကို
ကြည့်လိုက်တော့ ၉ နာရီ ဒီအချိန်ဆိုရင်တော့ ရှိုးပွဲပြီးလောက်ပြီ ထင်တယ်။
သက်နွယ်ကားနဲ့ ကျွန်တော့်ဆီကို လာဖို့ သက်နွယ်ဆီကို ဖုန်းဆက်ကြည့်တယ်။
ဒါပေမယ့် ဖုန်းလုံးဝမကိုင်ဘူး။ အကြိမ်ကြိမ် ကြိုးစားပြီးဆက်ပေမယ့်
သက်နွယ်ရဲ့ အသံကို လုံးဝမကြားရဘူး။ ဒါနဲ့ ကျွန်တော် သီရီဆီကို
ဖုန်းဆက်ပြီး ဒီညတော့ ကားကို ပြန်မပို့ပေးနိုင်တဲ့အကြောင်း
ပြောပြလိုက်တယ်။ ကားပျက်တဲ့ အကြောင်းကိုပြောတော့ သီရီက စိုးရိမ်တဲ့အသံနဲ့
ဘယ်နားမှာလဲ၊ ဘာလုပ်ပေးရမလဲ အတင်းမေးတာပဲ။ ကျွန်တော့်ကို စိတ်မပူဖို့နဲ့
သက်နွယ်ကို လာခေါ်ဖို့ ပြောထားတယ်လို့ သီရီကို ပြောလိုက်တယ်။ ဒီတော့မှ
သီရီက စိတ်ချသွားတယ်ထင်တယ်။ ကျွန်တော့်ကို ဂရုစိုက်ဖို့ပြောပြီး
ဖုန်းချသွားတယ်။ သီရီနဲ့ ဖုန်းပြောပြီးလို့ သက်နွယ်ဆီကို
ကျွန်တော်ဖုန်းပြန်ဆက်တယ်။ ဒါပေမယ့် လုံးဝကို ခေါ်လို့မရခဲ့ဘူး။
သေချာပါတယ် ဒီညတော့ ကျွန်တော် ဒီနေရာမှာပဲ မိုးတွေလေတွေကြားထဲမှာ
ဖြတ်သန်းရတော့မယ်။
တစ်နေကုန် အလုပ်ကိစ္စနဲ့ လုံးပန်းနေရတာမို့ လူလည်းတော်တော်ချည်းကို
ပင်ပန်းနှုံးခွေနေပြီ။ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်နဲ့မို့
ကျွန်တော်ကားပေါ်မှာ အိပ်ပျော်မှန်းမသိပျော်သွားခဲ့တယ်။
“ဒေါက်  ဒေါက်  ဒေါက်”
ဒီအသံက တစ်စုံတစ်ရောက် ကားမှန်တံခါးကို လာခေါက်တဲ့အသံပဲ။
ကျွန်တော့်စိတ်ထဲမှာ အိမ်မက်ထဲက အသံလိုလို၊ တကယ့်လက်တွေ့လိုလို၊
နောက်တစ်ခါ အဲဒီအသံကို ထပ်ပြီးကြားရတော့မှ ကျွန်တော်အိပ်ရာကနေ
နိုးလာခဲ့တယ်။ အခုချိန်ထိ မိုးကလည်း ရွာလို့ကောင်းတုန်းပဲ။ အသံလာရာကို
လှည့်ကြည့်လိုက်တော့ တစ်ကိုယ်လုံး မိုးရေတွေ ရွှဲစိုနေတဲ့ သီရီ၊
ထီးဆောင်းထားပေမယ့် ဒီလောက်သည်းတဲ့မိုးကို ထီးက အကာအကွယ်မပေးနိုင်၊
“သီရီ ဘာလို့လိုက်လာတာလဲ။ မိုးရေတွေ ရွှဲကုန်ပြီ။ လာ ကားထဲဝင်လေ”
“ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ ကားကိုယူလာခဲ့တယ်။ နင်လိုအပ်တဲ့ ပစ္စည်းပဲ
ယူပြီး ငါနဲ့လိုက်ခဲ့ ကားကိုတော့ ဒီမှာပဲ ထားခဲ့လိုက်တော့”
ကျွန်တော်လည်း လိုအပ်တဲ့ ပစ္စည်းတွေကိုယူပြီး သီရီနဲ့ ရန်ကုန်ကို ပြန်ခဲ့တယ်။
“နင်ဘာဖြစ်လို့ လိုက်လာတာလဲ သီရီ”
“နင်နဲ့ဖုန်းပြောပြီး ခဏနေတော့ နင့်ဆီကို ငါဖုန်းပြန်ဆက်သေးတယ်။ ဒါပေမယ့်
နင့်ဖုန်းက စက်ပိတ်ထားတယ်တဲ့။ ကြည့်ရတာ နင့်ဖုန်းအားကုန်သွားလို့
ငါထင်တယ်။ အဲဒါနဲ့ ငါ သက်နွယ်ဆီကို ဖုန်းဆက်တယ်။ သူက ဖုန်းမကိုင်ဘူး။
တော်တော်ကြာကြာမှ ဖုန်းဆက်လို့ရတယ်။ အဲဒီတော့ ငါကနင်ဖုန်းဆက်သေးလားလို့
မေးတော့ သက်နွယ်က နင်ဖုန်းဆက်ထားတော့တွေ့တယ်တဲ့။ အဲဒါနဲ့ ငါလည်း
နင်သက်နွယ်ဆီ ဖုန်းဆက်လို့မရဘူးဆိုတာကို ငါသိရတာ။ နောက်ပြီး မိုးတွေကလည်း
အရမ်းကို သည်းနေတော့ ငါနင့်ကို စိတ်မချတာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
ကားကို ခဏဆိုပြီး ယူလာခဲ့လိုက်တာ”
တစ်ကိုယ်လုံး မိုးရေတွေနဲ့ ရွှဲနေတာမို့ ခိုက်ခိုက်တုန်ရင်း သီရီက
ကျွန်တော်မေးတာကို ပြန်ဖြေနေတယ်။ သီရီရဲ့ မျက်နှာကို
ကျွန်တော်လှန်းကြည့်လိုက်တော့ မိုးမိထားလို့ ထင်တယ်။ နှုတ်ခမ်းတွေ
ပြာပြီး၊ မျက်နှာတစ်ခုလုံးဖြူဖပ်ဖြူရော်ဖြစ်နေတယ်။
ဒီလောက်မိုးကြီးလေကြီးဖြစ်နေတဲ့ အချိန်မှာ ကျွန်တော့်အတွက် စိတ်ပူပြီး
မိန်းကလေးတစ်ယောက်တည်း အဝေးပြေးလမ်းမပေါ်ကို ကားမောင်းလာခဲ့တဲ့ သီရီကို
ကျွန်တော်သိပ်ပြီး ကျေးဇူးတင်မိသလို၊ အခက်အခဲဖြစ်နေချိန်မှာ
ကျွန်တော့်ဖုန်းကို မကိုင်နိုင်အောင် ရှိုးပွဲကြည့်နေတာကို မပျက်မခံတဲ့
ကျွန်တော့်ကို ချစ်ပါတယ်လို့ တစ်ဖွဖွပြောလေ့ရှိတဲ့ ကျွန်တော့်ချစ်သူကို
တော်တော်လေး ဒေါသထွက်မိတယ်။
       ရန်ကုန်ပြန်ရောက်တော့ မိုးက နည်းနည်းလေးစဲနေပြီ။ အချိန်ကတော့
ည၂နာရီရှိနေပြီမို့ အိမ်ကို မပြန်ဘဲ သီရီ အိမ်မှာပဲ ကျွန်တော်အိပ်ဖို့
ဆုံးဖြတ်လိုက်တယ်။ သီရီရဲ့အိမ်မှာ သီရီရဲ့ မောင်လေးပဲရှိတယ်။ သီရီရဲ့
အဖေ၊အမေက နိုင်ငံခြားကို သွားလိုက်ပြန်လိုက်နဲ့မို့ အိမ်မှာမရှိတာက
များတယ်။ သီရီရဲ့ မောင်လေးကလည်း သီရီနဲ့ အသက်တစ်နှစ်ပဲကွာတာမို့
ကျွန်တော်နဲ့လည်း သူငယ်ချင်းလိုဖြစ်နေတယ်။ သီရီကတော့
သူ့မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့အတူ သူ့အခန်းမှာ သပ်သပ်အိပ်ပြီး
ကျွန်တော်နဲ့သီရီမောင်လေးကတော့ တစ်ခန်းပေါ့။ နောက်နေ့မနက် ကျွန်တော်
အိပ်ရာနိုးတော့ သီရီက အိမ်မှာမရှိတော့ဘူး။ အလုပ်ကို သွားနှင့်ပြီ။
ကျွန်တော်နဲ့သီရိမောင်လေးပဲ ရှိတာမို့ အဲဒီမှာပဲ မနက်စာစားပြီး
ကျွန်တော်အိမ်ကို ပြန်ခဲ့တယ်။ မနေ့ညက မိုးမိတာရော၊ မနေ့က ပင်ပန်းတာရော
ပေါင်းပြီး သိပ်နေမကောင်းချင်တာမို့ အိမ်ရောက်ရောက်ချင်းပဲ
အိပ်ပစ်လိုက်တာ နောက်နေ့ မနက်ကျမှပဲ ကျွန်တော်နိုးတော့တယ်။
အိပ်ရာကနိုးတော့ သက်နွယ် ကျွန်တော့်ဆီကို ဖုန်းဆက်ထားသေးလားလို့ ဖုန်းကို
ကြည့်မိတယ်။ အလုပ်ကဆက်ထားတဲ့ ဖုန်းတွေသာတွေ့ပြီး သက်နွယ်ဆီကတော့
စာလေးတစ်စောင်တောင် ရောက်မလာခဲ့ဘူး။ သြော်…ဒါလား နင့်ရဲ့ အချစ်ဆိုတာ…
ငါ့ကို သိပ်ချစ်ပါတယ်ဆိုတဲ့ ကောင်မလေးရယ်……
       အလုပ်ကိစ္စတွေကို နေ့လည်ကတည်းက အပြီးသတ်ပြီး သီရီဆီကို သွားဖို့
စဉ်းစားလိုက်တယ်။ ဟိုတစ်နေ့က သီရီရဲ့ ကားကို ကျွန်တော်ပြင်ပေးရဦးမယ်လေ။
သီရီဆီကို ဖုန်းဆက်လိုက်တော့ သီရီရဲ့ မောင်လေးနဲ့ပဲတွေ့တယ်။ အဲဒီတော့မှ
သီရီ နေမကောင်းလို့ ဆေးရုံတင်ထားရမှန်း သီရီ မောင်လေး ပြောပြလို့
ကျွန်တော်သိခဲ့ရတယ်။ အဲဒီသတင်းကို ကြားကြားခြင်း ကျွန်တော်သိပ်ကို
စိတ်ပူသွားခဲ့တယ်။ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စကို ထားခဲ့ပြီး သီရီဆီကို
သွားဖို့ပဲ ကျွန်တော့်စိတ်ထဲမှာရှိနေခဲ့တယ်။ အင်ဂျင်ချထားတဲ့
ကျွန်တော့်ကားပြန်ရပြီမို့ သီရီ တက်နေတဲ့ ဆေးရုံကို သွားခဲ့တယ်။
လမ်းတစ်လျှောက်လုံးလည်း ကားကို အရှိန်ပြင်းပြင်းမောင်းရင်း စိတ်ထဲမှာ
သီရီ အန္တရာယ်ကင်းဖို့ပဲ ဆုတောင်းနေခဲ့မိတယ်။ အလျင်လိုရင် အနှေးရဆိုသလိုပဲ
သီရီဆီကို အမြန်ရောက်ချင်မှပဲ မီးပွိုင့်တွေက တစ်ခုပြီးတစ်ခုမိနေတယ်။
ကျွန်တော်ပဲ စိတ်လောနေတာလား? အချိန်ကပဲ ကျွန်တော့်ကို လှည့်စားနေလား
မပြောတတ်ဘူး ပုံမှန်ဆိုရင် နာရီဝက်လောက်ပဲ မောင်းရတဲ့ခရီးကို အခုချိန်မှာ
တော်တော်ကို ကြာနေတယ်လို့ ကျွန်တော်ထင်မိတယ်။ ဆေးရုံရောက်ဖို့
နည်းနည်းအလိုလောက်မှာ မီးနီတစ်ခုနဲ့ ကြုံလို့ ကားရပ်ထားတုန်း
ကျွန်တော့်ဆီကို ဖုန်းတစ်ခုဝင်လာခဲ့တယ်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့
သက်နွယ် ဆက်တာပဲ။
“ဟဲလို သက်နွယ်ပြော”
အေးစက်စက်နဲ့ပဲ သက်နွယ်ရဲ့ဖုန်းကို ဖြေလိုက်တယ်။ အပေါင်းအသင်းဆန့်ဝင်တဲ့
သက်နွယ်က ကျွန်တော့်အသံကို နားထောင်ရင်း ကျွန်တော်စိတ်ထဲမှာ သူမကို
မကျေမနပ်ဖြစ်နေမှန်းသိသွားပုံရတယ်။
“ဟိုနေ့က ဖုန်းမကိုင်ဖြစ်တဲ့အကြောင်းကို တောင်းပန်မလို့ပါ”
အခုချိန်မှာတော့ ကျွန်တော့်စိတ်ထဲမှာ သီရီဆီကို အမြန်ရောက်ချင်တဲ့စိတ်က
စိုးမိုးနေတာမို့ သက်နွယ်နဲု့ဖုန်းထပ်ပြီး မပြောချင်တာအမှန်ပဲ။
“သြော်….   အဲဒီကိစ္စလား အဲဒါဆိုရင် နောက်မှပြန်ဆက်လိုက်တော့
အခုငါမအားဘူးဖြစ်နေလို့”
ပြောပြီးပြီးချင်းပဲ သက်နွယ်ဘက်က ဘာပြန်ပြောမယ်ကို
ကျွန်တော်နားမထောင်တော့ဘဲ ဖုန်းကိုချပစ်လိုက်တယ်။ အလိုမကျရင်
စိတ်ကောက်ပြီး ချော့ရခက်တဲ့ သက်နွယ် စိတ်ကောက်မှာကို
ကျွန်တော်မစိုးရိမ်တော့ဘူး။ သက်နွယ်က တစ်ခါတစ်ခါ
သိပ်ကိုချစ်ဖို့ကောင်းပေမယ့် စိတ်ကောက်၊စိတ်ဆိုးတဲ့ဘာသာမှာလည်း
တော်တော်ကို ကျွမ်းကျင်တတ်မြောက်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ
သက်နွယ်စိတ်ဆိုးမှာကိုလည်း ကျွန်တော့်စိတ်ထဲမှာမရှိသလို၊ မပြီးပြတ်သေးတဲ့
အလုပ်တွေကို ထားပြီး ထွက်လာတဲ့အတွက် ကျွန်တော့်အထက်က လူကြီးနဲ့
စကားများရမှာကိုလည်း ကျွန်တော်မတွေးမိပါဘူး။ အခု ကျွန်တော့်စိတ်ထဲမှာ
ရှိနေတဲ့ဆန္ဒတစ်ခုက သီရီဆီကို အမြန်ဆုံးရောက်ဖို့ပါပဲ။ သီရီ
အခုလိုဆေးရုံတက်ရတာ ကျွန်တော့်အပြစ်လို့ ခံစားနေရတယ်။ အဲဒီညက သီရီသာ
ကျွန်တော့်ဆီကို လိုက်မလာခဲ့ရင် သီရီ အခုလိုဖြစ်မှာမဟုတ်ဘူးလို့
ကျွန်တော်ထင်နေမိတယ်။
       ဆေးရုံကိုရောက်တော့ ဖြူဖွေးနေတဲ့ အိပ်ရာခင်းနဲ့ အပြိုင် ဖြူရော်နေတဲ့
သီရီရဲ့ အသားအရည်ဟာ ကျွန်တော့်ရဲ့ ရင်ထဲမှာ ဆို့နစ်မှုကို ခံစားလိုက်ရတယ်။
ကျွန်တော်ရောက်နေတာတောင် သီရီက မသိနိုင်အောင်ကို အိပ်မောကျနေတယ်။
နစ်ပ်တစ်ယောက်ရဲ့ အပြောအရ သီရီ ညတုန်းက အဖျားတက်နေလို့
ကောင်းကောင်းအိပ်မရမှန်း သိလိုက်ရတယ်။ ပင်ဂိုက အာရုံကြောအားနည်းတာမို့
ဆရာဝန်က သီရီကို ကားကြာကြာမမောင်းဖို့ သတိပေးခဲ့ပြီးသား၊ ဟိုနေ့ညက
ကျွန်တော့်ဆီကို သီရီ လာခဲ့တာ အနည်းဆုံးမကြာဘူးဆိုရင် နှစ်နာရီလောက်
ကားမောင်းခဲ့ရတယ်။ နောက်ပြီး အဲဒီညက သီရီ မိုးမိခဲ့သေးတယ်။
ပြန်စဉ်းစားရင် အားလုံးက ကျွန်တော့်ကြောင့်လို့ပဲ
တစ်ထစ်ချပြောလို့ရလောက်အောင်ပဲ။ ကုတင်ဘေးမှာ ထိုင်ရင်း ဖြူဖျော့နေတဲ့
သီရီရဲ့ လက်ကလေးကို ဖွဖွလေး ဆုပ်ကိုင်မိတယ်။ ကိုယ်ပူရှိန်ကြောင့်
နွေးနေတဲ့ သီရီရဲ့လက်ကလေးက ပူလောင်နေတဲ့ ကျွန်တော့်ရင်ထဲကို အမည်မသိတဲ့
အေးမြမှုကို ခံစားလိုက်ရတာတော့ အမှန်ပဲ။ ကျွန်တော်လည်း အချိန်သိပ်မရလို့
သီရီဆီမှာ ခဏလေးနေပြီး ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးတော့ စိတ်ထဲမှာ
ခံစားမှုအပေါင်းရှုပ်ထွေးလျှက်ပေါ့။
       ညနေစောင်း အလုပ်က ဆင်းချိန်လောက်မှာ ကျွန်တော့်ဆီကို
သက်နွယ်ဖုန်းဆက်လာပြန်တယ်။ အသံကတော့ မနက်တုန်းကလို
ကြည်ကြည်လင်လင်အသံမျိုးမဟုတ်ပေမယ့် သူ့ဘက်က အမှားကိုတော့
တောင်းပန်ချင်နေပုံပဲ။ ရှေးကအချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ လူတွေ
ပြောခဲ့ကြတာ အချစ်ရေးမှာ အချစ်ကြီးတဲ့သူက ရှုံးတယ်တဲ့။ ဒီလိုပါပဲ
ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့ သက်နွယ်ကို အရှုံးပေးလိုက်ရတာ
အဆန်းတော့မဟုတ်ပါဘူး။ အလုပ်ကနေ အိမ်အပြန် သီရီဆီ သွားဦးမယ်လို့
စိတ်ကူးရင်း ကားကို ဆေးရုံဆီကို မောင်းနေတုန်း ကျွန်တော့်ဆီကို သီရီ
ဖုန်းဆက်လာတယ်။ သီရီနဲ့ ဖုန်းပြောပြီး အခြေအနေက
သိပ်မစိုးရိမ်ရတော့ဘူးလို့ ထင်လို့ ကျွန်တော်အိမ်ကိုပဲ ပြန်ခဲ့တယ်။
အဲဒီညက ကျွန်တော့်အတွေးထဲမှာ သီရီကို စိတ်ပူတာနဲ့ သုံးရက်လောက်
မတွေ့ရတာဖြစ်တဲ့ ကျွန်တော့်ချစ်သူ သက်နွယ်ကို သတိရတဲ့စိတ်တွေ
လွန်ဆွဲနေခဲ့တယ်။
       နောက်နေ့ကို အိပ်ရာစောစောထပြီး မနက်ဘက်လမ်းထလျှောက်တတ်တဲ့ သက်နွယ်ကို
သွားတွေ့ဖို့ ပြင်ဆင်လိုက်တယ်။ ခါတိုင်း သက်နွယ်လေ့ကျင့်ခန်းတဲ့
နေရာတွေကို သွားရင် ကျွန်တော်လိုက်သွားလေ့ရှိတာမို့ သက်နွယ်မရောက်ခင်
အရင်ရောက်နှင့်အောင် မနက်အစောကြီးထပြီး အဲဒီနေရာမှာ သွားစောင့်နေခဲ့တယ်။
သက်နွယ်ကတော့ သူမ လာနေကြအချိန် အတိအကျအတိုင်းပဲ
အဲဒီနေရာကိုရောက်လာခဲ့တယ်။ ဒါပေမယ့် သက်နွယ်တစ်ယောက်တည်းတော့ မဟုတ်ခဲ့ဘူး
သက်နွယ်ဘေးမှာ ခပ်ချောချောကောင်လေး တစ်ယောက်နဲ့ အတူတူလာတာကို
ကျွန်တော်မြင်လိုက်ရတော့ သ၀န်တိုသလို ရင်ထဲမှာလည်း အောင့်သက်သက်နဲ့။
သက်နွယ်က ကျွန်တော့်ကို အခုချိန်ထိ မမြင်သေးဘူး၊ သူ့ဘေးက ကောင်လေးနဲ့
အကြည်စိုက်လို့ ကောင်းတုန်းပေါ့။ ကျွန်တော့်ကို တွေ့သွားတော့ သက်နွယ်က
ဘာမှမဖြစ်သလို ပြုံးပြပြီး သူ့ဘေးက ကောင်လေးကို နှုတ်ဆက်ပြီး
ကျွန်တော့်ဆီကို လာခဲ့တယ်။ ဒါပေမယ့်လည်း ခေတ်စကားနဲ့ပြောမယ်ဆိုရင်
အထာကျပြီး ဆရာဖြစ်တဲ့ သက်နွယ်ကို ကျွန်တော် ဘယ်လိုလုပ်ပြီးတော့များ
ရင်ဆိုင်နိုင်မှာလဲ?
       သီရီလည်း ဆေးရုံက ဆင်းပြီး အလုပ်တောင် ပြန်ဝင်နေပြီ။ အခြေအနေအားလုံးလည်း
ပုံမှန်လို အဆင်ပြေနေခဲ့ပြီ။ ကျွန်တော်နဲ့ သက်နွယ်လည်း ချစ်သူဘ၀ကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းပေါ့။ တစ်နေ့တော့ သီရီ ကျွန်တော့်ဆီကို
လာပြီး သူနိုင်ငံခြားကို အပြီးထွက်သွားတော့မယ် အကြောင်းပြောတယ်။
ရုတ်တရက်မို့ ကျွန်တော် အံ့အားသင့်ပြီး ဘာစကားမှ ပြန်မပြောနိုင်ခဲ့ဘူး။
သီရီကတော့ အရင်လို တည်တည်ငြိမ်ငြိမ်နဲ့ပဲ။ ဘယ်တော့သွားရမှာလဲလို့
ကျွန်တော်က မေးလိုက်တော့ နောက်တစ်ပတ်နေရင်တဲ့။ ကျွန်တော့်ရင်ထဲမှာ
ဒိန်းကနဲဆိုပြီး ဖြစ်သွားတယ်။ တကယ်တော့ တစ်ပတ်ဆိုတဲ့ အချိန်ဟာ
ခဏလေးနဲ့ပြီးသွားမှာပဲ မဟုတ်ဘူးလား။ သီရီရဲ့ အဖေနဲ့ အမေက
နိုင်ငံခြားမှာဆိုတော့ သီရီအတွက်လည်း အဆင်ပြေတယ်လို့ သူမက ၀မ်းမနည်းသလို
ဟန်ဆောင်ပြီး ပြောနေပေမယ့် သူမရဲ့ မျက်ဝန်းဟာ အသက်မဲ့နေမှန်း အဲဒီနေ့က
ကျွန်တော်ဖတ်နိုင်ခဲ့တယ်။ အဲဒီနေ့က ကျွန်တော်တို့ နှစ်ယောက်စလုံး
ပြောစရာစကားတွေ များနေပေမယ့် သိပ်မပြောဖြစ်ခဲ့ကြဘူး။ အဲဒီနေ့က
အိမ်ပြန်လမ်းမှာ ကျွန်တော်ဟာ ဆွံ့အသူတစ်ယောက်လုံးလုံးကို ဖြစ်နေခဲ့တယ်။
       အိမ်ပြန်ရောက်တော့ အ၀တ်အစားတောင် မလဲနိုင်ဘဲ အိပ်ရာပေါ်ကို ဘုန်းကနဲ
ပစ်လှဲလိုက်တယ်။ ရင်ထဲမှာ အရင်းနှီးဆုံး သူငယ်ချင်းကို
ဘယ်အချိန်ပြန်တွေ့မှန်း မသိအောင် ခွဲခွာရမှာကို ၀မ်းနည်းနေတာလား?
ကျွန်တော့်ရဲ့ မရှိမဖြစ်လိုဖြစ်နေတဲ့ အရာတစ်ခုကို ဆုံးရှုံးရမှာမို့လို့
ကျွန်တော်ကြောက်နေတာလား? ကျွန်တော့်ကိုယ်ကျွန်တော်တောင် ဝေခွဲမရအောင်
ကျွန်တော့်စိတ်တွေ အလုပ်ရှုပ်တဲ့ညတစ်ည ဖြစ်နေခဲ့တယ်။ တချိန်လုံးမြည်နေတဲ့
ဖုန်းကို ကိုင်ပြီး စကားပြောဖို့ ဝေးလို့ ဘယ်သူဆက်မှန်း သိအောင်တောင်
ဖုန်းကို လှည့်မကြည့်ခဲ့မိဘူး။ နောက်ပြီး အဲဒီညက အိပ်ခြင်းကို
နှစ်သက်တဲ့ကျွန်တော့်အတွက် ဘ၀မှာ ပထမဆုံး အိပ်မရတဲ့ညလည်း ဖြစ်တယ်။
တစ်ညလုံး ကျွန်တော့်ကိုယ်ကျွန်တော် အိပ်ရာထက်မှာ ဘာတွေတွေးလို့
တွေးနေမိမှန်း မသိအောင်ကို စိတ်နဲ့ကိုယ်နဲ့ ကင်းကွာနေတဲ့ ညလည်းဖြစ်တယ်။
       နောက်နေ့မနက်ထိ ကျွန်တော့်စိတ်ထဲမှာ ဝေခွဲရခက်တဲ့ ခံစားမှုကို
ခံစားနေရတုန်းပဲ။ ညတုန်းက ဖုန်းဆက်တာကို မကိုင်လို့ စိတ်ဆိုးနေတဲ့
သက်နွယ်ကို ချော့ဖို့ ကျွန်တော် သတိမရသလို၊ ကျွန်တော့်အတွက်ဆိုတဲ့
အရာတွေကို လုပ်ဖို့တောင် ကျွန်တော် မေ့နေခဲ့တယ်။ ကျွန်တော့်အတွေး၊
ကျွန်တော့်အာရုံထဲမှာ သီရီက မကြာခင် ကျွန်တော့်ဘေးက
ထွက်သွားတော့မှာလားဆိုတဲ့ ၀မ်းနည်းမှုကို ခံစားရတာ အမှန်ပဲ။ အဲဒီနေ့က
ကျွန်တော် အလုပ်ကို မသွားခဲ့ဘူး။ တစ်နေကုန် အိမ်ထဲမှာပဲ နေပြီး၊
ဘယ်သူ့ဖုန်းမှလည်း လက်ခံစကားမပြောခဲ့ဘူး။ ကျွန်တော်သိပ်ချစ်ပါတယ်ဆိုတဲ့
သက်နွယ်ဆီကို ချော့ဖို့လည်း ကျွန်တော်မသွားခဲ့သလို၊ ဖုန်းဆက်ပြီး
တောင်းပန်ဖို့လည်း ကျွန်တော်မကြိုးစားခဲ့ဘူး။ ဒါပေမယ့် ခွဲခွာခါနီး
သူငယ်ချင်းအတွက် နှုတ်ဆက်ပွဲလေးတော့ လုပ်သင့်တယ်လို့ ကျွန်တော်ယူဆတဲ့အတွက်
သီရီဆီကို ညနေစောင်းမှာ ကျွန်တော်ထွက်လာခဲ့တယ်။
       အဲဒီညနေက သီရီနဲ့ ကျွန်တော်ဆိုင်တစ်ဆိုင်ကို သွားပြီး စားသောက်ရင်း
စကားတွေ အများကြီးပြောဖြစ်ခဲ့ကြတယ်။ အများဆုံးကတော့
ကျွန်တော်တို့နှစ်ယောက်ရဲ့ ငယ်ဘ၀တွေပေါ့။ ကျွန်တော့်ရင်ထဲက ခံစားချက်တွေ
သက်သာအောင် သီရီကို ခွင့်တောင်းပြီး ကျွန်တော် အရက်သောက်ခဲ့တယ်။
သောက်လေ့သောက်ထမရှိတဲ့ ကျွန်တော့်အတွက် အဲဒီညနေက သိပ်ကို မူးတဲ့ညနေပေါ့။
သီရီက အများကြီးမသောက်ဖို့ တားပေမယ့် ကျွန်တော်အများကြီးသောက်လိုက်မိတယ်။
အဲဒီညနေက ကျွန်တော့်ဘ၀မှာ ပထမဆုံးနဲ့ အဆိုးဝါးဆုံး မူးတဲ့နေ့လည်း
ဖြစ်ခဲ့တယ်။
       နောက်နေ့မနက် ကျွန်တော်နှိုးတော့ ခေါင်းတွေ အရမ်းကို ကိုက်နေခဲ့တယ်။
တော်တော်နဲ့ အိပ်ရာမထနိုင်ခဲ့ဘူး။ မျက်လုံးကို ကြိုးစားပြီး
ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ကိုယ်ကျွန်တော် သီရီ အိမ်ကို ရောက်နေမှန်း
ကျွန်တော်သိလိုက်ရတယ်။ ဘေးကို ကြည့်လိုက်တော့ သီရီ မောင်လေးက
ကျွန်တော့်အပေါ်ကို ခြေထောက်တစ်ချောင်းတင်ရက်သားနဲ့ အိပ်မောကျနေလေရဲ့။
နာရီကို လှန်းကြည့်မိလိုက်တော့ ၆ နာရီပဲရှိသေးတယ်။ မျက်နှာသစ်ဖို့
အိပ်ရာကနေဆင်းလို့ လုပ်နေတုန်း ခြေထောက်အောက်မှာ တစ်စုံတစ်ခုကို
နင်းမိလိုက်တယ်။ ကြည့်လိုက်တော့ ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ပဲ။
သိချင်စိတ်နဲ့ ကျွန်တော် စာအုပ်ကို ကောက်ကိုင်ပြီး အထဲကို
လှန်ကြည့်မိလိုက်တယ်။ ဘာတွေရေးထားမှန်းကို မဖတ်ကြည့်မိပေမယ့် လက်ရေးကို
မြင်လိုက်ရုံနဲ့ သီရီရဲ့ စာအုပ်မှန်း ကျွန်တော်သိလိုက်တယ်။
ဒိုင်ယာရီဆိုတာ လူတစ်ယောက်ရဲ့ ခံစားချက်တွေကို ချရေးထားတာ မဟုတ်လား။
အထူးသဖြင့် တခြားတစ်ယောက်ရဲ့ ဒိုင်ယာရီကို ပိုင်ရှင်မသိဘဲ ဖတ်တာက
ရိုင်းစိုင်းတဲ့အပြုအမူမှန်း ကျွန်တော်သိတဲ့အတွက် မဖတ်ဘဲ ပိတ်လိုက်ဖို့
ပြင်လိုက်တယ်။ ဒါပေမယ့် အမှတ်တမဲ့ ဖတ်မိတဲ့ စာလေးတစ်ကြောင်းကြောင့်
ကျွန်တော့်မျက်လုံးတွေ ၀ိုင်းစက်သွားခဲ့တယ်။
“လင်းထိုက် နင်တကယ်ပဲ ငါ့ခံစားချက်တွေကို မသိတာလား? လောကမှာ
ဝေးကွာခြင်းဆိုတာ နီးခြင်း၊ဝေးခြင်းမဟုတ်ဘူး။ နင့်ဘေးမှာ နင့်ကိုချစ်တဲ့
ငါရှိနေတယ်ဆိုတာကို နင်မသိတာပဲဖြစ်တယ်ဆိုတဲ့ စကားကို ငါတကယ်ပဲ အခုမှ
သဘောပေါက်တော့တယ်။ ငါ့ခံစားချက်တွေကို နင်သိအောင် ငါဘယ်လိုလုပ်ပေးရမလဲ ”
မရည်ရွယ်ဘဲ ဖတ်မိတဲ့ အဲဒီစာကလည်းနေ သီရီရဲ့ ဒိုင်ယာရီ စာအုပ်ကို
ဖတ်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်သွားလိုက်တာ ကျွန်တော် မျက်နှာမသစ်ဘဲ
စာအုပ်ကလေးကိုပဲ ထိုင်ပြီးဖတ်မိနေခဲ့တယ်။ ဒိုင်ယာရီ တစ်အုပ်လုံးနီးပါး
ကျွန်တော့်အကြောင်းတွေနဲ့ ပြည့်နှက်နေတယ်။ ကျွန်တော့်ကို သူမ
ဘယ်လောက်ချစ်ကြောင်း၊ ကျွန်တော် ဘယ်လောက်ပဲ သူမအပေါ်ဆိုးဆိုး သူမကတော့
အချစ်မလျော့ဘူးဆိုတာတွေရော အများကြီးပဲ။ သီရီရဲ့ဒိုင်ယာရီကိုဖတ်ရင်း
ကျွန်တော့်ရင်တွေ ခုန်မှန်းမသိခုန်နေခဲ့တယ်။ ဒိုင်ယာရီကို ဖတ်နေရင်း သူမ
ကျွန်တော့်အပေါ် ဘယ်လိုအနစ်နာခံခဲ့တာတွေကို ကျွန်တော့်မျက်လုံးထဲမှာ
အလိုလိုနေရင်း ပြန်ပြီး မြင်လာခဲ့တယ်။ ကျွန်တော်နဲ့ သက်နွယ်ကို အပြင်မှာ
အမှတ်တမဲ့တွေ့မိရင် မသိချင်ယောင်ဆောင်သွားခဲ့တာက သူမရဲ့ အလိုက်သိမှုလို့
ထင်ခဲ့တဲ့ ကျွန်တော့်အထင်က မှားနေတယ်ဆိုတာ အဲဒီတော့မှ
ကျွန်တော်သိခဲ့ရတယ်။
“ငါချစ်တဲ့ နင့်ကို တခြားသူရဲ့ ရင်ခွင်ထဲမှာ မြင်ရတာ ငါသိပ်ရင်နာပဲ
လင်းထိုက်ရယ်…..  ဒါပေမယ့် နင်ရဲ့ အပြုံးကို မြင်ရတော့
နင်ပျော်နေတယ်ဆိုတာ ငါသိလိုက်ရတယ်။ နင်ပျော်ရင် ငါကျေနပ်ပါတယ်။ ငါဟာ
နင်ကြိုက်တဲ့ ခပ်ချောချော ကောင်မလေးမှ မဟုတ်ခဲ့တာပဲ”
သီရီရဲ့ ဒိုင်ယာရီကို ဖတ်ရင်း သူမ ခံစားရသလို၊ ကျွန်တော်လည်း
ခံစားနေရသလိုပဲ။ ဖတ်ရင်းနဲ့မှ ကျွန်တော့်ရင်ကို နင့်နေအောင်
ခံစားရတာကတော့ ကျွန်တော်ကားပျက်တဲ့ညက အကြောင်းပေါ့။ အဲဒီညက
ကျွန်တော်သူမဆီကို ဖုန်းဆက်လိုက်တဲ့အချိန်မှာ သူမက ဆေးခန်းမှာ
အားနည်းနေလို့ ဆရာဝန်က ကလူးကိုစ့်ပုလင်းချိတ်ခိုင်းလို့ ချိတ်နေတဲ့
အချိန်၊ ကျွန်တော့်ဖုန်းဆက်ပြီးတဲ့နောက် သူမစိတ်တွေပူလို့ ဆေးခန်းကနေ
အိမ်ကို မပြန်ဘဲ ကျွန်တော့်ဆီကို တန်းလာခဲ့မှန်း ကျွန်တော်သိလိုက်ရတယ်။
နောက်တော့ အားနည်းတဲ့ကြားက မိုးမိတဲ့အတွက် အဖျားဝင်ပြီး
ဆေးရုံတက်လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ သူမရဲ့ ဒိုင်ယာရီ စာအုပ်ကို
ဖတ်ရင်း ကျွန်တော့် ပါးပြင်မှာ စိုစွတ်လာခဲ့တယ်။ ပါးပြင်ကို
လက်နဲ့စမ်းကြည့်ရင်း ငါမျက်ရည်တွေ ကျနေပါလားလို့ သတိထားမိတဲ့အချိန်
စာအုပ်ကို ပိတ်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းတွေ
အများကြီးမေးဖြစ်ခဲ့တယ်။
“ဘာလို့ ဒီမျက်ရည်တွေ ကျရတာလဲ?”
“ဘာကြောင့် သီရီထွက်သွားမယ်ပြောတုန်းက ကျွန်တော် ၀မ်းနည်းရတာလဲ?”
“ဘာကြောင့် ကျွန်တော်……………………..”
ကျွန်တော့်မေးခွန်းတွေကို ကျွန်တော်ကိုယ်တိုင်တောင် အဖြေမသိသလို၊
အခုချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ဘာဖြစ်ချင်မှန်း၊
ဘာလုပ်ချင်မှန်းလည်း ကျွန်တော်မသိခဲ့ဘူး။ ဒိုင်ယာရီ စာအုပ်ကလေးကို
ပိတ်ပြီး စားပွဲပေါ်တင်ကာ ဘယ်သူ့ကိုမှ မနှုတ်ဆက်ဘဲ တိတ်တိတ်ကလေး ကျွန်တော်
အိမ်ကို ပြန်လာခဲ့တယ်။ ကျွန်တော်အိမ်ရောက်ပြီး သိပ်မကြာပါဘူး။ သီရီ
ကျွန်တော့်ဆီကို ဖုန်းဆက်လာခဲ့တယ်။ သူအိပ်ရာက နိုးလာတော့ ကျွန်တော့်ကို
မတွေ့လို့ လိုက်ရှာနေတဲ့အကြောင်းပြောပြီး
ကျွန်တော်အိမ်ပြန်ရောက်နေပြီမို့ စိတ်ချစွာနဲ့ ဖုန်းချသွားခဲ့တယ်။
အဲဒီနေ့ တစ်နေ့လုံး ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းတွေကြားမှာပဲ
နစ်မွန်းနေခဲ့တယ်။ ဘာကိုရွေးချယ်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့တယ်။
ညနေစောင်းလောက်မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို
ကျွန်တော်လိုက်နိုင်ခဲ့တယ်။ သက်နွယ်ကို တွေ့ဖို့ချိန်းပြီး သက်နွယ်ဆီမှာ
တစ်စုံတစ်ခုကို ရင်ဖွင့်ဖို့ ကျွန်တော်ကြိုးစားလိုက်တယ်။
       ချိန်းထားတဲ့နေရာကို ကျွန်တော့်ထက် သက်နွယ်က အရင်ရောက်နေခဲ့တယ်။
ကျွန်တော့်ကို မြင်တော့ ပြုံးပြရင်း သက်နွယ်က နေရာဖယ်ပေးတယ်။
“ဘာသောက်မလဲ တစ်ခုခုမှာလေ”
“ငါမသောက်တော့ဘူး။ တစ်နေရာ သွားစရာရှိသေးလို့ အချိန်သိပ်မရဘူး။”
“အင်း။ ဒါဆိုရင် ပြောစရာရှိတာပြောလေ”
“ငါတို့လမ်းခွဲရအောင်”
ကျွန်တော့်စကားကြောင့် သက်နွယ်ရဲ့ မျက်နှာက ပျက်မသွားတာမျိုး၊
မမျှော်လင့်တဲ့စကားကို ကြားလိုက်ရလို့ အံ့သြတာမျိုး လုံးဝကို
မတွေ့ရပါဘူး။ ကျွန်တော့်ကို ပြုံးရင်း
“ကောင်းတယ်။ အဲဒီစကားကို ဒီနေ့ပဲ သက်နွယ်လည်း ပြောမလို့”
ဒီလိုနဲ့ပဲ လူအများအမြင်မှာ သိပ်ချစ်ကြပါတယ်ဆိုတဲ့ ကျွန်တော်နဲ့သက်နွယ်
လမ်းခွဲလိုက်ကြတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဆုံးသတ်ကို
ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မိကြမှာမဟုတ်ပါဘူး။ သက်နွယ်နဲ့ ပြောစရာ
စကားလည်းမရှိတော့ပြီမို့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို စတင်ပြီး
အကောင်အထည်ဖော်ပါတယ်။ သီရီဆီကို ဖုန်းလှမ်းဆက်ပြီး အရင်က
ကျွန်တော်တို့နှစ်ယောက် တွေ့နေကြဆိုင်ကို ချိန်းလိုက်တယ်။
ကျွန်တော်ရောက်သွားတော့ သီရီက ရောက်နှင့်နေပြီ။ အရင်က ဒီဆိုင်မှာ သီရီနဲ့
ကျွန်တော်တွေ့ရင် ဘေးချင်းကပ်ထိုင်ကြတာများတယ်။ ဒီနေ့တော့ သီရီရဲ့
မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တယ်။
“သီရီ နင်နိုင်ငံခြားကို မသွားပါနဲ့လား”
ရုတ်တရက် ပြောလိုက်တာမို့ သီရီ ကြောင်သွားပုံရတယ်။
“ဘာဖြစ်လို့လဲ လင်းထိုက်”
“ငါနင့်ကို မသွားစေချင်လို့ပေါ့၊ နင်ဒီမှာလည်း အဆင်ပြေနေတာပဲ
ဖြစ်နိုင်ရင် မသွားနဲ့”
ကျွန်တော့်ဆီက မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရတာမို့ သီရီ
မျက်နှာမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေတာပေါ့။
“ငါသွားဖို့ အားလုံး စီစဉ်ပြီးပြီဟ။ ရက်ကလည်း နီးနေပြီလေ”
“ငါမသွားဖို့တားရင်ကော နင်သွားမှာပဲလား သီရီ”
သီရီရဲ့ မျက်နှာကို စေ့စေ့ကြည့်ရင်း မေးလိုက်မိတယ်။
“နင်က ငါ့ကို ဘာလို့ မသွားဖို့တားရတာလဲ?”
သီရီကလည်း ကျွန်တော့်မျက်လုံးကို စေ့စေ့ကြည့်ရင်း ပြန်မေးတယ်။ သူမရဲ့
အကြည့်ထဲမှာ ကျွန်တော့်မျက်လုံးထဲက တစ်စုံတစ်ခုကို ရှာဖွေနေသလို
ကျွန်တော်ခံစားမိတယ်။
“ငါနင့်ကို ချစ်လို့ မသွားစေချင်တာ”
ရဲရဲတင်းတင်းကြီးပဲ ကျွန်တော် ဖြေလိုက်မိတယ်။ ကျွန်တော့်အဖြေကြောင့် သူမ
မျက်နှာ ပန်းရောင်သန်းသွားပြီး ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်ကို
လွဲလိုက်တယ်။ မျက်နှာချင်းဆိုင်ထိုင်နေရာက သူမဘေးကို ကျွန်တော်ထသွားပြီး
သူမဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ဘာလုပ်မလို့လဲဆိုတဲ့ အကြည့်မျိုးနဲ့
သူမက ကျွန်တော့်ကို ကြည့်နေဆဲ
“ငါနင့်ကို လက်ထက်ပါရစေ သီရီ”
သူမထံမှ လက်ထက်ခွင့်ကို တောင်းရင်း သူမရဲ့ လက်ကိုတော့ ခွင့်မတောင်းပဲ
ကျွန်တော် ဆုပ်ကိုင်လိုက်မိတယ်။ သူမကလည်း မရုန်းသလို၊ ကျွန်တော်ကလည်း
မလွှတ်မိပါဘူး။ တင်းတင်းကျပ်ကျပ်လေး ဆုပ်ကိုင်ထားလျက်ပေါ့။ အရင်က
ဒီနေရာလေးကို ကျွန်တော်တို့နှစ်ယောက် အကြိမ်ပေါင်းများစွာ လာဖူးပေမယ့်
ဒီနေရာလေးက အရင်ထက် ပိုပြီး ထူးထူးခြားခြား အဲဒီညနေက လှပလို့နေတယ်။
အဲဒီညနေက ဆောင်းရာသီရဲ့ ညနေစောင်းထဲက တစ်ခုဖြစ်ပေမယ့်
ကျွန်တော်တို့နှစ်ယောက်စလုံးအတွက်တော့ နွေးထွေးနေခဲ့တာ အမှန်ပါပဲ…….

ဆက်လက်ကြိုးစားပါဦးမည်။
Written By Rukia(May Khine)
(16.12.11/9:30PM)

မှော်ဆရာမေးဂရုမှ ကူးယူသည်။

Tuesday, March 6, 2012

မျက်စိနဲ့ ချစ်တဲ့ အချစ်

"လမ်းခွဲရအောင်"လို့ ကျွန်မကဆိုတော့ ဖုန်းတစ်ဖက်က မောင့်ရဲ့စကားသံက ကျွန်မတွေးထင်ထားသလောက် တုန်လှုပ်ချောက်ချားဟန် မပြခဲ့ဘူး။ တအောင့်လောက် ငြိမ်သက်သွားပြီးမှ "ကောင်းပြီလေ.. ဒါပေမယ့် မောင် နောက်ဆုံးအနေနဲ့ တစ်ခုတောင်းဆိုချင်တယ်။ ရတီတို့ကျောင်းကိုလာပြီး ရတီ့ကိုမောင်တွေ့ချင်တယ်။ မောင်တို့ရဲ့ နောက်ဆုံးချစ်သူနေ့အဖြစ်နဲ့ပေါ့"

မောင်ရဲ့တောင်းဆိုချက်ကို ကျွန်မခွင့်ပြုလိုက်တယ်။ ချစ်သူနှစ်ဦး လမ်းခွဲတော့မယ်ဆိုတော့လည်း အနည်းအများတော့ နာကျင်ဝမ်းနည်းရဦးမှာပေါ့။ မောင်နဲ့ကျွန်မ တစ်နယ်တစ်ကျေးခြားနေတာ သုံးနှစ်ရှိပါပြီ။ နေ့တိုင်း ဖုန်းနဲ့ အင်တာနက်နဲ့ပဲ ဆက်သွယ်ခဲ့ရတယ်။ လူချင်းထိတွေ့ခွင့်မရ၊ မမြင်ရ၊ ဂရုမစိုက်ရတဲ့ ဒီလိုစိတ်ကူးအချစ်မျိုး ကျွန်မစိတ်ကုန်နေတာ ကြာခဲ့ပါပြီ။ တခြားသူပြောတဲ့ လှပတဲ့ တက္ကသိုလ်ကျောင်းသားဘဝမျိုး ကျွန်မ မခံစားခဲ့ရဖူးဘူး။ ကျောင်းဝင်းထဲမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး လမ်းလျှောက်နေကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူကို တယုတယ ရေခပ်၊ မုန့်ခွံ့ပေးကြတဲ့ချစ်သူတွေ၊ ကိုယ့်ချစ်သူ မိုးစိုမှာစိုးလို့ ဂရုတစိုက် ထီးမိုးပြီး အဆောင်လိုက်ပို့ကြတဲ့ချစ်သူတွေ၊ ဒါတွေကို ကြည့်ပြီး ကျွန်မနှလုံးသားတွေ ပိုနာကျင်ခဲ့မိတယ်။ ငြင်းခုန်ရန်ဖြစ်ပြီးနောက် နှစ်သိမ့်၊ အလျော့ပေးတဲ့အပွေ့အဖက်တစ်ခုတောင် ကျွန်မ မရခဲ့ပါဘူး။ ဖုန်းခွက်ကိုကိုင်ပြီး အကူအညီမဲ့စွာ အကြိမ်ကြိမ်လဲပြိုခဲ့တာကို ကျွန်မကောင်းကောင်း မှတ်မိနေခဲ့တယ်။

မောင်လည်း ဒီလိုပဲ ခံစားခဲ့ရမယ်ထင်တယ်။ ဒါကြောင့် လမ်းခွဲဖို့ကို သူအလွယ်တကူ သဘောတူခဲ့တာဖြစ်မယ်။

ဖုန်းပြောပြီးနှစ်ရက်အကြာမှ ကျွန်မဆီ မောင်အခစားရောက်ခဲ့တယ်။ ဒီနှစ်ရက်အတွင်းမှာ နှင်းတွေ အဆက်မပြတ်ကျနေခဲ့တယ်။ ကျွန်မနေတဲ့မြို့တစ်ခုလုံးကို နှင်းတွေက လွှမ်းခြုံသိမ်းကျုံးထားလိုက်တယ်။ မောင့်ရဲ့ကိုယ်ပေါ်မှာလဲ အေးခဲတဲ့နှင်းပွင့်လေးတွေ ခပ်ပါးပါးဖုံးလို့.. ကျွန်မကိုတွေ့တော့ မောင်ကအပြုံးနွေးနွေးလေးနဲ့ နှုတ်ဆက်တယ်။ မောင့်အပြောကို ကျွန်မက နှင်းခဲတွေလို မာမာဆတ်ဆတ် အေးအေးစက်စက်တုန့်ပြန်တယ်။ခွဲခွာနေတဲ့ ဒီသုံးနှစ်အတွင်းမှာ ရံဖန်ရံခါ မောင်နဲ့တွေ့ဆုံရတိုင်း မောင့်ရဲ့နွေးထွေးတဲ့အပြုံးက "ဒီတစ်ခါတွေ့ပြီးရင် လမ်းခွဲမယ်"ဆိုတဲ့ ကျွန်မရဲ့စိတ်ကူးကို ပြေပျက်သွားစေတာ အမှန်ပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ သတိပေးမိတယ်။ တခဏတာရလိုက်တဲ့ နွေးထွေးကြင်နာမှုကိုမက်မောပြီး တစ်ဘဝစာ အထီးကျန်ခြင်းကို မဖက်တွယ်နဲ့လို့ .....

"ထမင်း အရင်သွားစားရအောင်" လို့ ကျွန်မကဆိုတော့ မောင်က..
"မလောဘူးလေ... ဒီလောက်အေးတဲ့ရာသီဥတု ရတီ ရေတွေယူထားပြီးပြီလား? ဓာတ်ဗူးထဲ ရေအရင်ဖြည့်ဦး။ ရေတွေဖြည့်ပြီးမှ တခြားလုပ်စရာရှိတာ လုပ်ပေါ့။ တော်ကြာ.. ရေတွေခဲကုန်လို့ ညနေသုံးစရာမရှိရင် ဘယ်လိုလုပ်မလဲ?"

မောင် တတွတ်တွတ်ပြောနေချိန် ကျွန်မမျက်လုံးအိမ်မှာ မျက်ရည်တွေစို့နေခဲ့ပြီ။ သုံးနှစ်... သုံးနှစ်ရှိခဲ့ပါပြီ။ လမ်းခွဲခါးနီးမှ ဒီသုံးနှစ်အတွင်း လစ်ဟင်းခဲ့တာတွေကို ပြန်ဖာထေးဖို့ မောင်နားလည်ခဲ့ရသလား?

အဆောင်ကို ကျွန်မတို့အရင် ပြန်လာခဲ့တယ်။ လက်အိတ်ထူထူကိုဝတ်ပြီး ကျွန်မဓာတ်ဗူးတွေ ယူချလာခဲ့တယ်။ ဓာတ်ဗူးထဲရေဖြည့်ပြီးချိန် မောင့်လက်နှစ်ဖက်က အေးစက်နီရဲနေခဲ့ပြီ။ ကျွန်မလက်အိတ်ကိုချွတ်ပြီး မောင့်ကိုဝတ်ပေးလိုက်တယ်။ ပြီးတော့ ကျွန်မလက်ကိုလည်း လက်အိတ်ထဲ ခက်ခက်ခဲခဲ ထိုးထည့်လိုက်တယ်။ ဒီလိုဆိုတော့လဲ ကျွန်မတို့ရဲ့လက်နှစ်ဖက်က မြဲမြဲလေးချိတ်သွားမိပြန်တယ်။ မောင့်လက်က အေးစက်နေတယ်၊ လက်အိတ်က တင်းကျပ်နေတယ်ဆိုပေမယ့် တခြားချစ်သူကောင်မလေးတွေရဲ့ ပျော်ရွှင်ကြည်နူးမှုမျိုးကို ကျွန်မခံစားမိလိုက်တယ်။ မောင်က ကျွန်မကို ကြင်ကြင်နာနာကြည့်တယ်။ မောင့်ပါးပေါ်မှာ ကြေကွဲရိပ်တွေ ရောထွေးနေခဲ့ပါတယ်။

စားသောက်ဆိုင်ရောက်တော့ ကျွန်မက ကျွန်မနှစ်သက်တဲ့ဟင်းတွေကိုမှာပြီး မောင့်ကိုမှာဖို့ menu ကမ်းပေးလိုက်တယ်။ မောင်က ညင်ညင်သာသာလေးပြုံးပြီး "မောင်မှာမယ့်ဟင်းကလည်း ရတီမှာတဲ့ဟင်းတွေပါပဲ"လို့ဆိုတယ်။

"မောင်က အားနာနေတာလား"လို့ ကျွန်မကဆိုတော့ မောင်က တည်ငြိမ်တဲ့မျက်နှာနဲ့ လေးလေးနက်နက်ပြောတယ်။

"ရတီရဲ့အကျင့်၊ အကြိုက်တွေက မောင့်ရဲ့အကျင့်အကြိုက်တွေဖြစ်နေခဲ့တာ ကြာပါပြီ ရတီ"

မောင့်ဆီကနေ ပြတင်းပေါက်ဖက်ဆီ ကျွန်မအကြည့်လွှဲလိုက်တယ်။ ကျွန်မကို မောင်ချစ်နေသေးတယ် မဟုတ်လား! ထမင်းစားပြီး နှင်းတွေဖုံးနေတဲ့ အဖြူရောင်ဝန်းကျင်ထဲ ကျွန်မတို့လမ်းလျှောက်ခဲ့ကြတယ်။ တစ်ယောက်မှ စကားမပြောကြဘူး။

"ရေခဲမုန့်စားမလား?"

ရုတ်တရက်မေးလာတဲ့စကားကြောင့် မောင့်ကို တအံ့တသြ ကျွန်မကြည့်လိုက်တယ်။ ကျွန်မနေမကောင်းဖြစ်မှာစိုးလို့ ဆောင်းတွင်းမှာ ကျွန်မရေခဲမုန့်စားတာကို မောင်ကမကြိုက်ခဲ့ဘူး။

"ရတီဖျားမှာကို မောင်မစိုးရိမ်ဘူးပေါ့!"

ဒီစကားကိုပြောပြီးမှ ကျွန်မနောင်တရလိုက်တယ်။ လမ်းခွဲပြတ်စဲတော့မယ့် လူတစ်ယောက်က ကျွန်မဖျားမဖျားကို ဘယ်ဂရုစိုက်တော့မှာလဲ?

"အခု ရတီဘေးမှာ မောင်ရှိတယ်။ မောင်ဘာကို စိုးရိမ်မလဲ?"

အကြည့်ကို အဝေးတစ်နေရာဆီ မောင်ပို့လိုက်တယ်။ ကမ္ဘာခြားသွားတဲ့ အကွာအဝေးအကြည့်မျိုးနဲ့ပေါ့။ အေးစက်ရှတတဲ့လေက မျက်နှာပြင်ကို ဖျတ်ခနဲလာရိုက်တယ်။ မျက်နှာကို လက်နဲ့အုပ်ပြီး လေကို ကျွန်မကျောပေးလိုက်တယ်။ မျက်ခမ်းထောင့်ကမျက်ရည်တချို့ လက်ညိုးကြားထဲ စီးကျလာတယ်။ ဆီးနှင်းပေါ်မှာ မောင်နဲ့အတူ လျှောက်ခဲ့တဲ့ မညီမညာခြေရာလေးတွေကို ကျွန်မမြင်ရတယ်။ လမ်းအဆုံးကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။

ရေခဲမုန့်ကိုကိုင်ပြီး နင်းလိုက်ရင်ကျွတ်ကျွတ်မြည်တတ်တဲ့ နှင်းပုံပေါ်မှာ ကျွန်မပြေးလွှားနေမိတယ်။ မောင်က အနောက်ကနေပြီး "ဖြည်းဖြည်း" လို့ လှမ်းအော်နေတယ်။ "စိတ်ချပါ... ရတီ မလဲဘူး........" နောက်လှည့်ပြီးပြောနေတဲ့ ကျွန်မစကားမဆုံးခင်မှာ ခြေချော်ပြီး ခန္ဓာကိုယ်နောက်လှန်ကျတဲ့ ခံစားမှုကို ကျွန်မခံစားလိုက်တယ်။ ကျွန်မတစ်ကိုယ်လုံး လဲကျမသွားခင် ရေခဲမုန့်ကိုင်ထားတဲ့ ကျွန်မရဲ့လက်ကို မောင်လှမ်းဆွဲလိုက်တယ်။ ဒါပေမယ့် မောင်ပြေးလာတဲ့အရှိန်နဲ့ ကျွန်မနောက်လှန်ကျတဲ့အရှိန်က "ဘုန်း..." ခနဲထိပ်တိုက်မိပြီး နှစ်ယောက်စလုံး နှင်းပြင်ပေါ်မှာ လဲကျသွားခဲ့တော့တယ်။ ရယ်ချင်စရာကောင်းတာက ကျွန်မလက်ထဲမှာ ရေခဲမုန့်ခွက်ပဲ ကျန်ခဲ့တယ်။ လွှင့်ထွက်သွားတဲ့ ရေခဲမုန့်ကို အရပ်လေးမျက်နှာ ကျွန်မပတ်ရှာကြည့်တယ်။ ပြီးတော့ မောင့်ကိုကြည့်လိုက်တယ်။ မောင့်မျက်နှာပေါ်မှာ ရေခဲမှုန့်တွေ လတ်လတ်ဆတ်ဆတ် တင်နေတယ်။ ခဏလောက် ကျွန်မတို့ ကြောင်အမ်းသွားတယ်။ ပြီးမှ တဟားဟားနဲ့ အော်ရယ်ခဲ့ကြတယ်။

မောင့်ကို တစ်ရှူးလှမ်းပေးပြီး ကျွန်မထရပ်လိုက်တယ်။ ကိုယ်ပေါ်က နှင်းစတွေကို ကျွန်မခါချလိုက်တယ်။ မောင်က လဲနေရာကမထဘဲ နှင်းပြင်ပေါ်မှာ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်တယ်။ ပြီးတော့ နှင်းပေါ်မှာ ဒူးထောက်ပြီး အသဲပုံတစ်ပုံဆွဲလိုက်တယ်။ အသဲပုံထဲမှာ "ရတီမိုး" လို့ သူရေးလိုက်တယ်။ အဲဒီအသဲပုံကို ကျွန်မ အကြာကြီးရပ်ကြည့်နေမိတယ်။

"ရတီ ပြန်သင့်ပြီ"လို့ ကျွန်မပြောပြီး မျက်ရည်တွေ ပါးပြင်ပေါ်စီးကျမလာအောင် မျက်နှာကို ကျွန်မမော့ထားလိုက်မိတယ်။ မျက်ရည်တွေက ပါးပြင်ပေါ်စီးကျမလာခဲ့ပါဘူး။ နှလုံးသားထဲ နောက်ပြန်စီးဝင်သွားခဲ့လို့ပါ။

အဆောင်ပြန်ရောက်တော့ အခန်းဖော်သူငယ်ချင်းတွေက ကျွန်မကိုစပ်စုတယ်။

"ရတီ .. နင့်ကောင်လေးက ချောလိုက်တာနော်"
"ရတီ.... သူက နင့်အပေါ် ကြင်နာလိုက်တာ"
"နင်တို့ အရမ်းလိုက်တယ် သိလား!"

သူတို့ပြောတာတွေကို ကျွန်မဆိတ်ဆိတ်ငြိမ်ငြိမ် နားထောင်နေလိုက်တယ်။

"ငါက နင့်လောက်ကံမကောင်းပါဘူး ရတီ။ ငါတကယ်ချစ်တဲ့ လူနဲ့မဆုံသေးပေမယ့် အခုလက်ရှိချစ်သူနဲ့နေရတာ ငါပျော်ပါတယ်"

"ဟင်း! နင်တကယ်မချစ်ဘဲ ဘာလို့အတူနေသေးလဲ?"

"နင် နားမလည်ပါဘူး။ သူက ငါ့ကိုပျော်ရွှင်စေတယ်လေ။ ဒါကြောင့် သူနဲ့ငါအတူနေတယ်"

"ငါကတော့ ငါချစ်တဲ့သူနဲ့ အတူနေပါတယ်။ ငါ မပျော်ခဲ့ရလည်း သူနဲ့ပဲအတူနေချင်တယ်"


သူတို့စကားဝိုင်းထဲ ကျွန်မ မပါခဲ့ပါဘူး။ လူတစ်ယောက်ကိုနှစ်သက်တာဟာ သူနဲ့အတူနေရချိန်ပျော်ရွှင်လို့၊ လူတစ်ယောက်ကိုချစ်တာဟာ မပျော်ရွှင်လဲ သူနဲ့အတူနေချင်လို့တဲ့။ အချစ်ဆိုတာ ဒီလိုပဲလား? ကျွန်မ နောင်တရမိပါတယ်။

ကျွန်မက အရည်အချင်းရှိတဲ့ ချစ်သူတစ်ယောက်မဟုတ်ခဲ့ဘူး။ ချစ်သူကောင်းတစ်ယောက် မပီသခဲ့ဘူး။ မောင့်ရင်ထဲက ချစ်သူမျိုးမဟုတ်ခဲ့ဘူး။ မောင်တည်းတဲ့ တည်းခိုခန်းကိုအသွား ကျွန်မကိုကျွန်မ အဲဒီလိုပဲ အမှတ်ပေးမိတယ်။

တည်းခိုခန်းရောက်တော့
မောင်မရှိတော့ဘူး။ ဗလာကျင်းတဲ့အခန်းက ဟာတာတာကျွန်မရင်ကို ပြေးဆောင့်တယ်။ မျက်ရည်တွေက ပါးပြင်ပေါ်ကို အတားအဆီးမဲ့ စီးကျလာခဲ့တယ်။ တစ်လမ်းလုံး ကျွန်မဒယိမ်းဒယိုင်နဲ့ ကျောင်းဆောင်ပြန်ရောက်လာခဲ့တယ်။ မျက်ရည်ဖုံးနေတဲ့မျက်လုံးနဲ့ လောကကြီးကိုကြည့်တော့ လောကကြီးတစ်ခုလုံးကလည်း ငိုလို့....

အသိမဲ့တဲ့ခန္ဓာကိုယ်နဲ့ အဆောင်လှေကားဖက်ဆီ ကျွန်မခြေလှမ်းတွေဦးတည်တဲ့အခိုက် ရင်းနှီးနွေးထွေးတဲ့ အသံတစ်ခုကို ကျွန်မကြားလိုက်တယ်။ ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ဓာတ်လိုက်ခံလိုက်ရတဲ့ လူတစ်ယောက်လို တွေတွေနဲ့ နေရာမှာတင် ကျွန်မရပ်နေမိတယ်။ ကျွန်မရှေ့ မောင်ရောက်လာပြီး ကျွန်မကို သူ့ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်တယ်။ အသံတိတ်ငိုကြွေးနေတဲ့ ကျွန်မရဲ့အသံတွေ အပြင်ကို ပေါက်ကွဲထွက်လာခဲ့တယ်။

"ဘာလို့ ပြန်လာသေးလဲ! ပြန်သွားပြီ မဟုတ်လား! ဘာလို့ ပြန်လာသေးလဲ! ရတီကို မောင်ခွဲသွားပြီမဟုတ်လား! ရတီကို မောင်ပစ်ထားခဲ့ပြီ မဟုတ်လား? မောင်ကို မုန်းတယ်.. မောင် ရက်စက်တယ်...."

မောင့်ရင်ဘတ်ကို တဘုံးဘုံးထုပြီး ကျွန်မအော်ငိုလိုက်တော့တယ်။ မောင်က ကျွန်မလက်ကို ကြင်ကြင်နာနာ ဖမ်းဆွဲလိုက်တယ်။ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးရင်း "လမ်းခွဲမယ်လို့ အမြဲပြောသူက ရတီပါ။ မောင်ကို ပစ်သွားမယ့်သူက ရတီပဲလေ.."။ မောင့်ကို ကျွန်မတင်းတင်းလေး ပြန်ဖက်ထားလိုက်တယ်။ ဘယ်တော့မှ လက်မလွတ်တော့ပါဘူး....

တကယ်တော့ လူတစ်ယောက်ကိုနှစ်သက်တာဟာ နားရွက်တဲ့။ မနှစ်သက်တော့ရင် နားရွက်ကိုပိတ်ထားလို့ရတယ်။ လူတစ်ယောက်ကိုချစ်တာဟာ မျက်စိတဲ။့ မချစ်တော့ရင် မျက်စိကို မှိတ်ထားလို့ရတယ်ဆိုပေမယ့် မျက်ရည်တွေက နှလုံးသားထဲကို နောက်ပြန်စီးဝင်တယ်။

ကျွန်မတို့ကြားမှာ ရာသီတွေခြားတယ်၊ မြို့ရွာတွေခြားတယ် ဒါပေမယ့် အချစ်တွေကွာဝေးအောင် မတားနိုင်ခဲ့တော့ပါဘူး။

ဆောရီးပါမောင်... ကျွန်မကိုမောင်ချစ်သလို မောင့်ကိုလည်းရတီချစ်တတ်အောင် သက်ဆုံးထိ ရတီသင်ယူပါမယ်လို့.....မူရင်း-- http://www.rs66.com/a/3/aiqinggushi/75585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


Friday, February 24, 2012

သန်းခေါင်ယံလွန်ချိန်၌(ကြောက်တက်သူများ မဖတ်ရ)

လွန်ခဲ့တဲ့ 10 နှစ် 2001 ခုနှစ်လောက်ကကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုပါ.. ကျွန်တော် ကိုးတန်းစာမေးပွဲဖြေအပြီး..ဆယ်တန်းတက်ဖို့
ကျွန်တော် ပြင်ဦးလွင်က အဆောင်တစ်ခုကို ရောက်ခဲ့တယ်....ကျွန်တော် အဆောင်စပီးဝင်တဲ့အချိန်က 3လပိုင်း သင်္ကြန်မရောက်ခင်အချိန်လေ...အိမ်က ကျွန်တော့ကို ထိန်းမနိုင်လို့ အဆောင်စောစောစီးစီးပို့ထားတာ... :D အဲ့တာနဲ့ ကျွန်တော်လဲ ပြင်ဦးလွင်ကိုရောက်လာရော.. နေရတဲ့အဆောင်က အင်္ဂလိပ်ခောတ်က အိမ်အိုကြီးပေါ့....နေရာက အထက ( 4 ) ကျောင်းအနောက်ဘက်မှာ... ကျောင်းကြီးရဲ့ အနောက်မှာ ဘောလုံးကွင်းရှိတယ်...ဘောလုံးကွင်းရဲ့ လမ်းတစ်ဖက်မှာ တရားစခန်းရိပ်သာတစ်ခုရှိတယ်.... ဘောလုံးကွင်းရဲ့အရှေ့မှာမှ ကျွန်တော်တို့အဆောင်ပေါ့... အဆောင်ရဲ့ အနောက်မှာ မက်မန်းခြံတစ်ခြံရှိတယ်.. အဆောင်ရဲ့လမ်းတစ်ဖက်ခြားမှာ ကျွန်တော်တို့အဆောင်လိုပဲ ခြံဝင်းအကျယ်ကြီးနဲ့ အိမ်အိုကြီးတစ်လုံးရှိတယ်..
ကျွန်တော်တို့အဆောင်ဝင်းကြီးရဲ့ ညာဘက်ထောင့်မှာ ညောင်ပင်ကြီးတစ်ပင်ရှိသေးတယ်....
အဲ့ဒီမှာနေဖို့ ကျွန်တော်စရောက်တော့ အဆောင်မှာ စာသင်ဆောင်တွေဆောက်နေတုန်းရှိသေးတယ်.. နေ့လည်ပိုင်းဆိုရင်တော့ လက်သမားတွေ ရှိတာပေါ့ဗျာ... ညပိုင်းမှာ ကျွန်တော်ရယ် 9 တန်းကျောင်းသားတစ်ယောက်ရယ် 8 တန်းကျောင်းသားတစ်ယောက်ရယ်..3 ယောက် အဲ့အိမ်ကြီးရဲ့ အောက်ထပ်မှာ အိပ်ကြတယ်....အိမ်ထဲကို ၀င်တာနဲ့ တံခါးရဲ့ဘေးမှာ အပေါ်ထပ်ကို တက်တဲ့လှေခါးရှိတယ်... ဘယ်ဘက်မှာက ဧည့်ခန်းပေါ့..ဧည့်ခန်းရဲ့ တစ်ဖက်မှာမှ ကျွန်တော်တို့အိပ်ရတဲ့နေရာလေးပေါ့..ဗီဒို နှစ်လုံးနဲ့အခန်းလိုကန့်ထားတာဗျာ... ကျွန်တော်က တစ်ယောက်အိပ်ကုတင်မှာ အိပ်တယ် ...ကောင်လေးနှစ်ယောက်ကတော့ ဟိုဘက်ကုတင်မှာ အိပ်ကြတယ်.. ကျွန်တော်အိပ်တဲ့နေရာကနေကြည့်ရင် လှေခါးနဲ့တံခါးမကြီးကို လှမ်းမြင်နေရတယ်...
အဆောင်က အခုမှစပြင်ကာစဆိုတော့ လျှပ်စစ်မီးတွေ မဆင်ရသေးဘူး... ဧည့်ခန်းထဲမှာပဲ အင်ဗာတာနဲ့ထွန်းထားတဲ့ မီးချောင်းတစ်ချောင်းရှိတာ...အဲ့တာနဲ့ ကျွန်တော်ရောက်ပီး တစ်ပတ်လောက် ည8 နာရီလောက်မှာ လေတွေအရမ်းတိုက်ပီးတော့ မိုးတွေရွာလာရော....မိုးရွာတော့ ကျွန်တော်လဲ စောစောအိပ်တာပေါ့... ဧည့်ခန်းက မီးချောင်းကိုတော့ တစ်ညလုံးထွန်းထားတယ်..
ည 9 နာရီလောက်ကတည်းက ကျွန်တော်အိပ်ပျော်သွားတယ်...ည 1 နာရီလောက်မှာ ကျွန်တော် ပြန်နိုးလာတယ် မိုးကတိတ်သွားပီ......အဲ့အချိန်မှာ တံခါးကို ဒုန်းခနဲ ထုလိုက်တဲ့ အသံကျွန်တော်ကြားလိုက်ရတယ်...အသံက တော်တော်ကျယ်တယ်....အိမ်တစ်လုံး ဟိန်းထွက်သွားတာ..အဲ့တာနဲ့ကျွန်တော်လဲ ငုတ်တုတ်ထထိုင်လိုက်တယ်....လောက်လေးခွကို ကောက်ကိုင်ပီးတော့ တံခါးကို လှမ်းချိန်ထားလိုက်တယ်...စကြားခါစက တစ်ချက်ချင်းထုတာ..နောက်တော့ တစ်ဖြည်းဖြည်းနဲ့မြန်လာတယ်.....ဒုန်း ဒုန်း....ဒုန်း ဒုန်း...နဲ့ စက်တိုက်ကိုထုနေတာဗျာ...ကျွန်တော်လဲတော်တော်ကြောက်နေပီ....ဇောချွေးတွေလဲပြန်နေပီ....သိသမျှ မှတ်သမျှဘုရားစာတွေ ထိုင်ရွတ်နေတာ...မျက်လုံးကလဲ အဲ့တံခါးကနေမခွါရဲဘူး......ဟိုဘက်ကုတင်က ကောင်လေးနှစ်ယောက်ကိုကြည့်လိုက်တော့ အိပ်ပျော်နေတာ တစ်စက်ခလေးမှ မနိုးဘူး.... ထပီးတော့လဲ သွားမနိုးရဲဘူး...အသံတောင်မထွက်ရဲဘူးဗျာ...
နာရီကြည့်လိုက်တော့ 3 နာရီထိုးတော့မယ်...အဲ့တာနဲ့ ဟိုဘက်ကုတင်ကကောင်လေး 2 ယောက်ကို တိုးတိုးလေး လှုပ်နိုးလိုက်တယ်...သူတို့လဲ နိုးလာရော..အသံမထွက်နဲ့... ဘာသံကြားလဲ နားထောင်ကြည့်လို့ပြောလိုက်တယ်...အဲ့တော့ ကောင်လေးတွေလဲ ကြောက်ကုန်တာပေါ့...ပီးတော့ သူတို့နှစ်ယောက်နဲ့ ကျွန်တော် ဧည့်ခန်းကို သွားကြတယ်....အဲ့အချိန်မှာပဲ... အသားဖြူဖြူနဲ့တရုတ်မကြီးတစ်ယောက် ... တံခါးဘေးကနေ ရုတ်တရက်ပေါ်လာပီးတော့ လှေခါးပေါ်ကို တစ်လှမ်းချင်းတက်သွားတာ မြင်လိုက်ရတယ်.... အဲ့မှာ 3 ယောက်သား ကြက်သေသေ ပီးတော့ ဘာစကားမှကို မပြောနိုင်တော့ဘူး...ခဏလောက်ကြာမှ အသိတွေဝင်လာပီးတော့ သုံးယောက်သား ကိုယ့်နေရာကို ပြန်ပြေးပီးတော့ ဘုရားစာ အကျယ်ကြီးထိုင်ရွတ်နေတော့တာပဲဗျာ...မိုးဘယ်လို လင်းသွားမှန်းတောင်မသိတော့ဘူး..မိုးလင်းတာနဲ့ အဆောင်ပိုင်ရှင်ရှိတဲ့ ပင်မအဆောင်ကို တန်းပြေးတော့တာ...အဲ့နေ့ပီးခတည်းက ကျွန်တော်လဲ မနေရဲတော့လို့ တစ်ခြားအဆောင်ကို ပြောင်းနေလိုက်တော့တာ..... စာသင်နှစ် တစ်ဝက်လောက်မှာ ကြားရတဲ့သတင်းကတော့ အဲ့အဆောင်မှာ လာနေတဲ့ တရုတ်ကျောင်းသားတစ်ယောက်နဲ့ ပလောင်လေးတစ်ယောက် အပြင်းဖျားပီးတော့ တရုတ်ကျောင်းသားကတော့ ကျောင်းဆက်မတက်ပဲနဲ့ လားရှိုးပြန်သွားတယ်.. ပလောင်လေးကတော့ ပြင်ဦးလွင်က ပါရဂူ ဆေးရုံမှာ ဆုံးသွားတယ်လို့ကြားလိုက်တယ်...ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိဘူး.....

အဲ့တာတွေဖြစ်ပီး 3 နှစ်လောက်ကြာတော့ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်ရင်းပြောဖြစ်ကြတယ်...သူ့အဒေါ်အပျိုကြီးတစ်ယောက် ပြင်ဦးလွင်မှာ အိမ်တစ်လုံးရှိတဲ့အကြောင်းပြောပြတယ်... သူ့အဒေါ်က အဲ့အိမ်မှာပဲ ဆုံးသွားတယ်...ဆုံးသွားပီးနောက်ပိုင်း ..အိမ်ကို စိတ်စွဲပီးတော့ မကျွတ်ပဲဖြစ်နေတယ်တဲ့...သူတို့ အဲ့အိမ်ကို မကြာခဏ သန့်ရှင်းရေးသွားလုပ်ပေးတယ်တဲ့......သန့်ရှင်းရေးသွားလုပ်တဲ့အချိန်တွေဆို...ခဏခဏတွေ့တယ်လို့ပြောပြပါတယ်....မေးကြည့်လိုက်တော့မှ ကိုယ်နေခဲ့ဖူးတဲ့အဆောင်ဖြစ်နေတာသိခဲ့ရပါတယ်...


Forword mail မှပါ

Thursday, February 23, 2012

မော့င်အတွက် ဒိုင်ယာရီ

နွေး လောက အလယ်မှာ အေးအေးချမ်းချမ်းနဲပဲ အသက်ရှင်ချင်တယ်။သူတစ်ပါးကို ရေခြားမြေခြားမှာ ပူပန်နေရမှာကို မလိုလားဘူး။သူများကလည်း ကိုယ့်ကို စိတ်ပူနေမှာ မဖြစ်စေချင်ဘူး။ဘ၀နှစ်ခု ပေါင်းစပ်ဖို့အတွက် အခြေခံအားဖြင့်တော့ ငွေကြေးက လိုအပ်ပါတယ်။နွေး ကိုယ်တိုင်ကလည်း ငွေမမက်ဘူးလားဆိုတော့မဟုတ်ပါဘူး။မက်ပါတယ်။ဒါပေမဲ့ ကိုယ်နဲ့တန်သလောက်ပဲပေါ့။ အချိန်ကာလအတန်ကြာ ခွဲနေရမယ် နွေးချစ်းသူကို နွေး စိတ်မချဘူး။သူက နွေးရဲ့  ယောက်ျား ပါ။နွေးတို့နဲ့ အိမ်ထောင်သက်တမ်းက အခုမှ ၁နှစ်ပဲ ရှိသေးတယ်။အချိန်ကာလ သက်တမ်းနုနုလေးမှာနွေးသူနဲ့ မခွဲနိုင်ဘူး သူကို  အဝေးမသွားစေချင်ဘူး။မောင့်တစ်မျက်နှာ တစ်ရွာထင်ပြီးတော့ နွေးက အဝေးကနေ လိုက်လာခဲ့ရတဲ့သူပါ။ဘာကြောင့်ပဲဖြစ်ဖြစ် မောင် နွေးကို ခွဲသွားမှာ မလိုလားဘူးပေါ့။

                                        နွေး မောင့်ကို လေယာဉ်ကွင်းလိုက်ပို့ရတဲ့ နေ့က တကယ် စိတ်ညစ်ရတယ်။နွေးက သူများတကာတွေလို့မောင့်ကို ချွှဲနွဲ့ပြီးလည်း မပြောတတ်ဘူး။မောင့်ကို သတိရနေမယ်ဆိုတာကတော့ အမှန်ပါပဲ။မုသားပါတဲ့ စကားကို မောင့်ရှေ့မှာ နွေး ဘယ်သော အခါမှ မပြောခဲ့ပါဘူး။နွေး က  မောင့်ကို ရိုးရိုးသားသားပဲ ဆက်ဆံခဲ့တာပါ။မိဘတွေရဲ့ ရင်ခွင်အောက် တရပ်တကျေးကနေပြီးတော့ နွေး ခွဲထွက်ပြီး မောင့်နောက် လိုက်လာခဲ့တာပါ။မောင် မရှိတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရမှာတော့ အားငယ်မိတယ်။မောင်နဲ့ ခွဲနေရမယ်လို စိတ်မကူးခဲ့ဘူးဘူး။ဒါပေမဲ့ အနာဂတ်အတွက် မောင်ရှာဖွေ နေတာပဲလို့ တွေးမိလိုက်ပြန်တော့လည်းမောင့်ကို အရမ်းသနားမိတယ်။နွေးတို့ရဲ့ မမြင်ရသေးတဲ့ ရင်သွေးလေးတွေ အတွက်ကို နွေးကိုယ်တိုင်လည်း လိုလိုလားလားနဲ့ပြည့်ပြည့်စုံစုံ ထားချင်တဲ့အတွက် မောင် တစ်မြေခြားသွားမှာကို ခွင့်ပြုခဲ့တယ်။ရင်သွေးလေးတွေ မရသေးပေမဲ့ရှိလာခဲ့ရင်ဆိုတဲ့ အတွေးက နွေးရင်ကို  ပြီးပြည့်စုံစေတယ်။

                                        လေယာဉ်ထွက်ခွာဖို့ အကြောင်းကြေငြာချိန်ရောက်တော့ နွေး လေဆိပ် ၀ရန်တာကနေ မောင့်ကို ထွက်စောင့်ပြီးရပ်ကြည့်နေမိပါတယ်။မောင့်ကတော့ နွေးကိုတွေ့လို့လားဒါမှမဟုတ် မောင်ပေးထားတဲ့ပုဝါအနီလေးကိုတွေ့လို့လား ဒါမှမဟုတ်လူအားလုံးကိုပဲလက်ပြ နှုတ်ဆက်တာလား နွေးမသိဘူး ။တဖြည်းဖြည်းနဲ့ နှုတ်ဆက်သွားတယ်။လေယာဉ်ကြီးက တိမ်တွေထဲတိုးဖောက်နေသွားတဲ့ အချိန်အထိ နွေး လေယာဉ်ကြီးနဲ့အတူမောင့်ကို ငေးကြည့်မိနေတုန်းပဲ။အခုလိုမျိုး မောင်မပါတဲ့ အိမ်အပြန်လမ်းကို နွေးတစ်ယောက်တည်း ပြန်ရမယ်လို ဘယ်အချိန်ကမှ မတွေးမိခဲ့ဘူး။နွေး တစ်ယောက်တည်း မောင်မရှိတဲ့ အိမ်လေးမှာနေရမယ်လို့လည်း စိတ်မကူးမိခဲ့ဘူး။အချိန်တွေ ပြောင်းလဲလာရင် နွေးလည်း အသားကျသွားမှာပါ။မောင့်ကိုတော့ စိတ်မချဘူးပေါ့။မောင်ရေ........မောင် မရှိတဲ့ ဒီနေ့မှာတော့ နွေး စောစော အိပ်ရာဝင်ခဲ့တယ်ကွယ်။မောင့်ကိုလည်းအရမ်းလွမ်းတာပဲ။

                                        မောင်ရေ..ဒီနေ့တော့ မောင်မရှိလို နွေး ဘာလုပ်ရမလဲလို စဉ်းစားနေမိတယ်။ပထမဆုံးမောင်နေတိုင်းဖျော်ပေးနေတဲ့ကော်ဖီကိုလည်းနွေးလွမ်းတယ်။တစ်နှစ်ဆိုတာ ဘာမှ မကြာပေမဲ့လည်း နွေးတစ်ယောက်တည်း နေရတော့ ယောင်ချာချာနဲ့ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ဖြစ်နေတယ်။နွေး မောင့်ဖျော်ပေးတဲ့ကော်ဖီကိုလွမ်းပေမဲ့ မသောက်ချင်ဘူး။အဲဒါနဲ့ နွေးအောက်ထပ်ဆင်းပြီး ခေါက်ဆွဲသုတ်ဝယ်စားတယ်။မောင်သိရင်တော့ ပြောမှာပဲနော။လမ်းဘေးစာတွေ စားရသလားလို့ပေါ့။နွေး မုန့်စားပြီးတော့ မနက်လမ်းလျှောက်တယ်။သြော်....မေ့လို့မောင်ရယ်..နွေးအသုတ်စားပြီး လက်ဖက်ရည်ဆိုင်ထိုင်သေးတယ်။မိန်းကလေးတွေ လက်ဖက်ရည်ဆိုင် ထိုင်တာ မသင်တယ်ဘူး ဆိုပေမဲ့ အခုခေတ် ကောင်မလေး အပျိုလေးတွေလည်းထိုင်နေပါပြီ မောင်ရယ်။နွေးလက်ဖက်ရည် ပုံမှန် တစ်ခွက်သောက်ပြီး  ပြန်လာခဲ့တယ်။နွေး လာပြန်တော့ ဈေးက သိမ်းသွားပြီ။အင်း..........မောင် သာသိရင် နွေးကို ပြောမှာပဲ။အိမ်ထောင်ရှင် မိန်းကလေးဖြစ်ပြီး  ဒီလောက် လမ်းသလားရလားလို့ပေါ့။

                                         မောင်ရေ........အခုတလော နွေး အိပ်ရာထ နောက်ကျလို့ မနက်စာစားချိန်လွတ်နေတာများပြီ။မောင်မရှိလို့အရင်လို နွေးကို စောင့်ကြည့်မယ့်လူမရှိတော့ဘူးလေ။အင်း........တစ်ခါတစ်လေဆိုရင် နွေး အပြင်မှာပဲ ၀ယ်စားလိုက်တာများတယ်။ဒါမှမဟုတ်ရင်လည်း ခေါက်ဆွဲပြူတ်ဘူးတွေရှိနေပြီလေ..နွေးကတော့လွယ်လွယ်ကူကူပြူတ်စားလိုက်တာပဲ။မောင်ကတော့ပြောမှာပေါ့...စည်းမရှိ ကမ်းမရှိ စည်းပျက် ကမ်းပျက်ဆိုပြီး။

                                      မောင်ရေ........အိမ်မှာ အ၀တ်လျှော်မယ့် မိန်းမကလည်း မလာတာကြာပြီ...နွေးသွားခေါ်တော့လည်း သူက ခရီးထွက်သွားတယ်တဲ့။နွေးရဲံ အကျီင်္တွေလည်း အညစ်တောင်းထဲမှာ ပုံနေပြီ။အင်....အနံတောင်ထွက်နေပြီလားမသိဘူးမောင်ရယ်။မောင်သာ နွေးအနားမှာရှိရင် နွေးကို အိမ်ထောင်ရှင်မကောင်း တစ်ယောက်မပီသဘူးလို့  ပြောဦးမယ် ထင်ပါရဲ့............

                                 မောင်ရေ.........နွေး အခုတစ်လော ဘာလို အိပ်ရာထ နောက်ကျလဲ မောင်သိလား။နွေး  လူရွင်တော်တွေ ပြောသလို ပြောရရင်တော့ တရုတ်က အပြန်ထမင်းစားပြီး ကိုးရီးယားက အပြန် လက်ဖက်ရည်သောက်နေလို့ပေါ့။ကိုးရီးယားဇာတ်လမ်းတွေက တော်တော် ဆွဲဆောင်မှုရှိတာပဲ မောင်ရေ။နွးတော့ ည ၂ နာရီ ၃နာရီ ထိကို တစ်ယောက်တည်း ထိုင်ကြည့်နေမိတယ်။ဇာတ်လမ်းတွဲတွေကလည်း အပိုင်းတွေ အများကြီး အခွေကလည်း အများကြီး ၀ယ်ရတာပေါ့။မောင်သာ သိရင် နွေးကို စီးတဲ့ရေကို ဆည်တဲ့ကန်သင်းလည်းမရှိဘူး....အသုံးအဖြုံးကြီးတဲ့မိန်းမလို ပြောဦးမှာပဲနော။

                                 မောင်ရေ.......မောင်မရှိတဲ့ အချိန်လေ နွေး အင်းယားမှာလည်း လမ်းသွားလျှောက်တယ်။ကန်တော်ကြီးလည်းနွေး သွားတယ်။အင်း...မောင်ရေ..အင်းယားမှာနွေးဘူးဘီးကြော်တောင် ၀ယ်စားခဲ့သေးတယ်ရှင်....သိရဲ့လား။မောင့်ကို လည်း နွေး တမ်းတတယ်။ဒါပေမဲ့ မောင်ရယ် မောင်မရှိတော့နွေး ပိုလွတ်လပ်နေတယ်။အင်....နွေး အခုလိုပြောမိတော့ မိန်းကလေး သူငယ်ချင်း အများစုက သဘောမကျကြဘူးမောင်ရဲ့။နွေးပြောတာက မောင် ဆိတ်ကွယ်ရာမှ နွေး ဖောက်ပြန်နေတာမဟုတ်ပါဘူး။နွေး လွတ်လွတ်လပ်လပ်နေနေတာပါ။နွေး မောင်မရှိလို့ အပျော်ရှာနေတာမဟုတ်ပါဘူး။ နွေး ကိုယ်ဘာသာ ပျော်စရာတွေ ဖန်တီးနေတာပါ။တကယ်တော့ လူတွေ အားလုံးက သူတိုကို မျက်စိဒေါက်ထောက်ကြည့်နေမယ့်  မိဘတွေ ယောက်ျားတွေ မရှိရင် လွတ်လပ်ပြီး ကိုယ်လုပ်ချင်ရာ တစ်ခုခုကို ဖန်တီးခဲ့တာပဲလေမဟုတ်လားမောင်ရယ်။ချစ်သူတွေ ဘ၀မှာတောင်မှ အချိန်ကာလအပိုင်းအခြားလေးတွေ နေရတာတောင်မှ ချုပ်ချယ်မှုရှိလာရင် ဒါကို ပိတ်ပင်တယ်လိုထင်လာကြတာပဲ။နွေးက မောင် မသိအောင် မဖောက်ပြန်ဘူး။သူများကိုလည်း စိတ်ဒုက္ခဖြစ်အောင်မလုပ်ဘူး။သူများ လင်ယောက်ျားကိုလည်း မပြစ်မှားဘူးလေ မောင်ရဲ့။

                                  မောင်ရေ..................သွားခဲ့တဲ့  ၃ နှစ်ဆိုတဲ့ အချိန်က အခုတော့လည်း ဘာမှ မဟုတ်ပဲနဲ့ ကုန်ဆုံးသွားသလိုပါပဲ။မောင် ပြန်လာမယ်လို့  ဖုန်းဆက်ပြောတဲ့ အချိန်တုန်းကလည်း နွေး ရူး သွားမတတ် ပျော်ခဲ့ရပါတယ်။မောင့်ကိုလွမ်းဆွတ်တဲ့ အချိန်တွေကနေ  ကျော်ဖြတ်နိုင်ပြီး ဆိုပြီး နွေး ၀မ်းသာမိပါတယ်။ဒါတွေက နွေး မုသားတွေပြောပြီး လီဆည်လုပ်ကြံနေတာမဟုတ်ပါဘူး။ မောင် ပြန်လာခဲ့ရင် မောင်နဲ့ အတူတူ ရှိခဲ့တုန်းကလို့ မနက်ဆို  ၅နာရီခွဲ ထလို့ ဘုရား သောက်တော်ရေကပ်၊ပန်းကပ်၊ဆီးမီးကပ်၊ပြီးရင်မောင်ဖျော်ပေးတဲ့ကော်ဖီကိုသောက်  မောင်အလုပ်သွားတဲ့ အချိန်ဆို နွေးက အိမ်အလုပ်တွေလုပ် လျှော်ဖွပ် မီးပူတိုက်ရင်းနဲ့  မောင်နဲ့ နွေးတို့လိုချင်တဲ့ သားသမီး ရတနာလေးတွေကို စောင့်မျှော်ရင်းနဲ့ သက်ဆုံတိုင်အောင် ဘ၀သက်ဆုံးလက်တွဲသွားမှာပါမောင်ရယ်..။နောင် သားသမီးတွေ ရခဲရင်လည်း မောင်နဲ့နွေးတို့ရဲ့ အချစ်အကြောင်းလေးတွေ ပြောပြရင်းနဲ့ မောင့်ရဲ့ ရင်ခွင်ထဲမှာပဲ နွေးရဲ့ ၀င်သက်ထွက်သက်တွေ ကုန်ဆုံးပါရစေမောင်ရယ်..။

Forword mail သာဖြစ်သည်။

Thursday, February 16, 2012

အချစ်စစ်အတွက် အချစ်တု

 ကျွန်မနာမည်က သန္တာအောင် အသက်က ၁၇နှစ်၊  စင်္ကာပူမှာ
စီးပွားရေးစီမံခဲ့ခွဲမှုပညာကို လာရောက် သင်ယူနေတာပါ။ အစ်ကိုတစ်ယောက်နဲ့
အတူတူနေတယ်လေ။  မြန်မာပြည်ကနေပြီးတော့ မိဝေး ဖဝေးနဲ့လာနေရတာ
အခက်တွေများစွာရှိပါတယ်။ ပထမတစ်ခုကတော့ အိမ်လွမ်းတာဖြစ်ပြီး နောက်တစ်ခုက
ဘာသာစကားအခက်အခဲပါ။ IELTS ကို 5.5 ရခဲ့သည့်တိုင်အောင် ကျွန်မမှာ
သူတို့ရဲ့ စကားဝဲသံကို မမှတ်နိုင်သေးတော့ တော်တော်ခက်ပါတယ်။
အပေါင်းအသင်းကလဲ ရှားတယ်။ မြန်မာတစ်ချို့တော့ရှိပေမယ့် နေတဲ့နေရာက
ဝေးတော့ ကျောင်းက အပြန်အိမ်ပြန်ရောက်ရင် ဘာမှလဲ လုပ်စရာ သိပ်မရှိတော့
ပျင်းဖို့တော်တော် ကောင်းတယ်။

      ၂၀၀၇ခုနှစ် အောက်တိုဘာမှ ကျွန်မ စင်္ကာပူကို စရောက်တာပါ။
အခုရောက်တာ ၂လလောက်ရှိပြီ။ အလုပ်ကလဲ လုပ်လို့မရသေး။ အစ်ကိုကလဲ ည
၈နာရီလောက်မှ ပြန်ရောက်တော့ တယောက်ထဲရှိနေတဲ့ အချိန်
အင်တာနက်သုံးဖြစ်လာတယ်။ ရန်ကုန်မှာနေတုန်းက မသုံးဖြစ်ပေမယ့် အခုတော့
အင်တာနက်က ကျွန်မရဲ့ ဒုတိယကမ္ဘာငယ်လေးတစ်ခု ဖြစ်လာပါတယ်။ MIRC ကနေပြီးတော့
သူငယ်ချင်းတွေရှာပြီး Chat ရတယ်။ အများစုကယောက်ျားလေးတွေပါ။ ကျွန်မက
Chatting သုံးပေမယ့် သူတို့နဲ့ ကြူရတာ ဝါသနာမပါသလို
ကျောင်းကသူငယ်ချင်းတွေပြောတဲ့ စကားက နားထဲမှာ အထပ်ထပ် ပြန်ကြားနေရတယ်။
“Online အချစ်က မယုံရဘူး” ဒီစကားကို သိပ်မယုံချင်ပေမယ့်
တော်တော်များများကပြောနေတော့လဲ လက်ခံရတာပေါ့။ တစ်နေ့တော့ မထင်မှတ်ပဲ
သူနဲ့တွေ့ဆုံဖြစ်ခဲ့တယ်။

   အဲ့ဒီ့နေ့က ထူးထူးဆန်းဆန်းပဲ အကောင့်ထဲမှာ လူက တော်တော်နည်းနေပါတယ်။
အမှတ်တမဲ့ သူ့အကောင့်ကို ကြည့်မိတယ်။ များသောအားဖြင့် ကျွန်မက “Hi”
လုပ်ရင် ပြန်မလုပ်တဲ့ လူက ရှားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မက
ကျွန်မပုံတင်ထားတာလေ။ ကြုံတုန်းလေးထည့်ကြွားရဦးမယ် ကျွန်မက
တရုတ်သွေးပါတော့ အသာက ဖြူသလို ချောလဲတော်တော်ချောတယ်။ “ဟီး စတာနော်”။
ဘာပဲပြောပြော သူကတော့ ထူးဆန်းတယ် ကျွန်မသူ့အကောင့်ကို ခဏခဏ
စကားစပြောဖူးပါတယ် တခါမှ ပြန်မပြောဘူး။ အဲ့ဒီ့နေ့က ဘာရယ်မဟုတ်ပဲ စပြီး
ကျွန်မခေါ်လိုက်မိတယ်။

“ ဟိုင်း”

“ဟလိုပါဗျာ”

“ယူက ဘယ်သူလဲ”

“ကျွန်တော်လား ဟင် ကျွန်တော်ကို မသိဘူးလား”

“အင်း မသိဘူး ယူနဲ့ တခါမှ မချက်ဖူးဘူးလေ”

“အော် ဟုတ်လား ကျွန်တော်လဲ မသိဘူး”

“ယူ ကျွန်မအကောင့်ကို ဘယ်ကရလဲ”

“မေ့နေပြီ…. Forward မေးလ်ကနေလိမ့်မယ်”

“ထားပါတော့ ဒါနဲ့ ယူ့နာမည်ပြောပြလေ”

“အော် ဟုတ်သား မသိဘူးဆိုတော့ ပြောပြရတာပေါ့”

“ ကျွန်တော့်နာမည်က ထူးမြတ် ဒီက ညီမနာမည်လဲပြောဦးလေ”

“ကျွန်မနာမည် အောင်အောင် တောင်ကြီးမပါဘူးနော်”

“နာမည်နဲ့ လူနဲ့မလိုက်ဘူးနော် လူလှသလောက် နာမည်က တုံးတယ်”

“ဘာဖြစ်လဲ”

………………………………………..

   အဲ့ဒီ့နေ့ကမှ ကျွန်မတို့ စကားအများကြီးပြောဖြစ်ကြတယ်။ သူက ရန်ကုန်က
နာမည်က ထူးမြတ်၊ အသက်က ၂၀။ နေတာက တာမွေမှာ။ ကျောင်းက ဥပဒေ
တတိယနှစ်တက်နေတာ။ သူ့အကြောင်းတွေ ကျွန်မတော်တော်သိလိုက်ရတယ် အထူးသဖြင့်
သူက ဂိမ်းသရဲလေ။ ယောက်ျားလေးတော်တော်များများ ဂိမ်းဆော့ကြတယ်ဆိုပေမယ့်
သူက ပိုပြီးဆော့သလိုပဲ။ သူကို ခေါ်ရင် ပြန်မပြောဖြစ်ဖြစ်နေတာ
ဂိမ်းဆော့နေလို့တဲ့။နောက်တော့ ကျွန်မနဲ့ သူတော်တော်ခင်သွားတယ်။
ဘာကြောင့်မှန်းတော့မသိပါဘူး။ အမြဲတမ်းမဟုတ်တောင် တော်တော်များများ
သူနဲ့ပဲ ချက်ဖြစ်လာတယ်။တခါတလေ သူ့ကို စိတ်ညစ်ရင် သတိတွေဘာတွေရတတ်လာတယ်။

“ ဘာလုပ်နေတာလဲ ကို”

“အော် အောင် အစ်ကိုမအားသေးဘူး ခဏ”

    ဒီလိုရက်တွေကလဲ အများကြီးပါ။ ကျွန်မနဲ့ချက်တိုင်းလဲ သူက
အားတာမဟုတ်ပါဘူး။ ဒါပေမယ့် သူနဲ့ပဲ ချက်ချင်ပါတယ်။
သူနဲ့ချက်နေဖြစ်တဲ့ရက်တွေဆို တခြားသူတွေနဲ့ မချက်ဖြစ်တော့ဘူး။ ဒါက
ဘာကိုခေါ်သလဲ ကျွန်မလဲ မသိတော့ပါဘူးရှင်။ ကျွန်မတို့ သံယောဇဉ်တွေများလာတယ်
ထင်တယ်။ ဒီနေ့ ကျွန်မတို့ စသိတာ ၃လပြည့်လို့ သတ်မှတ်ထားတဲ့နေ့လေ။
ကျွန်မတို့ ဆီက ၈နာရီမှာ သူအွန်လိုင်းပေါ်တက်လာတယ်။

“အောင် အစ်ကို အောင့်ကိုပြောစရာရှိတယ်”

“အာ အရင်ကလဲ ပြောစရာရှိလို့ ပြောနေတာ မဟုတ်ဘူးလား”

“ဟုတ်ဘူးလေ ဒီနေ့ အထူးပြောစရာရှိတာ”

“ဘာလဲ ဒီကိုလာမလို့လား”

“ဟုတ်ဘူး လာနိုင်ပါဘူးဗျာ ပိုက်ဆံမရှိဘူး”

“မရှိရင်လာလို့ မရဘူးလား”

“ဟာ မရစ်နဲ့ကွာ”

“ရစ်နေတာဟုတ်ပါဘူး စနေတာ”

“ အောင့်ကို ချစ်တယ်”

   ရုတ်တရက်တက်လာတဲ့ သူ့ဆီက စာကြောင့် နည်းနည်းတော့
တုန့်ခနဲဖြစ်သွားတယ်။ စိတ်ထဲမှာလဲ အံ့သြလို ဝမ်းသာမိသွားတယ်လို့လဲ
ထင်တာပဲ။ အဲ့ဒီ့နေ့က ဘယ်လိုခံစားရသလဲ ဆိုတာ အခုထက်ထိ
မတွေးတတ်သေးပါဘူးရှင်။

“မနောက်နဲ့လေ”

“မနောက်ပါဘူး တကယ်ပြောတာ”

“ မမြင်ရပဲ ဘယ်လိုချစ်လဲ”

“သိဘူး ချစ်တာပဲ သိတာ”

“ ဘာကြောင့်ချစ်လဲဆိုတာ အဓိပ္ပာယ်ရှိအောင် ရှင်းပြနိုင်ရင် ပြန်ချစ်မချစ်
စဉ်းစားပေးမယ်”

       ဒီလိုနဲ့ သူတစ်လလောက် အွန်လိုင်းပေါ်မတက်တော့ပဲ ပျောက်သွားတယ်။
အမှန်အတိုင်း ဝန်ခံရရင် ကျွန်မသူ့ကို သတိရပါတယ်။ဒီလိုနဲ့ သူနဲ့
ကျွန်မခင်တာ ၄လမြောက်တဲ့နေ့မှာ သူနဲ့ပြန်တွေ့တယ်။

“အောင် အစ်ကို အောင့်ကိုဘာကြောင့်ချစ်လဲ သိပြီ”

        ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းလေးကြောင့် ကျွန်မလန့်သွားသလို
စိတ်ဝင်စားမိသိသွားတာလဲ သေချာပါတယ်။

“အင်း ပြောပြလေ”

“ အစ်ကို အောင့်ကိုချစ်တာက မုန့်ဟင်းခါးတစ်ပွဲနဲ့တူတယ်”

       ကျွန်မ ရီချင်သွားတယ်။ အဲ့ဒါက ကိုကြီးရဝေ သူ့စာတွေထဲမှာ
ထည့်ရေးနေကျ စာသားတွေ။ အဖြူရောင်သံစဉ်ထဲမှာ ကိုကြီးရဝေရေးတဲ့
ရှောင်ပြေးမရတဲ့ အချစ်ဆိုတဲ့ စာတစ်ပုဒ်မှာ အဲ့ဒီ့ စာသားဖတ်ဖူးတာ။
အဲ့ဒီ့စာသားကြောင့်ပဲ ကိုကြီးရဝေနဲ့ ကျွန်မ ခင်ခွင့်ရခဲ့တာထင်တယ်။
သူစာတွေဖတ်ရင်း သူနဲ့ ရင်းနှီးသွားတယ်။ သူပြောပြတာက အဲ့ဒီ့စာသားက
သူအကြိုက်ဆုံးတဲ့ တာယာမင်းဝေရေးတဲ့ ဝတ္ထုထဲမှာပါတယ်ပြောတယ်။ ဒါပေမယ့်
ကျွန်မသိတာကတော့ အဲ့ဒါ ကိုကြီးရဝေရဲ့ အမှတ်တရအရှိဆုံး စာသားတစ်ခုပဲ။

 “မပြောနဲ့တော့ ဘာဆက်ပြောမှာလဲ သိတယ်”

 “ဟာ မသိလောက်ပါဘူး အောင်ရယ်”

 “ အဲ့ဒါ ကိုကြီးရဝေ သင်ပေးလိုက်တာမဟုတ်လား”

 “ ဟင် အောင် က ရဝေနဲ့ သိတယ်”

 “ သိတာပေါ့ သူက အောင့် မွေးစား အစ်ကိုလေ”

 “ ဟင် ဘယ်လိုကြီးလဲ”

 “အောင်က ချစ်လို့ အစ်ကို အဖြစ်မွေးစားထားတာ”

 “ အော် သိပြီ အောင့် အကောင့်ကို သူ့ဆီက ရတာထင်တယ်”

 “ အင်း သူနဲ့ အစ်ကိုက သိလို့လား”

 “ သူက အစ်ကို သူငယ်ချင်းလေ သူက စာရေးတာများလို့ ပေါတောတော ဖြစ်နေတာ”

 “ အဲလို မပြောပါနဲ့ သူများ အစ်ကို ကို”

 “ အစ်ကိုပြောနေတဲ့ အကြောင်းအရာပျောက်သွားပြီ”

 “ကဲပါ ကိုရဝေ့သူငယ်ချင်းမို့လို့ ယုံလိုက်မယ် ညီမမွေးနေ့ရောက်ရင် အဖြေပေးမယ်”

    ဒီကိစ္စက ကိုရဝေနဲ့ မဆိုင်ပါဘူး။ ကျွန်မဖာသာ
သူ့ဖက်ပါချင်ချင်ဖြစ်နေတာ။ မိန်းလေးမို့လို့ မူနေရတာလေ။
ဒါကလဲ မိန်းကလေးတွေရဲ့ အမူအကျင့်လဲဖြစ်သလို ရပိုင်ခွင့်ရှိတဲ့
အခွင့်အရေးတစ်ခုပဲ မဟုတ်လား။ ကျွန်မမွေးနေ့ရောက်ဖို့ က
၂လနီးပါးလောက်တော့လိုသေးတယ်။ စဉ်းစားထားတာလဲမရှိလို ပေးမယ့်အဖြေကလဲ
တစ်ခုတည်းပဲရှိတာပါ။ ဒီကြားထဲမှာ သူက ကျွန်မနဲ့ပြောရင် တစ်နေ့
တစ်ခွန်းလောက်ပဲဖြစ်ဖြစ် ကျွန်မကို ချစ်တဲ့အကြောင်း အမြဲတမ်းထည့်ပြောတယ်။

 “နေကောင်းလား”

 “ အင်း ကောင်းတယ် အစ်ကို အစ်ကိုရော နေကောင်းလား”

“ ကောင်းတယ် အောင့်ကို သတိရနေတာနဲ့ပဲ နေမကောင်းဖြစ်ဖို့တောင် သတိမရတော့ဘူး”

“ဟုတ်လို့လား မယုံပါဘူး”

“ဘယ်လို သက်သေပြရမလဲ”

“သိဘူး”

“ချစ်တယ်ဗျာ အောင့်ကို အရမ်းပဲချစ်တယ်”

“ ဘာမှလဲ မဆိုင်ဘူး”

       ဒီလိုနဲ့ပဲ ကျွန်မတို့ ပိုပြီး သံယောဇဉ် ငြိတွယ်မိလာတယ်။
ကျွန်မမွေးနေ့ရောက်တဲ့ နေ့မှာ ကျွန်မ အင်တာနက်မသုံးဖြစ်ဘူး။ အဲ့နေ့မတိုင်
ပထမနေ့ကတည်းက မအိပ်ပဲနေတယ်။ ည ၁၂နာရီကျော်တာနဲ့ သူ့ကို
မေးလ်ပို့လိုက်တယ်။ မေးလ်ထဲမှာပါတာက တစ်ကြောင်းထဲပါ “အောင်
အစ်ကို့ကိုချစ်တယ်” ကျွန်မမှာ ရှက်တာရော ရင်ခုန်တာရော အဲ့ဒါတွေရောပြီး
ကျွန်မ အွန်လိုင်းပေါ် မတက်ရဲတော့ဘူး။ ဒီလိုနဲ့ လေးရက်မြောက်တဲ့ တနေ့မှာ
ကျွန်မဆီကို ဖုန်းတခါဝင်တယ် ကြည့်လိုက်တော့ ကိုကြီးရဝေ့
pfingoအကောင့်ဖြစ်နေတယ်။ ကိုကြီးကို ဖုန်းနံပတ်ပေးထားဖြစ်တာက သူက အိမ်နဲ့
အဆက်အသွယ်မရရင် သူ့ကိုပဲ အကူအညီတောင်းတောင်းပြီး
မုန့်ပို့ပို့ခိုင်းနေရတာလေ။ သူ့ဆီဖုန်းဆိုတော့ အိမ်က မုန့်ပို့ပေးတာ
အကြောင်းကြားတာထင်ပြီးကိုင်လို
က်မိတယ်။ ကြားလိုက်တာက ကိုကြီးအသံမဟုတ်ဘူး။

 “အောင် အစ်ကို့ကို ဘာလို့ရှောင်နေတာလဲ ညနေ အွန်လိုင်းပေါ်တက်ခဲ့နော်”

     ကိုထူးမြတ်အသံပဲ။ ကျွန်မနဲ့ သူတစ်ခါတလေ voice ချက်ဖြစ်တယ်လေ။
အမြဲတမ်းမဟုတ်ပေမယ့် တခါတလေပေါ့။ သူက အဲ့ဒါပဲပြောပြီး
ဖုန်းချသွားတယ်။ညရောက်တော့ သူနဲ့ ချက်ဖြစ်တယ် မျက်နှာပူနေပေမယ့် ကျွန်မ
အွန်လိုင်းပေါ်တက်လိုက်မိတယ်။

 “အောင် ကိုယ်တို့ အချစ်သူတွေဖြစ်သွားကြပြီနော်”

 “ အင်း”

 “ မခွဲကြေးနော်”

 “အင်း”

 “ ဘာလို့ အင်းပဲပြောနေတာလဲ”

  “ ရှက်လို့”

 “ ဟာ ဘာရှက်စရာရှိလဲ ချစ်သူတွေချင်းပဲကို”

 “ မသိဘူးကွာ ဘာတွေမေးနေတာလဲ”

    ဒီလိုနဲ့ပဲ ကျွန်မတို့ ချစ်သူဖြစ်ခဲ့ကြတယ်။
ကျွန်မကျောင်းပြီးသွားရင် ယူဖို့အထိလဲ တိုင်ပင်ထားသေးတယ်လေ။ ဒီကြားထဲမှာ
တခါတလေ VZO ပါပြောကြသေးတယ်။ ကျွန်မ စာမေးပွဲရှိတဲ့နေ့တွေဆို သူက Pfingo
နဲ့ ဖုန်းခေါ်ပြီး အားပေးလေ့ရှိသလို သူစာမေးပွဲရှိရင်လဲ သူ့ဖုန်းကို
ကျွန်မခေါ်ပြီး မနက်တိုင်း အားပေးတတ်ပါတယ်။ သူပြောတာကတော့

  “စာမေးပွဲ မဖြေခင် အောင့် အသံကြားရတာ စာတွေအကုန်ရသွားသလိုပဲ”

  ဒီစကားတွေနဲ့ပဲ ကျွန်မပျော်ခဲ့တာပါ။ ဒီလိုနဲ့ပဲ ကျွန်မတို့ ချစ်သူ
သက်တမ်း ၈လပြည့်ခါနီးမှာ ကျွန်မ ရန်ကုန်ပြန်ဖို့ အကြောင်းက ပေါ်လာတယ်လေ။
အိမ်က အမေ ဆေးရုံတင်ရလို့ပါ။ ကျွန်မ ရန်ကုန်ပြန်လာမယ်ဆိုတော့
ကိုထူးမြတ်ကပြောတယ် တွေ့ကြရအောင်တဲ့။ ကျွန်မက မတွေ့ရဲဘူးဆိုတော့
ချစ်သူတွေဖြစ်ပြီး အပြင်မှာ မချစ်ကြရင် ဘာလုပ်ရမှာလဲလို့ပြောတယ်။
ဒီလိုနဲ့ပဲတွေ့ဖြစ်ဖို့ အကြောင်းဖန်လာတာပေါ့။ ကျွန်မရန်ကုန်ရောက်တော့
အမေ့ကိုဆေးရုံမှာ စောင့်နေရတာနဲ့  တော်တော်နဲ့ မတွေ့ဖြစ်ဘူးပေါ့။
ဒါပေမယ့် တစ်နေ့ အိမ်က အစ်ကိုစောင့်ပေးတဲ့နေ့တော့
သူ့ကိုချိန်းလိုက်မိတယ်။

 “ အစ်ကို ညနေအားလား”

 “ အင်း အားတယ်အောင် ဘာလဲတွေ့ကြမလို့လား”

 “ဟုတ်တယ် နှစ်ယောက်တည်းတော့ မတွေ့ချင်ဘူး သူငယ်ချင်းတစ်ယောက်ခေါ်လာခဲ့မယ်နော်”

 “ ဘာလဲ ကြောက်လို့လား အစ်ကိုက ကိုက်မစားပါဘူးနော်”

 “ဟုတ်ပါဘူး နှစ်ယောက်တည်းကျတော့ ကြောင်တောင်တောင်ကြီးဖြစ်နေတာကိုး
အစ်ကိုလဲ                                                   ကိုကြီးကို
ခေါ်လာခဲ့လေ”

 “ ငရေဝေကိုပြောတာလား”

  “အင်း အားပါ့မလား သူက အလုပ်ခပ်ရှုပ်ရှုပ်ရယ်”

  “ သူက ဘာလုပ်လို့ ရှုပ်တာလဲ ကျောင်းလဲ ပြီးနေပြီမဟုတ်လား အလုပ်လဲ
မလုပ်သေးဘူးလို့ပြောတာပဲ ဟာကို”

   “ သိဘူး ခုတလေ သူ့ကိုဖုန်းဆက်တိုင်း မအားဘူးဖြစ်နေတာ”

 “ အောင် သူ့ကိုပြောလိုက်မယ်”

  “အင်း အင်း ညနေ ၃နာရီ တာမွေက moon bakery မှာတွေ့ကြမယ်နော်”

  “ အောင် ကိုကြီးဆီဖုန်းဆက်ခေါ်လိုက်ဦးမယ်လေ”

  အဲ့ဒီ့နေ့က တွေ့ဖြစ်ကြတယ်။ ကျွန်မရယ် ကျွန်မရယ်
ကျွန်မသူငယ်ချင်းတစ်ယောက်ရယ်၊ ကိုထူးမြတ်ရယ်၊ ကိုကြီးရဝေရယ်။ ကျွန်မတို့
စကားတွေမပြောရဲကြဘူး။ ကိုကြီးရဝေက စကားစစပြောပေးတယ်။ ဒီလိုနဲ့ပဲ
ကိုထူးမြတ်ရော ကျွန်မပါ စကားပြောရဲလာတယ်။ ကိုထူးမြတ်က အပြင်မှာ
အသားပိုမဲပြီး နှာခေါင်းပိုကြီးပေးမယ့် ကြည့်ကောင်းပါတယ်။
သူငယ်ချင်းကတော့ ပြောတယ် ကိုထူးမြတ်က ရုပ်ဆိုးတယ်တဲ့။ ဘာမှမသိတော့ဘူး။
နောက်တော့ ကျွန်မမွေးနေ့နဲ့လဲ နီးနေတဲ့အတွက် ရန်ကုန်မှာမွေးနေ့
အကြိုတစ်ပွဲလုပ်ဖြစ်တယ်။ ကိုကြီးကိုရော သူ့ကိုရော သူတို့နှစ်ယောက်လုံးကို
ဖိတ်ပေမယ့် အလုပ်စာမေးပွဲဖြေစရာရှိလို့ ဆိုပြီး တစ်ယောက်မှမလာပါဘူး။
ဒီလိုနဲ့ ကျွန်မ စင်္ကာပူပြန်ဖြစ်သွားတယ်လေ။

 ကျွန်မတို့ အွန်လိုင်းပေါ်မှာပဲ ငယ်ချစ်တွေလိုဖြစ်သွားကြတယ်။
ကျွန်မတို့ကြားမှာ ရင်းနှီးမှုပိုရလာတယ်လို့ တခါတလေ ခံစားရသလို တခါတလေ
ပိုဝေးသွားတယ်လို့ ခံစားရတယ်။ သေချာတာ တစ်ခုက သူများတွေပြောတဲ့
အွန်လိုင်း အချစ်က မယုံရဘူးဆိုတာ ကျွန်မ လက်ခံစရာမလိုတော့ဘူးလို့
တွေးမိတယ်။ ကိုထူးမြတ်က ကျွန်မကို တစ်ကယ်ချစ်တာပါလို့ ကျွန်မယုံတယ်။
ကျွန်မလဲ နောက်ဆုံးနှစ်ဆိုတော့ စာတွေဖိလုပ်နေရင်း အရင်လို အွန်လိုင်းပေါ်
အမြဲတမ်း မတက်ဖြစ်ဘူးလေ။ တခါတလေတော့ ချက်ဖြစ်ကြပါတယ်။

  “အကို နေကောင်းလား”

  “အင်း ကောင်းတယ် အောင်”

  “ ဘာတွေလုပ်နေတာလဲ အောင့်ကိုတောင် မခေါ်နိုင်အောင်”

  “ အင်းခဏနော် ဂိမ်းဆော့နေတာ ပြီးတော့မယ်”

 ဒီလိုရက်တွေက တနေ့ထက်တစ်နေ့ပိုများလာတယ်။ တခါတလေ VZO ပြောဖြစ်ကြတယ်လေ။
သူ့မျက်နှာက အရင်ကလောက် တက်ကြွမှုတွေ မတွေ့ရတော့ဘူး။ အသက်ကြီးလာလို့
ရင့်ကျက်လာတယ်လို့ ကျွန်မထင်မိတယ်လေ။ တခါက ကိုကြီးရဝေနဲ့တွေ့လို့
မေးမိတယ်။

   “ ကိုကြီး ကိုထူးမြတ်နဲ့တွေ့ဖြစ်လား”

   “ တခါတလေပေါ့ ဘာဖြစ်လို့လဲ ညီမရဲ့”

   “ပုံစံတွေပြောင်းနေလို့လေ”

   “ ဟုတ်လား ကိုကြီးတော့ သတိမထားမိပါဘူး”

 ဘာမှရေရေရာရာ မသိရပါဘူး။ မသိတာလဲ မဆန်းပါဘူး။ သူတို့လဲ သူတို့ ကိစ္စနဲ့
သူတို့မဟုတ်လား။ ကျွန်မကတော့ သူ့ကိုချစ်တယ်။ သူလဲ ကျွန်မကိုချစ်မယ်လို့
ယုံကြည်နေမိတုန်းပဲ။ တနေ့ သူနဲ့ အွန်လိုင်းမှာတွေ့တော့
ထူးထူးဆန်းတွေမေးနေတယ်။

  “ အောင် အကိုက အောင့်ကို ပစ်သွားရင် တခြားတစ်ယောက်ရှာမှာလား”

  “  ရှာပါဘူး ဘာလဲ အစ်ကိုက အောင့်ကို လမ်းခွဲမလို့လား”

  “ ဟုတ်ပါဘူး သဘောမေးကြည့်တာ”

  “ တကယ်လို့ အစ်ကိုသေသွားရင် အောင် နောက်တစ်ယောက်ထပ်ရှာနော်”

  “ ဟယ် နမိတ်မရှိ နမာမရှိတွေ ဖွဟဲ လွဲပါစေ ဖယ်ပါစေ”

  “ အလကားစတာပါ”

  “ အောင့်အိမ်က အကိုနဲ့ သဘောတူတယ်တဲ့”

  “  ဟုတ်လား ဘယ်လိုပြောလိုက်တာလဲ”

  “ ဒီလိုပဲ တစ်ချို့ဟာတွေတော့ လိမ်ရတာပေါ့”

  “ အင်းကောင်းပါတယ်”

  “ အောင်ပြန်လာရင် အကိုနဲ့ အောင့်အိမ်ကိုပေးတွေ့မယ်”

  “ အင်း အင်း”

  ကျွန်မတို့ ဆက်ဆံရေးက ၁နှစ်ကျော်ပြီး ၂နှစ်ပြည့်တော့မယ်။
ကျွန်မမွေးနေ့ နှစ်ခါဖြတ်သန်းခဲ့ရတယ်။ နှစ်ခါလုံးမှာ သူက အနီရောင်
ဖက်လုံးလေးတွေပေးတယ်။ ကျွန်မက သူရဲ့ မွေးနေ့ ၃ခါ ဖြတ်သန်းခဲ့ဖူးတယ်။
လူလိုအပ်မယ် ထင်တာလေးတွေ ပိုက်ဆံစုပြီး ဝယ်ပေးဖြစ်တယ်လေ။ အခုလဲ သူက
လိုချင်တယ်ဆိုတဲ့ iphone ဝယ်ပေးဖို့ ပိုက်ဆံစုနေဖြစ်တယ်။ တကယ်တမ်းကျတော့
ကျွန်မတို့က သာယာမှုတွေဖြစ်ခဲ့ကြတာပါ။ ကျွန်မလဲ ညနေပိုင်းမှာ
အချိန်ပိုင်းအလုပ်တွေ လုပ်နေရပြီလေ။ ဒါကြောင့်ပဲ
အွန်လိုင်းပေါ်မှာတောင်တွေ့ဖို့က ခက်ခဲလာတယ်။ ဒီလိုနဲ့ပဲ ကျွန်မ
ကျောင်းပြီးခဲ့ပြီလေ။ ရန်ကုန်ကို ပြန်လာဖို့ ကိစ္စသူ့ကိုပြောပြတယ်။
အချိန်ဆိုတာကလဲ အကုန်လွယ်တာပဲ သူနဲ့ ချစ်သူဖြစ်တာ
နှစ်နှစ်ပြည့်တော့မယ်။

  “ အကို အောင် နောက်တပတ်ထဲ ပြန်လာရမယ် သိလား”

  “ ဟုတ်လား အတော်ပဲ အကိုလဲ အောင့်ကို ပေးစရာရှိနေတာ”

  “ အောင်လဲ အကို့ကို ပေးစရာရှိတယ်”

  “ အောင်နဲ့ အစ်ကို ချစ်သူဖြစ်တာ နှစ်နှစ်ပြည့်တိတိပြည့်တဲ့နေ့မှာ တွေ့ကြမယ်လေ”

  “ အင်း သဘောပဲလေ”

    ကျွန်မ စုထားတဲ့ ပိုက်ဆံလေးနဲ့ ဝယ်ထားတာ့ iphone ရယ် နောက်ပြီး
တန်ဖိုးမကြီးပေမယ့် လှတဲ့ ဆင်တူလက်စွပ်လေး နှစ်ကွင်းရယ်လေ။
သူ့ကိုပေးဖို့ပေါ် ထူးဆန်းတာက ကျွန်မ ဘာပေးမှာလဲဆိုတာကို သူမမေးဘူး။
ကျွန်မက သူဘာပေးမှာလဲမေးတော့လဲ “ အောင့်ကိုပေးရင် သိမှာပါတဲ့”
ဒါလေးပဲပြောတယ် ဘယ်လိုမေးမေး မေးမရဘူးဖြစ်နေတယ်။ သိချင်းစိတ်ကလဲ
မပြောပြမှပဲ ပိုပိုလာတယ်။

   ဒီနေ့ ကျွန်မရန်ကုန်ပြန်ဖို့ လေဆိပ်ဆင်းရတယ်။ စိတ်ထဲမှာ
မိဘတွေနဲ့တွေ့ရမှာရော ကိုထူးမြတ်နဲ့တွေ့ရမှာရော စိတ်တွေက
နှစ်မျိုးစလုံးကြောင့်ပျော်နေရတယ်။ ၁နှစ်ကျော်ကျော်လောက်
ထပ်ပြီးဝေးကွာနေတဲ့ ရန်ကုန်လေဆိပ်ကတော့ အရင်နဲ့ မတူ တမူထူးခြားနေပြီပဲ။
ကျွန်မ ရန်ကုန်ရောက်လာပြီလေ။ ဖုန်းခေါ်ကြည့်တယ် မရဘူး သူဖုန်းမကိုင်ဘူး။
ကိုကြီးရဝေကို မေးကြည့်တော့ သူတို့ နှစ်ယောက် မတွေ့ဖြစ်တာကြာပြီတဲ့။
ကိုကြီးရဝေအတွက် လက်ဆောင်သွားတဲ့နေ့က ကိုကြီးကို ကိုထူးမြတ်နဲ့ ကျွန်မ
မိဘတွေတွေ့ပေးဖို့ စီစဉ်ထားတဲ့ အကြောင်းပြောပြတော့ မျက်နှာပျက်သွားတာ
သတိထားမိတယ်။ ဒါပေမယ့် ဘာမှ မပြောဘူး။ ကြည့်ရတာ တခုခုကို
ဖုံးကွယ်ထားသလိုပဲ။ ဒီလိုနဲ့ တစ်ပတ်လောက်ကြာသွားခဲ့တယ်လေ။ ကျွန်မနဲ့
ကိုထူးမြတ် ချစ်သူဖြစ်တာ နှစ်နှစ်တိတိပြည့်ခါနီး သုံးရက်အလိုမှာ
ကျွန်မမျှော်နေတဲ့ ကိုထူးမြတ်ဆီက ဖုန်းလာတယ် “အောင် အကိုတို့
မနက်ဖြန်တွေ့ကြရအောင်” တဲ့။  “အင်းအင်း” ကျွန်မလဲ ပျော်တော့
အဲ့လိုပဲပြောလိုက်မိတယ်။ သူ ဖုန်းချသွားတယ် ဘာမှမပြောတော့ဘူး။

  အဲ့ဒီ့နေ့က မိုးတွေ ရွာနေတယ်။ သည်းသည်း မည်းမည်းရွာနေတယ်။ တာမွေက
Moon မှာပါ။ ကျွန်မကအရင်ရောက်ပြီး စောင့်နေတယ်။ ၅မိနစ်လောက်နေတော့
ကိုကြီးနဲ့ သူဝင်လာတာ တွေ့လိုက်ရတယ်။ ကိုကြီးမျက်နှာလုံးဝမကောင်းတာက
သိသာနေပါတယ်။ ဘာမှမလဲ မေးတာတောင် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်နေတယ်။
ကိုထူးမြတ်ကပဲ ကော်ဖီ နှစ်ခွက်မှာလိုက်တယ်လေ။ ကျွန်မက လက်ဆောင်ပေးမလို့
လုပ်တုန်း ကိုထူးမြတ်က ဖိတ်စာ စာအိတ်လေး တစ်လုံးထုတ်ပေးတယ်။

 “ ဘာလဲ အကို”

 “ ယူပြီး ကြည့်လိုက်ပါ”

 ကျွန်မဖွင့်ပြီးကြည့်လိုက်တာက………………….

 မယုံနိုင်ချင်စရာပါပဲ……။ သူ့….. မင်္ဂလာဖိတ်စာ……။ ကျွန်မ
နှလုံးသွေးရပ်မလိုဖြစ်သွားခဲ့ပြီ……။

 “ အောင် အကို တောင်းပန်ပါတယ် ဘယ်လိုမှ မတတ်နိုင်တော့လို့ပါ”

 “ အကို့ကို ခွင့်မလွှတ်ပါနဲ့ တခုတော့ပြောပါရစေ အောင့်ကိုချစ်တယ်”

 “ အကိုသွားတော့မယ်နော်”

 “ ဟိတ်ကောင် မင်းသူ့ကို ပြန်ပို့ပေးလိုက်နော်”

 ကျွန်မ ဘာမှ မပြောလိုက်နိုင်ဘူး။ သူထွက်သွားပြီ……။
နောက်လှည့်မကြည့်တော့ဘူး….။ ကျွန်မကို တစ်ချက်လေးတောင် ကြည့်မသွားဘူး….။
စားပွဲပေါ်မှာ ကော်ဖီသုံးခွက်။ လူနှစ်ယောက် ထိုင်နေကြတယ်။ ၁နာရီ…..။
၂နာရီ….။ ၃…. နာရီ ကျွန်မရော ကိုကြီးရော ဘာစကားမပြောပဲ ထိုင်နေကြတယ်။
ကိုကြီးက

 “ ညီမကို တောင်းပန်ပါတယ် အကိုက ညီမနဲ့ သူနဲ့ ချစ်သူဖြစ်နေတာ မသိဘူးလေ။”

 “ အခု သူနဲ့ ယူဖို့ လုပ်ထားတဲ့ကောင်မလေးက သူ ၁၀တန်းကတည်းက
ချစ်သူဖြစ်နေကြတာ၊ LA မှာကျောင်းတက်နေတာ ကြာပြီလေ။ အစ်ကိုထင်တာက ညီမနဲ့
ထူးမြတ်လဲ အစ်ကိုနဲ့ ညီမလို သာမန် သံယောဇဉ်ပဲ ထင်ခဲ့တာပါ။ လွန်ခဲ့တဲ့
၂လလောက်ကမှ သူပြောပြလို့ အစ်ကို သိခဲ့တာ။ ညီမကို အစ်ကိုပြောဖို့
လုပ်သေးတယ်။ သူက သူကိုယ်တိုင် ဖွင့်ပြောမယ်ဆိုလို့ အစ်ကို
ဘာမှမပြောဖြစ်တာပါ။ မေ့လိုက်ပါတော့ ညီမ အိမ်ပြန်ကြရအောင်
အစ်ကိုပြန်ပို့ပေးမယ်”

   ကျွန်မဘာမှမပြောနိုင်တော့ဘူး….။ မျက်ရည်တွေ အလိုလိုစီးကျနေတယ်။
ကိုကြီးက ပိုက်ဆံရှင်းပေးပြီးတာနဲ့ ကျွန်မတို့ ထထွက်လာခဲ့တယ်။
ကားပေါ်ရောက်တော့ ကျွန်မဖိတ်စာကို ကြည့်မိလိုက်တယ်။ ကိုထူးမြတ်တို့
မင်္ဂလာဆောင်က သဘက်ခါပါလား။ ကျွန်မတို့ နှစ်နှစ်တိတိပြည့်တဲ့ ရက်ပဲ။ ကျွန်မ
ငိုနေပြီ။ ရပ်လို့မရတော့ဘူး…..။  ကိုကြီးက ကားကို
လှိုင်ဘက်မောင်းသွားပြီး ကားရပ်ပြီး ထိုင်ကြည့်နေတယ်။ ကိုကြီးက
ကျွန်မကို တစ်ခွန်းပဲပြောလိုက်တယ်။

 “ ညီမ အိမ်မက်က နိုးပါတော့…………….”